သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသအချို့ရေကျပေမယ့် ဒုက္ခသည် အများစု ခိုလှုံနေရဆဲ


ဘားအံရေဘေးသင့်ပြည်သူများ။ (MOI)
ဘားအံရေဘေးသင့်ပြည်သူများ။ (MOI)

မြန်မာနိုင်ငံတဝှမ်း ရေကြီး ရေလျှံမှုတွေဖြစ်နေရာမှာ ပဲခူးတိုင်းက အဆိုးဆုံးဖြစ်နေပြီး၊ ပဲခူးတိုင်းအတွင်း မှာ ရေဘေးကယ်ဆယ်ရေးစခန်း နှစ်ရာကျော် ဖွင့်လှစ်ထားရပါတယ်။ မွန်ပြည်နယ်မှာ ရေပြန်ကျသွားပြီဆိုပေမယ့် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသ အချို့မှာ မြစ်ရေတိုးဆဲ အခြေအနေရှိနေတုန်းပါ ။ မြန်မာနိုင်ငံတဝှမ်း ရေကြီး ရေလျှံမှု နောက်ဆုံးအခြေအနေတွေ ကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က စုစည်း သတင်းပေးပို့ ထားပါတယ်။

ဇူလိုင်လ(၂၆)ရက်နေ့ကစပြီး မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ပြည်နယ်(၅)ခုမှာ မိုးသည်း ထန်စွာ ရွာသွန်းပြီးရေကြီးမှု တွေဖြစ်ပွါးခဲ့တာပါ။

ရေကြီးမှုအများဆုံးဖြစ်ပွါးခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးက ရေဘေးသင့်မှုအခြေအနေကိုတော့ တိုင်းအစိုးရ စီမံဘဏ္ဍာ ဝန်ကြီးဦးညွန့်ရွှေက ဗွီအိုအေကို အခုလိုပြောပါတယ်။

"နောက်ဆုံးအခြေအနေကျွန်တော်ပြောမယ်နော်။ အိမ်ခြေပေါင်း(၂၁၁၆၉)။ အိမ်ထောင်စုပေါင်းက(၂၂၂၂၆) လူဦးရေပေါင်းက(၁၂၀၈၀၉) ။ရေဘေးဒုက္ခသည်ပေါ့နော်။ ကယ်ဆယ်ရေးစခန်းပေါင်းက(၂၀၄)ခု။"

ရေဘေးသင့်သူတွေကို တိုင်းဒေသကြီးအစိုးရကနေကွပ်ကဲပြီး ကယ်ဆယ်ရေးစခန်း တွေဖွင့်ထားတယ်လို့ တိုင်းဒေ သကြီးရေဘေးဒုက္ခသည် ကွပ်ကဲရေးစခန်း ခေါင်းဆောင်လဲဖြစ် ဝန်ကြီးဦးညွန့်ရွှေက အခုလိုဆက်ပြောပါတယ်။

"ရေဘေးဒုက္ခသည်တွေကိုပဲခူးမှာ သာသနာ့ဗိမ္မာန်မှာတိုင်းဒေ သကြီးရေဘေး ဒုက္ခသည်များ ကွပ်ကဲရေးစခန်းဖွင့်ပြီး တော့မှ ကျွန်တော်ကိုယ်တိုင်ခေါင်းဆောင်ပြီးတော့ တိုင်းခရိုင်အုပ်ချုပ်ရေးမှူးတွေရှိတဲ့ နေ့တိုင်းနေ့တိုင်းဌာနဆိုင်ရာ အကြီးအကဲတွေ အကုန်လုံး ခရိုင်အဆင့် ၊ တိုင်းအဆင့်ဌာနဆိုင်ရာအစည်းဝေးတွေထိုင်တယ်။ စခန်း တခုတိုင်းတခု တိုင်းမှာ မြို့နယ်အဆင့်အရာရှိတယောက်ရယ် ကျေးရွာအုပ်ချုပ်ရေးမှူးရယ် ရာအိမ်မှူးရယ် ဆယ်အိမ်ခေါင်းရယ် သူတို့ကိုခေါင်းဆောင်ထားပြီးတော့မှ သူတို့ လိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက် နေ့စဉ်သတင်းယူနေတယ်။ နေ့ စဉ်နဲ့အမျှ ပြည်ထောင်စုကိုသတင်းပို့နေတယ်။ လူကယ်ပြန်ကလဲ သီးသန့်လှူနေတာရှိတယ်။ ရေကြီး စာရင်းရ တဲ့လူတိုင်းကို ဆန်တွေပေးဖို့အတွက် ငွေတွေဘာတွေဖြန့်ပြီးလှူဒါန်းနေတာရှိပါတယ်။"

ပဲခူးတိုင်းဒေသကြီးမှာဆိုရင် ပြီးခဲ့တဲ့(၂၇)ရက်နေ့တုန်း မဒေါက်ဆည်ရေဖေါက်ချ လိုက်ပြီးဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေစိုးရိမ်မှုတွေရှိနေသလို လက်ရှိရေတွေလျော့ကျ သွားနေပေမယ့် ရေဘေးရှောင်တွေနေရပ်မပြန်နိုင်သေးပါဘူး။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေထုတ်ပြန်တဲ့ ရေဘေးဒုက္ခသည် စာရင်းနဲ့ ပဲခူးတိုင်းဒေသကြီး ရေဘေးဒုက္ခသည်ကွပ်ကဲရေးစခမ်းကော်မီတီရဲ့စာရင်းဟာကွဲလွှဲမှုတွေရှိနေပါတယ်။

ဒုတိယမိုးအများဆုံးရွာသွန်းပြီးရေကြီးနေတာကတော့ကရင်ပြည်နယ်ပါ။

မိုးလေဝါသနဲ့ဇလဗေဒကနေ စိုးရိမ်ရေမှတ်ကနေ ကျနေပြီးဆိုပေမယ့် ကရင်ပြည်နယ်ဘက်မှာ မြစ်ရေတိုးနေဆဲ အခြေအနေမှာရှိနေတယ်လို့ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းကပြောပါတယ်။

"ဇလဗေဒကပြောတဲ့အတိုင်းဆိုရေကျသွားတာပေါ့။ (၆)လက်မလောက် ကျသွားတယ်လို့ သူတို့ပြောတာပေါ့။ ဒါပေမဲ့ မြို့ပေါ်မှာကြည့်တော့ရေက ဒီအတိုင်းဘဲ ရှိနေသေးတယ်ကော။ ဒုက္ခသည်စခန်း ကလူတွေလဲအိမ်မပြန်ရဲကြသေးဘူး။ တခြားမြို့နယ်ထဲမှာလဲ ရေတော်တော်ကျသွားတဲ့ဆိုတဲ့ မြို့နယ် ကျွန်တော်တို့ ကရင်ပြည်နယ်ထဲမှာ မရှိဘူး။ အခုအဲဒီ လို မကျတဲ့ကြားထဲမှာ ဂျိုင်းမြစ်ရဲ့ လက်ဝဲဘက်ကမ်းဘက်မှာ ဆိုရင်ရွာ(၈)ရွာ လက်ယာဘက်ကမ်းမှာဆို ကော့ဘိန်း တို့ကော့ပလိုင်ကော့ပေါက် ဘုရားကြီး အဲဒီရွာတွေဘက်မှာ နည်းနည်း တောင်ရေတွေပြန်တက်နေတယ်။"

ကရင်ပြည်နယ်အတွင်းရေကြီးမှုကြောင့် ဘုရားသုံးဆူမြို့နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း တံတားတွေ ရေတိုက် စား ပြိုကျနေတာကြောင့် ကားလမ်ကြောင်း သွားလာရေးမှာ အခက်တွေ့နေဆဲ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးထဲက ရေကြီးမှုအများဆုံးဖြစ်ခဲ့တဲ့တနင်္သာရီမြို့နယ်ထဲမှာ ရေမကျသေးတာကြောင့် ရေဘေးဒုက္ခသည်တွေနေရပ်မပြန်နိုင်သေးဘူးလို့ တနင်္သာရီမဲဆန္ဒနယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကပြောပါတယ်။

"ရေဘေးကြောင့်ပြောင်းရွှေ့တဲ့လူထဲက(၆၀၀၉)ဦးရှိပါတယ်ခင်ဗျ။ ကယ်ဆယ်ရေးစခမ်းကိုရောက်တာက(၁၀၁၃)ဦး ရောက်ပြီးတော့ကျန်တဲ့လူကျတော့ နီးစပ်ရာဆွေမျိုးအိမ်မှာနေတာရှိတယ်ဗျ။ ဘုန်းတော်ကြီးကျောင်းစာသင် ကျောင်းတို့မှာ သူတို့ရေလွတ်တဲ့နေရာမှာနေတာလဲရှိတယ်ဗျ။ ရေဘေးသင့် ကယ်ဆယ်ရေးစခမ်းတွေ ကတော့(၈)ခုကျန်ပါသေးတယ်ဗျ။ မိုးကအခုအခြေအနေကရွာနေတယ်ဗျ။ ရေကျမှ အိမ်ပြန်လို့ရမှာ။ ရေမကျ တော့အိမ်ပြန်လို့မရသေးဘူး။"

မွန်ပြည်နယ်အတွင်းမှာတော့ ရေပြန်ကျသွားတဲ့အတွက် ဘီလင်းမြို့က ရေဘေးရှောင်တွေ နေရပ်ပြန်နေကြပြီးလို့ ဘီလင်းရေဘေးကယ်ဆယ်ရေးစခမ်းကိုရောက်နေတဲ့ မွန်ပြည်နယ်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့လူဝင်မှုကြီးကြပ် ရေးဝန်ကြီး ဦးဝဏ္ဏကျော် ကပြောပါတယ်။

"ဘီလင်းမှာတော့ရေကျသွားပြီးခင်ဗျ။ ရေဘေးဒုက္ခသည်တွေ ကတော့တော်တော်များများတော့ အိမ်ပြန်နေကြပြီး ခင်ဗျ။ရေကျသွားတယ်လေ အဆင်ပြေသွားပြီးဆိုတော့ ကယ်ဆယ်ရေးစခမ်းကနေအိမ်ပြန်ကြပြီးပေါ့။"

ဒီရက်ပိုင်းမှာရေပြန်ကျသွားတဲ့အတွက် (၄)ရက်တာပိတ်ပင်ထားရတဲ့ ရန်ကုန်မော်လမြိုင် ကားလမ်းပုံမှန်သွားလာ နေပြီးလို့လဲဝန်ကြီးကပြောပါတယ်။

ဇူလိုင်လ(၂၆)ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး တနင်္သာရီတိုင်း မကွေးတိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ရေကြီးမှုဖြစ်ပွါးခဲ့သလို မြေပြိုမှုတွေလဲဖြစ်ပွါးခဲ့ပါတယ်။ ဒီရေကြီးရေလျှံမှုအတွင်း လူဦးရေ(၁၄၇၀၀၀)ကျော် ရေဘေးသင့်ခဲ့ပြီး (၁၂)ဦးသေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကနေသတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်ရေကြီးမှုကြောင့် မိုးတွင်း စပါးစိုက်ခင်းတော်တော်များများ ရေမြုပ်ခဲ့ပေမဲ့ ပျက်စီးမှု ပမာဏကိုတော့ မသိရှိ ရသေးပါဘူး။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ ဒီကနေ့ မွန်းလွှဲပိုင်း ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှာနေရာကျဲကျဲ၊ နေပြည်တော်၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေ ရာအနှံ့အပြား မိုးထစ်ချုန်း ရွာခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှာ နေရာကွက်ပြီး မိုးကြီးခဲ့ပါတယ်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှာမုတ်သုံလေ အားကောင်း နေပါတယ်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာ စိပ် စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဧရာဝတီတိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ သတင်းထုတ် ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG