သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးပြင်းထန်ပြီး မြစ်ရေလျှံဒေသများ ကယ်ဆယ်ရေး အသင့်ပြင်ထား


 ကျောက်ကြီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးဒုက္ခသည်များအတွက် ကူညီရေးပစ္စည်းများ ယူဆောင်လာစဉ် (ဓါတ်ပုံ- Myanmar Fire Services Department)
ကျောက်ကြီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးဒုက္ခသည်များအတွက် ကူညီရေးပစ္စည်းများ ယူဆောင်လာစဉ် (ဓါတ်ပုံ- Myanmar Fire Services Department)

မြန်မာနိုင်ငံအနှံ့အပြားမှာ ဒီရက်ပိုင်းတွေအတွင်း မိုးအပြင်းအထန်ရွာသွန်းပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေတဲ့အတွက် ရေကြီးရေလျှံတာတွေ ရှိနေပါတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရသလို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အသင့်ပြင်ထားတယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။

ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းကနေတဆင့် မုန်တိုင်းငယ်ဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံအနှံ့အပြားမှာ အပြင်းအထန် မိုးရွာနေတာပါ။ အဲဒီလို မိုးရွာတာကြောင့် စစ်တောင်းမြစ် ရွှေကျင်မြစ် သံလွင်မြစ်တို့ဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပါတယ်။

မြစ်ရေအခြေအနေနဲ့ ပတ်သက်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက အခုလိုပြောပါတယ်။

"ဒီရက်ပိုင်းတွေမှာတော့ မိုးကတော့ များနေတာပေါ့။ မနှစ်ကတော့ သူကတော့ စံချိန်ကျိုးခဲ့တာပေါ့နော်။ စံချိန်ကျိုးခဲ့တဲ့ အနေအထားမျိုးတွေရှိတယ်။ ဒီနှစ်မှာတော့ မိုးများနေတာ။ မိုးက နောက် ၂ ရက် ၃ ရက် ဆက်ပြီး အားကောင်းဦးမယ့် အနေအထားမျိုးရှိတဲ့အချိန်ကျတော့ နောက်လိုက်လာမယ့် မိုးအနေအထားအပေါ်မှာတော့ နည်းနည်းလေး မူတည်တဲ့အနေအထားမျိုးလေးရှိတယ်။ စိုးရိမ်ရေအမှတ်ကျော်နေတဲ့အတွက်ကြောင့်မို့လို့ စိုးရိမ်စရာတော့ရှိတာပေါ့နော်။"

မြစ်တချို့စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ရေကြီးရေလျံတာတွေ ဖြစ်ပေါ်နေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့တွေ အသင့်စုဖွဲ့ပြီး ကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

"နှစ်စဉ်ဖြစ်နေကျနေရာတွေပေါ့။ ကရင်ပြည်နယ် မွန်ပြည်နယ်ဘက်ပေါ့။ နှစ်စဉ်ဖြစ်နေကျနေရာတွေမှာ ကြိုပြီးတော့ ဒီရာသီဆို ဖြစ်တတ်တဲ့နေရာတွေမှာ ကြိုပြီးတော့ လူတွေစုဖွဲ့ထားတာရှိပါတယ်။ သင်တန်းတွေ ပေးတာ။ မြို့နယ်စခန်းတွေမှာ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေ ဖွဲ့ထားတယ်။ ၃၅ ယောက် မြို့နယ်ဆို ၃၅ ယောက် တိုင်းတွေဆို တပ်ခွဲတခွဲစာပေါ့။ ၁၁၅ ယောက် ကျွန်တော်တို့က ကယ်ဆယ်ရေးလှေတွေ ဘုတ်တွေ ဘတ်ဂျက်နဲ့ ဝယ်ဖြည့်ထားတာရှိတယ်။ လှူဒါန်းထားတဲ့ ဘုတ်တွေရှိပါတယ်ခင်ဗျ။ အဲ့ဒါတွေကို ရေကြီးနိုင်တဲ့ နေရာတွေမှာ ကြိုပြီး စုဖွဲ့ထားတာပေါ့။"

လက်ရှိအချိန်မှာတော့ ပဲခူးတိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရေကြီးရေလျံတာတွေ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့မှာတော့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်ရောက်နေလို့ ကယ်ဆယ်ရေး စခန်း ၁၉ ခု ဖွင့်လှစ်ထားရပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့အခြေအနေနဲ့ ပတ်သက်လို့ အရေးပေါ် ကွပ်ကဲရေးရုံးက ဒုတိယဦးစီးမှူး ဒေါ်အေးအေးရီက ရှင်းပြပါတယ်။

"ရေဘေးဒုက္ခကတော့ ကျွန်မတို့ မနက်ပိုင်းတင်လိုက်တဲ့စာရင်းက ၁၈၈၃ ဦးပေါ့။ ညနေပိုင်းတော့ စာရင်းချုပ်လို့ မရသေးဘူး။ လုပ်တော့ လုပ်နေတုန်းပဲ။ မြို့ထဲမှာလည်း အနိမ့်ပိုင်း ရပ်ကွက်တွေ ဝင်နေတယ်။ ပြီးတော့ ကမ်းနား နီးတဲ့နေရာတွေကောပေါ့။ ရေကဘယ်အချိန်လောက်စတက်လည်းဆိုရင် မနေ့ကတည်းကပေ့ါနော်။ သူ့ဟာနဲ့သူ ပုံမှန်လေး ၂ စင်တီမီတာ ၃ စင်တီမီတာ တရိပ်ရိပ် တက်လာတာပေါ့။ မိုးက အဆက်မပြတ်ရွာ နေတဲ့ အတွက်ပေါ့။ မြို့ပေါ်မှာ ဘုန်းကြီးကျောင်း ကယ်ဆယ်ရေး စခန်းတွေ ဖွင့်ထားတာရှိတယ်။ အများဆုံးတော့ ဘုန်းကြီးကျောင်းပေါ့။ ဘုန်းကြီးကျောင်းမှာရယ် စာသင်ကျောင်းမှာရယ် ကယ်ဆယ်ရေး စခန်း ဖွင့်ထားရတယ်။ ကယ်ဆယ်ရေး စခန်းမှာဆိုရင် ကျွန်မတို့ ဌာနဆိုင်ရာတွေကို တာဝန်ပေးထားတာပေါ့။"

မြစ်ရေကြီးတဲ့အခြေအနေနဲ့ မိုးလေဝသ သတင်းတွေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးနေပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း အရေးပေါ် ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG