သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတောင်ပိုင်းရေဘေး သေဆုံးသူ ၃၅၀ ကျော်၊ အိုးအိမ်မဲ့ ၈၀၀,၀၀၀ ကျော်


အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးရသူပေါင်း ၃၅၀ ကျော်သွားပြီဖြစ်ပြီး ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေး လုပ်သား တွေကတော့ တနင်္ဂနွေနေ့မှာလည်း အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။

နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ လှပတဲ့ ဒီကမ်းရိုးတန်းဒေသ မှာရှိတဲ့ မြစ်ချောင်းတွေ၊ ရေလှောင်ကန်တွေ၊ ဆည်မြောင်းတာတမံတွေ ဟာ ရေလျှံနေပြီး မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတွေ အိမ်တွေပါ ရေစီးနဲ့ မျောပါပျက်စီးကုန်တာ ဖြစ်ပါတယ်။

အိုးမဲအိမ်မဲ့ဖြစ်ကုန်တဲ့ လူပေါင်း ၈၀၀,၀၀၀ ကျော်ဟာ အခုခါမှာ ပြည်နယ်တလွှားက ကယ်ဆယ်ရေးစခန်းတွေမှာ နေနေကြရပြီး ရေဘေးနဲ့ အတူတွဲ တွေ့ရလေ့ရှိတဲ့ ရောဂါတွေ ဖြစ်လာမှာကို စိုးရိမ်နေရပါတယ်။

ဝေးလံခေါင်ဖျား ဒေသတွေနဲ့ ရေကြီးလို့ ခေါင်မိုးတွေပေါ်မှာ တက်နေရတဲ့ လူတွေ အတွက် စိတ်ပျက်စရာသတင်းတွေ အဆက်မပြတ် ကြားနေရသလို သဘာဝဒဏ်ခံရတဲ့ ပမာဏ ပိုကြီးမားကျယ်ပြန့်လာတာနဲ့ အမျှ ကယ်ဆယ်ကူညီမှု အကူအညီတွေ တိုးမြှင့်ပေးဖို့ လုပ်နေတာပါ။

တချို့ကျေးရွာတွေမှာ ရေက ၁၀ ပေလောက်အထိ မြင့်တက်နေတာမို့ အိမ်တွေထဲမှာပါ ရေတွေ ပြည့်နေပါတယ်။ တရွာလုံး ရေမြုပ်နေတဲ့ ရွာတွေပါ ရှိနေတာမို့ အသေအပျောက်စာရင်း ပိုတိုးလာမှာကို ကယ်ဆယ်သူတွေက စိုးရိမ်နေကြတာပါ။

မိုးဟာ တနင်္လာနေ့မှာလည်း ဆက်လက်ရွာသွန်းနိုင်တယ်လို့ မိုးလေဝဿပညာရှင်တွေက ခန့်မှန်းထားပါတယ်။

လူပေါင်း ၃၃ သန်းလောက်နေထိုင်တဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ရေဘေးဒဏ်ကို အဆိုးဆုံး ခံနေကြရတာပါ။ မီးမရဘဲ လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေသလို အခြေခံ အဆောက်အအုံတွေ အကြီးအကျယ် ထိခိုက်မှုရှိနေပြီး Kochi နိုင်ငံတကာ လေဆိပ်ကိုပါ ပိတ်ထားရပါတယ်။

Kerala ပြည်နယ်ရဲ့ ပျက်စီးဆုံးရှုံးမှုဟာ ဒေါ်လာ ဘီလီယမ်ပေါင်းများစွာ ရှိနိုင်ပြီး အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကတော့ ဒီအချိန်မျိုးမှာ အိန္ဒိယ တနိုင်ငံလုံး Kerala ဒေသခံတွေနဲ့ အတူ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ပန်ကြားခဲ့ပြီး ကယ်ဆယ် ကူညီရေးတွေ တိုးမြှင့်မယ်လို့ ကတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG