သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူတို့နိုင်ငံသားတွေ ရခိုင်မြောက်ပိုင်း မသွားဖို့ စင်္ကာပူ သတိပေး


မြန်မာ တပ်မတော်နဲ့ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသ တစ်ချို့ကို စင်္ကာပူနိုင်ငံသားတွေ ခရီးမသွားကြဖို့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက အကြံပြု နှိုးဆော်ထားပါတယ်။

ခရီးသွားလာမှု ရှောင်ရှားဖို့ အကြံပြုထားတဲ့ နယ်မြေတွေထဲမှာ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်းတော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း နဲ့ ရသေ့တောင်တို့ ပါဝင်ပါတယ်။

လုံခြုံရေး အခြေအနေ မတည်ငြိမ်ဘဲ အချိန်မရွေး ဆိုးရွားသွားနိုင်တာကြောင့် စင်္ကာပူနိုင်ငံသားတွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း တစ်ခြားဒေသတွေကိုလည်း မလိုအပ်ဘဲ မသွားပါနဲ့လို့လည်း အကြံပေးထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ စင်္ကာပူသားတွေနဲ့ မြန်မာနိုင်ငံကို ခရီးသွားမယ့် စင်္ကာပူသားတွေအနေနဲ့ ဘေးကင်း လုံခြုံ ဖို့အတွက် သတိ ဝီရိယထားပြီး ကြိုတင် ပြင်ဆင်မှုတွေ ရှိကြဖို့နဲ့ ဒေသဆိုင်ရာသတင်းတွေကို အဆက်မပြတ် နားစွင့်ပြီး ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ အကြံပေးထားတဲ့ ဇူလိုင် ၁ ရက်နေ့ ရက်စွဲပါ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို The Strait Times သတင်းစာက ဒီနေ့ ရက်စွဲနဲ့ ထပ်မံ ဖော်ပြခဲ့တာပါ။

ဒီ အပတ်ထဲ AA ရခိုင် လက်နက်ကိုင်တပ်နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး စင်္ကာပူမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား အချို့ကို စင်္ကာပူအစိုးရက မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့ အပြီးမှာ စင်္ကာပူထုတ် The Strait Times က ဒီ သတင်းကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူနဲ့ ဆက်စပ်ပြီး နောက်ထပ် သတင်း တခုကတော့ ဒီ တစ်ပတ်ထဲ မြန်မာနဲ့ စင်္ကာပူရေတပ်တို့အကြား ပထမဆုံးအကြိမ် စစ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။

စင်္ကာပူက RSS Valiant နဲ့ RSS Valour စစ်ရေယာဉ် နှစ် စင်း ရန်ကုန်ကို သွားပြီး မြန်မာ ရေတပ်က ကျန်စစ်သား အမျိုးအစား ဖရီးဂိတ် ရေယာဉ် တစ်စီးနဲ့အတူ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တာပါ။

နှစ် နိုင်ငံအကြား ခိုင်မာတဲ့ စစ်ရေးဆက်ဆံရေး တည်ဆောက်တာနဲ့ ဒေသတွင်း နိုင်ငံတွေအကြား လက်တွေ့ကျတဲ့ ပူးတွဲ စစ်ဆင်ရေးတွေ လုပ်နိုင်ဖို့ ဒီလို အပြန်အလှန် စေလွှတ်တဲ့ကိစ္စဟာ အရေးပါတယ်လို့ စင်္ကာပူရေတပ်ရဲ့ တရားဝင် လူမှု မီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG