သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းအကျန် လေပွေကြောင့် မြန်မာကမ်းရိုးတန်း မိုးကောင်းမည်


(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ဖိလစ်ပိုင် မှာတိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Mangkhut ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားရင် တရုတ်နိုင်ငံ တောင်ပိုင်း ကုန်းတွင်းပိုင်းမှာ အလျင်အမြန် အားလျော့သွားပြီဖြစ်တဲ့အကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က သူ့ရဲ့ Facebook လူမှုကွန်ယက်မှာ ကြေညာထားပါတယ်။ စောစောပိုင်းကတော့ Mangkhut တိုင်ဖွန်းမုန်တိုင်း ရဲ့ အကြွင်းအကျန် လေပွေလှိုင်းတွေကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးရွာနိုင်ကြောင်း သတိပေးထားတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနေရာတချို့မှာ ဒီရက်ပိုင်း မိုးကောင်းနိုင်တဲ့ အခြေအနေကတော့ ရှိနေဆဲဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေး ပို့ထားပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်း ကုန်းတွင်းပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း Mangkhut ဟာ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပါတယ်။ ဒါပေမဲ့လည်း ဘင်္ဂလားပင်လယ်အော်မှာတည်ရှိနေတဲ့ လေဖိအားနည်း ရပ်ဝန်း ပိုမိုအားကောင်းလာနိုင်တဲ့အတွက် ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်တို့မှာ မိုးကောင်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှူး ဦးစီးဌာနက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ ဘင်္ဂလားပင်လယ်အော်မှာ တည်ရှိနေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်း လာနိုင်ပြီး ၂၀ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်ပါတယ်။ လေဖိအားနည်း ရပ်ဝန်း ကြောင့် မုတ်သုံလေ အားကောင်းပြီး ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်တို့မှာ မိုးသက်လေပြင်း ကျရောက် နိုင်တဲ့အကြောင်း မိုးလေဝနှင့်ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးဦးက အခုလိုပြောပါတယ်။

"အဓိကတော့ မြစ်ဝကျွန်းပေါ် နဲ့ ရခိုင်ကမ်းရိုးတန်း တလျောက်ပေါ့နော်။ မြစ်ဝကျွန်းပေါ်ဆိုတဲ့ အတွက်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၊ပဲခူးတိုင်းဒေသကြီး နောက်ပြီးတော့ ရခိုင်ပြည်နယ်ပေါ့နော် ဒီဒေသတွေမှာတော့ ၁၈/၁၉/၂၀ အဲ့ပတ်ဝန်းကျင်မှာတော့ မိုးပြန်ပိုလာမှာပေါ့နော်။ အခုလက်ရှိမှာတော့ မိုးက နည်းနည်းလျော့နေတယ်။ မိုးရေချိန်လက်မက တမြို့နဲ့တမြို့မတူဘူး။ လက်ရှိမှာတော့ ရွာနေတဲ့ဟာတွေက တလက်မ တလက်မပတ်ဝန်းကျင်လောက်ပေါ့။ အဲ့ရက်ပိုင်းတွေကျရင် မိုးများလာပြီး ၃ လက်မနဲ့ထက်တွေ ရွာလာ နိုင်တဲ့ ပုံစံမျိုးရှိတာပေါ့။"

လေဖိအားနည်း ရပ်ဝန်းကြောင့် မုတ်သုံမိုးများလာနိုင်တဲ့အတွက် ဆည်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးကျော်စိုးဦးက

"လေဖိအားနည်း ရပ်ဝန်းဖြစ်လာရင် မုတ်သုံနည်းနည်း အားကောင်းနိုင်တာပေါ့။ မြန်မာ့ ကမ်းရိုးတန်းပေါ့ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း တလျောက်မှာတော့ အဲ့ကာလတွေမှာတော့ မိုးသက်လေပြင်းကျပြီးတော့ ရေပြင်မြေပြင်လေဟာ ၁ နာရီကို ၃၅ မိုင် မိုင် ၄၀ လောက်ထိ တိုက်နိုင်တယ်ပေါ့။ ရခိုင်ကမ်းရိုးတန်းမှာလည်း မိုးရွာနိုင်တဲ့ အနေအထားတွေရှိတာပေါ့။ ဆည်တွေဘာတွေ အနေနဲ့လည်း ရေစုပြီး ရေပြည့်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် သတိပြုထားတာတော့ မမှားဘူးပေါ့။"

မိုးရေချိန်များပြီး မြစ်ရေကြီး မြင့်မှုတွေ ဖြစ်ပေါ်ခဲ့လို့ သြဂုတ်လ ၂၉ ရက်က ဆွာရေတမံကျိုးသွားပြီး လူပေါင်း ၅ သောင်းကျော် ရေဘေး သင့်ခဲ့ရပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး မွန်ပြည်နယ် ကရင်ပြည်နယ်တို့မှာလည်း စံချိန်တင် မိုးရွာသွန်းပြီး မြစ်ရေကြီးမြင်မှုကြောင့်လည်းရေဘေး ဒုက္ခတွေ့ကြုံခဲ့ရပါတယ်။ ဂျုလိုင်လ နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း ရေကြီး ရေလျံမှုတွေကြောင့် လူဦးရေ တစ်သိန်း လေးသောင်းကျော် ရေဘေးသင့်ခဲ့သလို၊ သေဆုံးသူ ၂၃ ဦးအထိ ရှိတဲ့အကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေသတင်း ထုတ်ပြန်ထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG