သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ရေဘေး ဒေသခံနှစ်သောင်းကျော်ရွှေ့ပြောင်း


မြစ်ကြီးနားက အိမ်တခု နှစ်မြုပ်နေ
မြစ်ကြီးနားက အိမ်တခု နှစ်မြုပ်နေ

မိုးရေချိန်များပြီး ရေကြီးရေလျှံမှုတွေကြောင့် ကချင်ပြည်နယ်အတွင်း ရေဘေးဒုက္ခသည် ၂ သောင်းကျော်က ဒုက္ခသည်စခန်းတွေကို ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။ ကချင်ပြည်နယ်ထဲမှာရှိတဲ့ မြစ်ကြီးနားနဲ့ ဗန်းမော်တို့မှာ အဆိုးဆုံးအခြေအနေဖြစ်နေပြီး အစိုးရက အဲ့ဒီနေရာတွေကို အဓိကထားပြီး ရိက္ခာထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေပါတယ်။ ဒီသတင်းကို မြန်မာသတင်းပညာသိပ္ပံကျောင်းက ဗွီအိုအေရုံး အလုပ်သင် သတင်းထောက် မအဉ္ဖလီသင်းက ပြောပြပေးမှာပါ။

ခုလက်ရှိ မြန်မာနိုင်ငံမှာ မြစ်ရေကြီးမှုကြောင့် တိုင်းနှင့်ပြည်နယ် ၇ ခုမှာ ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရပါတယ်။ အဲ့ဒီထဲမှာမှ ကချင်နှင့် ရခိုင်ပြည်နယ်တွေမှာ အဆိုးဆုံးအခြေအနေဖြစ်ပေါ် နေပါတယ်။ ကချင်ပြည်နယ်မှာတော့ လက်ရှိမှာ ရေကြီးရေလျှံမှုကို ဆိုးဆိုးဝါးဝါး ခံစားနေရတာပါ။

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဗန်းမော်၊ မြစ်ကြီးနား၊ ရွှေကူနှင့် ဆင်ဘို မြို့တွေက စိုးရီမ်ရေအမှတ် အထက်ကို ရောက်ရှိနေပါတယ်။ အိမ်ထောင်စု ၃ ထောင်နီးပါး ရေဘေးသင့်နေပြီး လူဦးရေ ၁ သောင်းခွဲနီးပါးအတွက် ကယ်ဆယ်ရေးစခန်း ၂၀ ဖွင့်လှစ်ပေးထားပါတယ်။

ကချင်ဒေသမှာရှိတဲ့ ရေဘေးသင့် ပြည်သူတွေအတွက် ထောက်ပံ့ရေးကို အစိုးရက လုပ်ဆောင်ပေးနေပါတယ်။ ဇူလိုင် ၁၄ ရက်နေ့က ရေဘေးကယ်ဆယ်ရေးစခန်းတွေကို သိန်း ၁၉၀ ကျော်ဖိုး ထောက်ပံ့ရေးပစ္စည်းတွေ ပို့ပေးထားတယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“သူတို့ မြေပြင်မှာ ကျတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ဦးဆောင်မှုနဲ့ အမတို့ ဝန်ကြီးဌာနတွေအပါအဝင် ဌာနတွေ အကုန်လုံးပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာတွေရှိတယ်လေ။ ရွှေ့ပြောင်းတာတွေတို့ တခြား ထမင်းထုပ်တွေ ဝေတာတို့ အမတို့က ဆန်ရိက္ခာထောက်ပံတယ်ဆိုလို့ရှိရင် တခြားအဖွဲ့တွေက ခေါက်ဆွဲခြောက်တို့ဘာတို့ပေါ့နှော် အစိုးရအဖွဲ့တွေက မြေပြင်မှာ ပူးပေါင်းဆောင်ရွက်တယ်။ အမတို့ ဆီကကျတော့ မနေ့က ဆိုလို့ရှိရင် သိန်း ၁၉၀ ကျေု်ာဖိုးပေါ့ ဆန်ရိက္ခာတွေထောက်ပံ့ထားတာတွေ ရှိတယ်။ အရင်ကလည်း ထောက်ပံ့ထားတာတွေရှိတယ်။ လောလောဆယ်မှာတော့ ၂၀၀ ကျော် လောက်တော့ ရှိပြီပေါ့ ကချင်ဘက်မှာထောက်ပံ့ထားတာ။ ဒီနေ့ဆိုရင် တနိုင်းဘက်ကို သွားတယ်။ နောက်အမတို့က အရေးပေါ်ထောက်ပံ့ရေးအပိုင်းမှာ သုံးနိုင်ဖို့ဆိုရင် လိုအပ်လာရင်သုံးဖို့ လှေတွေ ဘာတွေ ထပ်ပို့တာမျိုးတာမျိုးပေါ့။ life jacket တွေ ထပ်ပို့ထားတာတော့ ရှိတယ်”

ဗန်းမော်မြို့နယ်ထဲမှာရှိတဲ့ကျေးရွာ အချို့က မြေနုကျွန်းပေါ်မှာ တည်ထားတာဖြစ်တဲ့ အတွက် မြစ်ရေတက်လာတဲ့အခါ နေအိမ်အချို့ရေမြုပ်ပြီး ကယ်ဆယ်ရေးစခန်းတွေဆီမှာ ပြောင်းရွှေ့နေထိုင်နေရတာ ဖြစ်ပါတယ်။ဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံ့မှုနဲ့ ပတ်သက်လို့ ဗန်းမော်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁) ဦးအောင်သင်းက အခုလို ပြောပြပါတယ်။

“ထောက်ပံ့မှုက လိုအပ်မှုတော့ ရှိနေတာပဲလေ။ မရှိဘူးလို့တော့ ပြောလို့မရဘူး။ ကျွန်တော်တို့က နိုင်သလောက်လုပ်တာ၊ တစ်ချို့က ထမင်းထုပ်တွေ ရေဘေးဒုက္ခသည်တွေစားဖို့ လှူလို့ ကျွန်တော်တို့က ဝေပေးရတာပေါ့။ နိုင်သလောက်ကို အလှူရှင်တွေနဲ့ ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေး မီးသတ်ဌာန လူကယ်ပြန်ရယ်။ DNP ပါတီက ပုဂ္ဂိုလ်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီးတော့ အားလုံး တစ်မြို့လုံးစုပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ။် အဓိကက ကျွန်းပေါ်မှာနေတဲ့လူတွေ ရေပြဿနာ။ သောက်ရေကို အတတ်နိုင်ဆုံး ရသလောက်ကျွန်တော်တို့ အလှူခံပြီး ဖြန့်ပေးနေတာပဲ။ လောက်တယ်ဆိုတာတော့ မဟုတ်ဘူးပေါ့။ ရှိတော့ မရှိနိုင်ဘူးပေါ့လေ။ တတ်နိုင်သိလောက် ကျွန်တော်တို့ လိုအပ်တဲ့ ဒီက အချိတ်အဆက်တွေနဲ့ ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်လို့ ဘယ်နေရာမှာလိုအပ်တယ်ဆိုရင် ကျွန်တော်တို့ ချက်ချင်း ပဲ့ထောင်တွေနဲ့ သွားပြီးပို့ပေးတာပေါ့။”

လက်ရှိ ဗန်းမော်မြို့နယ်မှာ ရေဘေးဒုက္ခသည် လူဦးရေ စုစုပေါင်း ၅ ထောင်ကျော်နဲ့ အိမ်ထောင်စုပေါင်းက ၁၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ရေဘေးဒုက္ခသည် အရေအတွက်က အိမ်ထောင်စု ၄ ထောင် နီးပါး လောက်ရှိပြီး လူဦးရေ ၂ သောင်း ဝန်းကျင်ရှိနေပါတယ်။

ကချင်ပြည်နယ်မှာ ဇူလိုင်လ ၁၃ ရက်နေ့က စပြီး မြစ်ရေမြင့်တက်မှုကြောင့် ရေကြီး ရေလျှံမှုတွေဖြစ်ပေါ် ခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ကျောက်တော် မြောက်ဦး မင်းပြား တို့မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတဲ့အတွက် လူထောင်ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာတီတိုင်းဒေသကြီးတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

ရေကြီးရေလျှံ အဆိုးဆုံးခံနေရတဲ့ ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း မှာတော့ ရေဘေးဒုက္ခသည် တသောင်းခွဲကျော်ကို ကယ်ဆယ်ရေးစခန်း ၆ ခုမှာ ထားရှိတယ်လို့ ဒေသခံကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ရခိုင်ပြည်နယ် ကြက်ခြေနီအသင်း ကလည်း ရေဘေး ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG