သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေး တမြို့လုံးနီးပါး ရေမြုပ်


 မွန်ပြည်နယ်ရေဘေးသင့်နေစဉ် ( သြဂုတ်လ ၁၁-၂၀၁၉)
မွန်ပြည်နယ်ရေဘေးသင့်နေစဉ် ( သြဂုတ်လ ၁၁-၂၀၁၉)

ရေဘေးအန္တရာယ်နဲ့ ကြုံနေရတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စနေညကစလို့ မကြုံစဖူး ရေလွှမ်းမိုး မှုကြောင့် ရေးတမြို့လုံးနီးပါး ရေနှစ်မြုပ်သွားလို့ ရေဘေးသင့် ဒေသခံပြည်သူတွေကို နေအိမ်တွေကနေ ကယ်ထုတ်နေရဆဲဖြစ်ပြီး ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းပေးနေရတယ်လို့ ရေး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

မန်မာနိုင်ငံတဝှမ်း ဒီသီတင်းပတ်တွေထဲ ရှေ့ဆက်ပြီး မုတ်သုံမိုးအားကောင်း မှာဖြစ်တဲ့အတွက် မိုးများပြီး ရေကြီးမြေပြိုကျမှုတွေဖြစ်နိုင်လို့ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းအပါအဝင် ရေဘေးသင့်ဒေသက ပြည်သူတွေ မိုးလေဝသသတင်းတွေ နားစွင့်နေကြဖို့နဲ့ သဘာဝဘေးအန္တရာယ် သတိပေးချက်တွေကို အထူးသတိထား လိုက်နာကြဖို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင်ကလည်း သတိပေးပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း မုတ်သုံလေ အားကောင်းပြီး မိုးများရေကြီးမှုတွေဖြစ်သလို မြစ်တွေလည်း စိုးရိမ်ရေမှတ် အထက်ကျော်လွန်နေလို့ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် အပါအဝင် ပြည်နယ် တိုင်းအချို့က ဒေသအတော်တော်များများ ရေလွှမ်းမှုတွေဖြစ်နေပါတယ်။ အထူးသဖြင့် မွန်ပြည်နယ်ထဲမှာတော့ မိုးများရေကြီးပြီး လူအမြောက်အမြားသေဆုံးရတဲ့အထိ မြေပြိုကျမှုတွေဖြစ်နေသလို မနေ့စနေ့ညကစလို့ မွန်ပြည်နယ် ရေးမြို့နယ်ထဲမှာ မကြုံစဖူး ရေတွေ တဟုန်ထိုးတက်လာလို့ ရေးတမြို့လုံး ရေနှစ်မြုပ်သွားခဲ့ရပါတယ်။ အထပ်မြင့်အိမ်တွေရဲ့ ခေါင်မိုးအထိပါ ရေနှစ်မြုပ်ကုန်တဲ့ မြို့လုံးကျွတ် ရေဘေးသင့်နေရတဲ့အခြေအနေကိုတော့ ရေးမြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။

“မနေ့ညနေ ၃ နာရီလောက်ကနေ စပြီးတော့ ရေက ၁ နာရီကို ၁ ပေနီးပါးနှုန်းနဲ့ ဆက်တိုက် တက်လာ ဒီည ၁၂ နာရီ ကျော်ကျော်ကျတော့ ရေးနဲ့ မြို့လယ်ဘုရားပေါ့နော် ရွှေဆံတော် ဘုရားခြေရင်းကိုရောက်သွားတယ်။ အဲဒီတော့ ဒီလိုမျိုး အဖြစ်အပျက်တွေက တခါမှ ရေးမှာ မဖြစ်ခဲ့ဘူး။ ကျနော့်အသက် ၆၀ ကျော်ပြီ ဒီလိုမျိုး အဖြစ်အပျက် မတွေ့ခဲ့ဖူးဘူး။ အဲဒီတော့ ဒီလိုမျိုးမဖြစ်ဘူး ထင်ပြီးတော့ အိမ်တွေမှာ လူတွေတော်တော်များများက ၂ ထပ်အိမ်တွေပေါ့ အထူးသဖြင့် သူတို့က အိမ်တွေမှာပဲ နေကြတယ်။ နေတော့ မိုးချုပ်ပြီးတော့ ရေက တဒိုင်းဒိုင်း တိုးလာတဲ့အချိန်ကျတော့ ကြောက်အားလန့်အားနဲ့ ကူပါ၊ ကယ်ပါ ဆိုပြီးတော့ ညကဆိုရင် အသည်းအသန်ပဲ ။ လှေကလည်း ကျနော်တို့ ရှိတာက ၄-၅ စီး ၊ ရေဝိုင်းထားတာက မြို့တပတ်လုံးဆိုတော့ အဲဒီမှာ မိုးလင်းပေါက်ပါပဲ လုပ်ကြတာ။ နောက်ပြီးတော့ တပ်ဘက်က နီးတဲ့ အခြမ်းကလည်း တပ်ဘက်က နိုင်သလောက် ထုတ်ကယ်ကြတယ်။ ကျနော်တို့ မြို့ကလည်း ရှိတဲ့ လှေတွေနဲ့ ကယ်ကြတယ် မိုးလင်းတဲ့အထိပါပဲ ။ မိုးလင်းတော့ မော်လမြိုင်ကနေပြီးတော့ ပို့လာတဲ့ လှေတွေ ထပ်ရောက်လာတယ်။ ထပ်ရောက်လာပြီးတော့ ဆက်ကယ်တယ်ပေါ့နော်။ မနက် ၈ နာရီခွဲလောက်မှ ရေက နည်းနည်းလေး ပြန်ကျလာတယ် အခုက နည်းနည်းလေး ငြိမ်နေတဲ့ သဘောဖြစ်နေတယ်။”

အခုလတ်တလောအခြေအနေမှာတော့ ရေးမြို့ထဲ ရေတက်နေဆဲဖြစ်ပြီး နေအိမ်တွေထဲ ပိတ်မိနေဆဲသူတွေ ပျောက်ဆုံးနေဆဲသူတွေကို လိုက်လံရှာဖွေပေးနေသလို ရေဘေးလွတ်ရာနေရာတွေမှာ ကူညီကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ထားပြီး ကယ်ဆယ်နေရာချပေးနေတဲ့ အနေအထားကိုလည်း ရေးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ရှင်းပြပါတယ်။

“ရေးတမြို့လုံးအနေအထားကတော့ မြို့ရဲ့ ၃ ပုံ ၂ ပုံကျော်ကတော့ ရေလွှမ်းသွားတာပေါ့နော်။ ဒီ ကုန်းပေါ်တပိုင်းကျန်တယ် အဲဒီမှာပဲ ကျနော်တို့ ကယ်လာတဲ့ လူတွေကိုထားတယ်။ ကယ်ဆယ်ရေးအပိုင်းကို စိတ်ချတဲ့ ကုန်းမြေကိုရောက်ဖို့ အရင်လုပ်နေပါတယ်။ တပြိုင်တည်းမှာပဲ သူတို့ စားဝတ်နေရေး၊ ကျန်းမာရေး ဒီအပိုင်းကို ကြည့်နေရတယ်ပေါ့နော် ။ ဒီရေက ဘယ်လောက်အထိ ကြာမလဲ ဆိုတာ ကျနော်တို့က မခန့်မှန်းနိုင်သေးဘူး။ တကယ်လို့ မိုးပြန်ရွာလာရင်တော့ ရေပြန်တက်လာမှာလည်း စိုးတယ်။ တကယ်လို့ ရေကျသွားတယ်ဆိုရင် ကျနော်တို့က သူတို့ရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို Plan ဆွဲပြီး တဆင့်ချင်းလုပ်သွားရမှာပေါ့။”

ရေးမြို့ ရေဘေးအန္တရာယ်က အရေးပေါ်အခြေအနေဖြစ်လာလို့ မွန်ပြည်နယ်ကအပါအဝင် မြန်မာပြည်တဝှမ်းက လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက အမြန်ဆုံးသွားရောက်ပြီး အသက်ကယ်လှေတွေ လူအင်အားတွေ စားနပ်ရိက္ခာ သောက်ရေသန့်တွေ အားဖြည့် ကူညီပေးနေကြပါတယ်လို့ မွန်ပြည်နယ် မော်လမြိုင်မြို့ အေးမြကြည်လင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ကိုသန်းဌေးအောင်က ပြောပြပါတယ်။

“ကျနော်တို့ ကျန်တဲ့ လူမှု့ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အဲဒီ ဧရိယာမှာ ဆောင်ရွက်နေပါတယ်။ ဒီနေ့ နေ့ခင်းမှာတော့ ရေးမြို့ကသတင်းကို ညက ကျနော်တို့အဖွဲ့တွေရတယ်။ ကျနော်တို့ကို အကူအညီတောင်းတဲ့ သတင်းတွေတက်လာတယ်။ တက်လာပြီးတော့ ကျနော်တို့ဆီက ဆရာတော်တပါးက ဦးစီးပြီးတော့ ဒီနေ့ နေ့ခင်း ၁၁ နာရီမှာ ဒီကနေပြီးတော့ စထွက်သွားတယ်။ ဒေါ်ခင်ကြည် ဖော်ဒေးရှင်းက လှူဒန်းတဲ့ လှေအကြီးတစင်းပါတယ်။ အစားအသောက်တွေ ရေသန့်ဗူးတွေပါ ပါသွားတယ်”

အခုရေဘေးအန္တရာယ်ကြုံနေရတဲ့ မွန်ပြည်နယ်တွင်း မှာ သဲဖြူကုန်းမြေပြိုကျမှုကြောင့် သေဆုံးသူ အခုချိန်အထိ ၅၁ဦးအထိ ရှာဖွေတွေ့ပြီးဖြစ်တဲ့အကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေကေ ပြာပါတယ်။ ပျောက်ဆုံးနေတဲ့သူတွေ ဆက်လက်ရှာဖွေ နေဆဲဖြစ်ပြီး လူထောင်ချီ အိုးအိမ်များစွန့်ခွာ ခဲ့ကြရပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ မုတ်သုံလေ အားကောင်းနေဦးမှာဖြစ်တဲ့အတွက် ရေဘေးအန္တရယ်ကြုံနေရတဲ့ ဒေသတွေကပြည်သူတွေ သဘာဝဘေးအန္တရာယ်အထူးသတိထားကြဖို့နဲ့ မိုးလေဝသသတင်းတွေကို နားစွင့်ထားကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်ကလည်း သတိပေးပြောဆိုပါတယ်။

“မိုးကတော့ ရှိဦးမှာပဲ မွန်နဲ့ တနင်္သာရီဘက်ကတော့ အဲဒီတော့ မနက်ဖြန်မှာ မိုးနည်းနည်းသွားမယ် တဘက်ခါမှာ နည်းနည်း ပြန်ကျမယ် ။ မိုးကတော့ မပျက်သွားသေးဘူး စက်တင်ဘာလ အကုန်အထိ ရွာဦးမှာပဲ အဲဒီတော့ အန္တရယ်ကတော့ ဆက်ရှိဦးမယ် သတိထားဖို့တော့ လိုတယ်ပေါ့ ။ အခုလောလောဆည် တပြည်လုံးမှာ မွန်၊ ကရင် ၊ တနင်္သာရီ တို့ပဲ မိုးကောင်းတယ်။ အဓိက မြန်မာပြည်မှာ လိုအပ်တာက ဒါမျိုးတွေ မကြုံချင်လို့ရှိရင် Map တွေလုပ်ဖို့လိုတယ် risk map တို့ ဒါမျိုးတွေ ကျနေ်ာတို့မှာ ဒါမျိုးတွေ မလုပ်နိုင်သေးသရွေ့ အန္တရာယ်ကတော့ ရှိဦးမှာပဲ။ အန္တရာယ်က ဘယ်နေရာ ရှိတယ် မရှိဘူးဆိုတာ ဘယ်သူမှ မသိဘူး အဆင်ပြေသလိုပဲ သွားလာနေတယ် အဲဒီမှာ ဒုက္ခရောက်တာပဲ။ နောက်ပြီးတော့ သစ်တောပြုန်းတဲ့အတွက် တောင်ကျရေကလည်း ပြဿနာရှိတယ်။ ဆိုတော့ အားလုံးကတော့ လုပ်ဖို့ အများကြီးလိုပါသေးတယ် မကြုံဖူးတာတွေ unusual တွေပဲ ဖြစ်နေတာကြီးနော်။”

လတ်တလောမှာတော့ ရေဘေးသင့်ဒေသတွေကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးတို့နဲ့အတူသွားရောက်ကြည့်ရှုပြီး လိုအပ်တာတွေကို ကူညီပေးနေပါတယ် ဒါပေမဲ့လို့ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေက လိုအပ်ချက်ထဲတွေများစွာရှိနေတုန်းပဲလို့လည်း ဒေသခံတွေကပြောပါတယ်။

မုတ်သုံမိုးဦးကာလ ဇွန်လနှောင်းပိုင်းကစလို့ မြန်မာပြည်တဝှမ်း ရေဘေးသင့်ပြည်သူပေါင်း တသိန်းငါးထောင်ကျော် အိုးအိမ်စွန့်ခွာပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ ကုလသမဂ္ဂလူသားစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုှုင်းရေးရုံး UNOCHA က သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးရသတင်း တွေအပေါ် အခြေခံပြီး ထုတ်ပြန်ထားပါတယ်။

ရေး တမြို့လုံးနီးပါး ရေမြုပ်
please wait

No media source currently available

0:00 0:05:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG