သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ရေတက်မှုကြောင့် ကရင်နဲ့တနင်္သာရီမှာ ရေကြီး


ကရင်ပြည်နယ်အတွင်း ရေကြီး (MOI)
ကရင်ပြည်နယ်အတွင်း ရေကြီး (MOI)

ကရင်ပြည်နယ်အတွင်းသံလွင်မြစ်ရေတိုးလာမှုနဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းတနင်္သာရီမြစ်ရေ တိုးလာမှု ကြောင့် ဒေသအတွင်းမှာရေကြီးမှုတွေဖြစ်ပွါးနေတာပါ။ ဒေသအတွင်းရေဘေးဒုက္ခသည်တွေတိုးပွါးလာနေသလို စိုက်ပျိုးလယ်မြေတွေပျက်စီးမှုတွေလဲရှိနေပါတယ်။ ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေတိုးလာမှုကြောင့် ဒုတိယအကြိမ်ရေကြီးရေလျှံမှုတွေဖြစ်ပွါးလာနေတာပါ။

အထူးသဖြင့်ကရင်ပြည်နယ် ဖါးအံမြို့နယ်နဲ့လှိုင်းပွဲမြို့နယ်တွေမှာ ရေကြီးမှုတွေဖြစ်ပွါးမှုများတယ်လို့ ရေဘေး ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ စောခွါ့လောက်က အခုလိုပြောပါတယ်။

'သံလွင်မြစ်က စိုးရိမ်အမှတ်ထက်အများကြီးကျော်တယ်လေ။ ရေကအခုနောက်ထပ်တဖန်ပြန်ကြီးပြန်ပြီး။ လှိုင်းပွဲ တို့ ဖါးအံတို့အမှတ်(၄)တို့ ကမ်းနားတလျောက်တို့ အဲဒီလိုမျိုး ကရင်ပြည်နယ်အကုန်လုံး အရင်ကရှိတဲ့ဟာလိုမျိုး အခုပြန်ဖြစ်တယ်လ။ အခုရေပြန်ထကြီးလာပြန်တယ်အဲဒီလိုမျိုး။"

သံလွင်မြစ်ရေကလဲမကြုံစဘူးရေတိုးလာသလို မိုးဆက်တိုက်ရွာသွန်းခဲ့လို့ ရေကြီးပြီး စပါးစိုက်ခင်းတွေကလဲ ဒုတိယအကြိမ်ပျက်စီးခဲ့တယ်လို့ စောခွါ့လောက်က အခုလိုဆက်ပြောပါတယ်။

"ကျွန်တော်တို့ကရင်ပြည်နယ်အတွက်ကျတော့ တော်တော်လေး ဒီနှစ်ဟာဆိုးဆိုးဝါးဝါးဖြစ်တယ်။ လယ်ဧကတွေ တော်တော်များများဆုံးရှုံးတယ်။ လယ်မြေဧကကတော့(၈၀၀၀)နဲ့တသောင်းကြားမှာရှိတယ်ဆုံးရှုံးမှုက ဧကပေါင်း။ တချို့ကတကြိမ်လုပ်မြုတ်ပြီးတော့ချက်ချင်းမျိုးပြန်ထောင်ပြီးတော့ပြန်စိုက်တာပေါ့။ အခုတဖန်ပြန်မြုတ်ပြန်ပြီး အဲဒီ လိုမျိုး။ ဆုံးရှုံးတာတော့တော်တော်ဆုံးရှုံးနေပြီး။"

ကရင်ပြည်နယ်အတွင်းရေကြီးမှုကြောင့် ရေဘေးတိမ်းရှောင်နေရတဲ့ဒုက္ခသည်တွေရဲ့အခြေအနေကိုတော့ ပြည်နယ်သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းကအခုလိုပြောပါတယ်။

"ရေက ဒီကနေ့နေ့လယ်ပိုင်းတနာရီခွဲတိုင်းတာချက်အရ ရေအမြင့်ဆုံး(၉၂၀)စင်တီမိတာဖြစ်နေတယ်။ ရေပြန်ကြီး တာပေါ့။ ဘားအံမြို့ပေါ်မှာရေဘေးသင့်ပြည်သူများအတွက် စခမ်းပထမဦးဆုံးဖွင့်ထားတာ(၆)ခုဘဲကျန်တော့တာ။ အခုက(၁၁)ခုပြန်ဖြစ်နေတယ်။ အဲဒီ(၁၁)ထဲမှာ လူဦးရေ(၈၂၁၄)ဦး ဒီကနေ့အထိပေါ့လေ။ ဝင်တော့ဝင်နေပြီးသား။ ကရင်ပြည်နယ်မှာ တပြည်နယ်လုံးမှာရှိတဲ့ ရေဘေးသင့်လူဦးရေက(၄၈၄၃၇)ဦးလောက်ရှိတယ်။"

ကရင်ပြည်နယ်အတွင်း ဘားအံ လှိုင်းပွဲ ဖါးပွန် ကော့ကရိတ် ကြာအင်းဆိပ်ကြီးစတဲ့မြို့နယ်တွေမှာ ရေကြီးမှုတွေ ဖြစ်ပွါးနေတယ်လို့ဝန်ကြီးကဆိုပါတယ်။

ရေကြီးမှုကြောင့် ဘားအံနဲ့မော်လမြိုင် ရန်ကုန်နဲ့ဘားအံကားလမ်းမှာရေလွှမ်းနေတာကြောင့် ကားငယ်တွေသွား လာရေး ခက်ခဲနေပါတယ်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့အတွင်းမှာ မြို့ပတ်တာတမံရေတံခါးကို သြဂုတ် ၂၀ ရက် က ဖွင့်ချခဲ့လို့ရေထပ်မံတိုးလာတဲ့အတွက် ရပ်ကွက်က လူနေအိမ်တွေကိုပြောင်းရွှေ့နေရပါတယ်။

မြစ်ရေမြင့်တက်လာပြီး တာကျိုးနိုင်မဲ့အန္တရာယ်ကြောင့် တနင်္သာရီမြို့ပတ်တာတမံရေတံခါးကို ဖွင့်ချခဲ့ရတယ်လို့ ဒေသခံတဦးဖြစ်တဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကပြောပါတယ်။

"အဓိကကျွန်တော်တို့မြို့ကိုတာပတ်ထားတယ်။ အဲဒီတာကိုအပြင်ကရေကျော်တော့မှာ။ ပြင်ပမြစ်ထဲကရေကျော် တော့မှာ။ တာကြီးကလဲကြံ့ခိုင်ရေးမကောင်းတော့ဘူး။ အဲဒီတာကြီးကိုရေကြောဖြိုလိုက်မှာစိုးလို့ ကျွန်တော်တို့က ရေတံခါးဖွင့်ပြီးတော့တဖြည်းဖြည်းနဲ့မြို့ထဲရေသွင်းတဲ့ပုံစံလုပ်တာပါဗျ။ လောလောဆယ်ရေက(၂၇)ပေနဲ့(၃) လက် မ ခင်ဗျ။ အဲဒီအတိုင်းတန့်နေတယ်။"

ရေတံခါးဖွင့်ချခဲ့လို့ မြို့ထဲမှာရေ ၂ လက်မကျော်ထပ်တိုး လာပေမဲ့အန္တရာယ်မရှိနိုင်သလို အဆိုပါတာဟာလဲ ရှေးဟောင်းတာဖြစ်နေလို့ ကြံ့ခိုင်ရေးအားနဲလို့ရေဖွင့်ချခဲ့တယ်လို့သူကဆိုပါတယ်။

တနင်္သာရီမြို့ဟာ၂ လနီးပါးကြာအောင် ရေဘေးဒုက္ခခံစားနေရပါတယ်။ လက်ရှိတနင်္သာရီမြို့နယ်အတွင်းရေဘေးဒုက္ခသင့်နေတဲ့အခြေအနေကိုတော့ ဦးရဲမြင့်ဆွေကအခုလိုဆက် ပြော ပါတယ်။

"ခုလောလောဆယ် ရေကြီးနစ်မြုတ်မှုဖြစ်စေကြောင့်ရေဘေးသင့်ပြည်သူဦးရေက (၂၄၁၉၈)ဦးဖြစ်ပါတယ်။ အဲဒီထဲ ကမှ ပြောင်းရွှေ့ရတဲ့လူဦးရေက(၆၇၆၂)ဦးဖြစ်ပါတယ်ခင်ဗျ။ ကယ်ဆယ်ရေးစခမ်း(၉)ခုဖွင့်ထားပါတယ်ခင်ဗျ။ မြို့ပေါ်မှာ(၃)ခုနယ်တွေမှာ(၆)ခုဖြစ်ပါတယ်ဗျ။ ကျောင်းကတော့ပိတ်ထားတယ်ဗျ။"

ရေကြီးရေလျံှမှုဖြစ်ပွါးခဲ့လို့ရွာပေါင်း(၃၀)ကျော်ရေကြီးခဲ့သလို ကျောင်းပေါင်း(၄၀)ခန့်ပိတ်ထားရတယ်လို့ဒေသ ခံ တွေကပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ(၂၆)ရက်နေ့ကစပြီး မြန်မာနိုင်ငံအတွင်းတိုင်းနဲ့ပြည်နယ်(၅)ခုမှာ မိုးသဲထန်စွာရွာသွန်းပြီး ရေကြီးမှု တွေဖြစ်ပွါးခဲ့တာပါ။

ဒီရေကြီးရေလျှံမှုအတွင်း လူဦးရေ(၁၄၇၀၀၀)ကျော် ရေဘေးသင့်ခဲ့ပြီး (၁၂)ဦးသေဆုံးခဲ့တယ်လို့ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ သတင်းထုတ်ပြန် ထားပါတယ်။

ရေကြီးရေလျှံမှုကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ လယ်ယာစိုက်ခင်း ဧက(၇)သိန်းကျော် ရေမြုပ်ခဲ့ပြီး ဧက (၃)သိန်းကျော်ပျက်စီးမှုရှိနေတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနတာဝန်ရှိသူတွေကပြော ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG