သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးမှုကြောင့် လယ်မြေဧက ၇သိန်းကျော်ရေမြုပ်ပြီး ၃သိန်းကျော်ပျက်စီး


ညောင်လေးပင်ရေကြီးမှုကြောင့် လယ်ယာများပျက်စီးနေ (MOI)
ညောင်လေးပင်ရေကြီးမှုကြောင့် လယ်ယာများပျက်စီးနေ (MOI)

မြန်မာနိုင်ငံတဝှမ်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုဖြစ်ပွါးခဲ့လို့ သိန်းနဲ့ချီတဲ့ဒေသခံတွေ ရေဘေးသင့်ခဲ့သလို လယ်ယာစပါးစိုက်ခင်းအများအပြား ရေနစ်မြုပ်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါတယ်။ လတ်တလောစာရင်းအရ ဧက(၇) သိန်းကျော် ရေမြုပ်ခဲ့ပြီး ဧက(၃)သိန်းကျော် ပျက်စီးမှုရှိနေတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဌာနတာဝန်ရှိသူတွေကပြောပါတယ်။ မိုးရွာသွန်းမှုကြောင့်ဆည်ကျိုးကျမဲ့အန္တရာယ်မရှိဘူးလို့လဲဆိုပါတယ်။ ရေဘေးသင့် ဒေသတော်တော်များများမှာ မိုးရွာနေဆဲဖြစ်ပြီး ရေဘေးဒုက္ခသည်တွေ အိမ်မပြန်နိုင် သေးတဲ့အခြေအနေ မှာ ရှိနေပါတယ်။ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က စုစည်း သတင်း ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဒေသအနှံ့အပြား မိုးသည်းထန်စွာရွာပြီးရေကြီးခဲ့လို့ လယ်ယာစိုက်ခင်းအများအပြားရေနစ်မြုပ်ပျက်စီးခဲ့ တာပါ။

နိုင်ငံတဝှမ်း လယ်ယာစပါးစိုက်ခင်းတွေ ရေနစ်မြုပ် ပျက်စီးမှုနဲ့ပက်သက်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက အခုလိုပြောပါတယ်။

"(၇)သိန်းကျော်ရေမြုပ်တယ်။ (၆)သိန်းကျော်ပြန်ပေါ်တယ်။ (၃)သိန်းကျော်ပျက်စီးတယ်။ ပြန်စိုက်တာက မိုးစပါး(၆)သောင်းကျော်စိုက်တယ်။ တပြည်လုံးအတိုင်းအတာပါ။ အဲဒီအထဲမှာ နှမ်းဧရိယာပျက်တာက (၂)သိန်း ကျော်ပါတယ်။ မိုးစပါးက(၁)သိန်းကျော်ပါတယ်။ ကျန်တာတွေကတော့တခြားသီးနှံပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ကတော့ မိုးစပါးစိုက်တဲ့ တောင် သူ တွေကို မျိုးစပါးထောက်ပံ့ဖို့ရှိပါတယ်။ နောက်ထွန်လယ်ရေးလိုအပ်ရင်လဲ စက်မှုလယ်ယာထွန်စက်တွေနဲ့ ကူညီပေးဖို့ရှိ ပါတယ်။"

ဇူလိုင် ၂၇ ရက်နောက်ပိုင်း တိုင်းနဲ့ပြည်နယ်အသီးသီးက ရေလွမ်းမိုးမှုကြောင့် ပျက်စီး ဆုံးရှုံးသွားတဲ့ လယ်ယာမြေစာရင်းတွေကို ကောက်ခံနေဆဲလို့လည်း သူကဆိုပါတယ်။

ရေကြီးမှုကြောင့်မြန်မာနိုင်ငံအနံှ့ကဆည်တွေကလဲ ရေမြင့်တက်လာတာရှိသလိုရေကျော်လာတာရှိနေတာကြောင့် ဆည်တမံကျိုးကျလာမှာကို ဒေသခံတွေစိုးရိမ်မှုတွေဖြစ်ပေါ်နေတာပါ။

လက်ရှိဆည်တွေရဲ့အခြေအနေကို အမြဲတမ်းစောင့်ကြည့်နေတာဖြစ်ပြီး စိုးရိမ်စရာမလိုဘူးလို့ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက အခုလိုပြောပါတယ်။

"အန္တရာယ်မရှိပါဘူးခင်ဗျ။ ကျွန်တော်တို့အခုဆည်တွေရှိတဲ့အထဲမှာ ရေကျော်နေတဲ့ဟာက ဆည်ပေါင်း(၃၆)ခုရှိတယ်။ အဲဒီကျော်တဲ့ပမာဏလေးတွေကအမြင့်ဆုံးမှ သူက(၃)ပေလောက်ဘဲရှိတယ်။ ဆည်တွေအတွက်က အန္တရာယ် မရှိပါဘူး။ကျွန်တော်တို့ဆည်မြောင်းဝန်ထမ်းတွေကလဲ ရေအမှတ်တွေနေ့စဉ်တိုင်းတာတယ်။ ကျွန်တော်တို့ ဝန်ကြီးရုံးကိုအခြေအနေတွေတင်ပြတယ်။ အမြဲတမ်းမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။"

ဇူလိုင်လ(၂၆)ရက်နေ့ကစပြီးကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း တနင်္သာရီတိုင်းဒေသကြီးတွေမှာ မိုးရွာသွန်း မှုရေကြီးရေလျှံမှုတွေဖြစ်ပွါးမှုအတွင်းမွန်ပြည်နယ်သထုံခရိုင်ဘက်မှာ စိုက်ခင်းဧက(၄၀၀၀၀)ခန့် ရေနစ်မြုပ်ခဲ့တယ် လို့ သထုံခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဝင်းအောင်ဖြိုးက ပြောပါတယ်။

"လေးသောင်းကျော်လောက်ရှိပါမယ်။ အခုကျွန်တော်တို့စာရင်းလိုက်ကောက်တုန်းဘဲ။ ကျိုက်ထိုတို့ဘာတို့ဆိုပြန် ပေါ်ပြီး။ သထုံတို့ပေါ့နော်။ ဘီလင်းဘက်ကတော့ တချို့တဝက်လောက်ဘဲပေါ်တယ်။ အကုန်လုံးနီးပါးတော့ မပေါ် သေးဘူး။"

ကရင်ပြည်နယ် ဖါးအံမြို့နယ်ကလယ်သမားစောကျော်အေးကတော့ လယ်ယာစပါးစိုက်ခင်းတွေ ရေနစ်မြုပ်နေ ဆဲလို့ဆိုပါတယ်။

"စိုက်ပျိုးမြေတွေကတော့ လယ်တွေဘာတွေကတော့ ကုန်းပိုင်းလယ်တွေတောင်မှပေါ့နော် ရေမြုပ်သေးတယ်ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့နော်။ သေတာပေါ့။ ထိခိုက်မှုကတော့အကယ်၍ ဆက်ရွာနေမယ်ဆိုတော့ ပြန်စိုက်ဖို့တော့ အခက်ခဲဖြစ်တာပေါ့။"

ပဲခူးတိုင်းဒေသကြီးမှာ လယ်ယာမြေဧကလေးသောင်းကျော်ရေမြုပ်နေဆဲလို့ ပဲခူးတိုင်းဒေသကြီး စီမံ ဘဏ္ဍာဝန်ကြီး ဦးညွန့်ရွှေကအခုလိုပြောပါတယ်။

"လယ်ကလောလောဆယ် ဧကလေးသောင်းလောက်ရေမြုပ်နေတယ်။ ပျက်စီးမှုကတော့ အဲတာကရေကျ သွားမှသိမှာပေါ့နော်။"

ဇူလိုင်လ(၂၆)ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှု တောင်ကျရေအလုံးအရင်းစီးဆင်းမှု ပင်လယ်ရေလှိုင်း မြင့်တက်လာမှုတို့ကြောင့် တိုင်းနဲ့ပြည်နယ်(၅)ခုမှာ ရေကြီးမှုဖြစ်ပွါးလာနေခဲ့တာပါ။

လက်ရှိ ရေဘေးဒဏ်အဆိုးဝါးဆုံးခံနေရတဲ့ ပဲခူးတိုင်းဒေသကြီးမှာရေကြီးနေဆဲဖြစ်ပြီး ရေဘေးသင့်သူတွေရဲ့ နောက်ဆုံးအခြေအနေကို တိုင်းအစိုးရ စီမံ ဘဏ္ဍာဝန်ကြီးဦးညွန့်ရွှေကအခုလိုပြောပါတယ်။

"နောက်ဆုံးအခြေအနေကမနေ့ကညနေထိ အိမ်ခြေပေါင်း(၁၂၁၆၉) အိမ်ထောင်စုပေါင်း(၂၂၂၂၆) လူဦးရေ (၁၀၂၈၀၉) ဦး။ စခမ်း(၂၀၄)ခုဖွင့်ထားတယ်နော်။ စားသောက်နေထိုင်ရေးကနှစ်မျိုးရှိတယ်။ ဒေတနာရှင်များက တိုက်ရိုက်သွားလှူတဲ့အစီအစဉ်ရှိတယ်။ တိုင်းဒေသကြီးကယ်ဆယ်ရေးပေါ့။ တိုင်းဒေသကြီးကွပ်ကဲရေး ရုံးအဖွဲ့ ကနေပြီးမှ ဆန်တွေ ဆီတွေ ခေါက်ဆွဲတွေပေးနေတယ်။ လူဦးရေအလိုက်ခွဲတန်းပေးနေတယ်ပေါ့နော်။"

ကရင်ပြည်နယ်အတွင်းမှာလဲ မိုးဆက်လက်ရွာသွန်းနေလို့ ရေတွေကြီးနေဆဲအခြေအနေမှာရှိနေတယ်လို့ ဖါးအံမြို့ က ရေဘေးကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် စောခွါ့လောက်ကဆိုပါတယ်။

"အခုထက်ထိမကျဘူးရေက စိုးရိမ်အမှတ်မှာရှိနေသေးတယ်။ ကရင်ပြည်နယ်ရေဟာ။ သိပ်အများကြီးမကျသေးဘူး။ ဟိုရေဘေးဒုက္ခသည်တွေကတော့ သွားနေတုန်းပါဘဲ။ ကယ်နေတုန်းဘဲပေါ့။ ကျွန်တော်တို့ကရင်ပြည်နယ်မှာ အများ ဆုံးဘဲဒီနှစ်မှာ တော်တော်လေးအခြေအနေဆိုးတယ်ကရင်ပြည်နယ်။ ဖါးအံရော မြဝတီရော ဖါပွန်ရော ရွှေဂွန်းရော အဲဒီမှာအကုန်လုံး ရေဘေးသင့်ဒုက္ခသည်တွေ ဒီမှာအခုထက်ထိဒုက္ခရောက်တုန်းဘဲ။"

ကရင်ပြည်နယ်က ဖါးအံ မြဝတီ ကော့ကရိတ် ဖါးပွန် ကြာအင်းဆိပ်ကြီး လှိုင်းဘွဲစတဲ့မြို့တွေမှာ ရေဘေးစခမ်း(၆၄)ခု ဖွင့်ထားပြီး လူဦးရေနှစ်သောင်းကျော်ရေဘေးကယ်ဆယ်ရေးစခမ်းမှာခိုလှုံနေရပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ရေကျလာပြီးဖြစ်လို့ ဘီလင်းမြို့ရေဘေးကယ်ဆယ်ရေးစခမ်းမှာရှိတဲ့ရေဘေးသင့်သူတွေ အများစုဟာ နေအိမ်ကိုပြန်နေကြပြီးဖြစ်သလို ကျိုက်မရောမြို့နယ်ဘက်မှာတော့ ရေဘေးသင့်ပြည်သူတထောင် ကျော်ရှိနေတယ်လို့ ဒေသခံအကူညီပေးရေးအဖွဲ့တာဝန်ရှိသူတွေကဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီမြို့မှာတော့ မိုးရွာနေဆဲရေကြီးနေဆဲအခြေအနေကြောင့် ရေဘေးဒုက္ခသည် နှစ်သောင်းခန့်ဟာ နေအိမ်ကိုမပြန်နိုင်သေးပါဘူး။

ဇူလိုင်လ(၂၆)ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်နဲ့တိုင်း(၅)ခုအတွင်း ရေကြီးမှုဖြစ် ပွါးခဲ့သလိုမြေပြိုမှုတွေလဲဖြစ်ပွါးခဲ့ပါတယ်။ ဒီရေကြီးရေလျှံမှုအတွင်း လူဦးရေ(၁၄၇၀၀၀)ကျော်ရေဘေးသင့်ခဲ့ပြီး (၁၂)ဦးသေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေသတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG