သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တောင်ပိုင်းကို Mangkhut တိုင်ဖုန်း အပြင်းအထန် ဝင်တိုက်


တရုတ်နိုင်ငံတောင်ပိုင်းက လူဦးရေထူထပ်တဲ့ Guangdong ဒေသကို တနင်္ဂနွေနေ့မှာ Mangkhut တိုင်ဖုန်းမုန်တိုင်း အပြင်းအထန် ဝင်ရောက်တိုက်ခိုက်ပါတယ်။ ဟောင်ကောင်ကျွန်းကို တိုက်ခတ်ချိန်တုန်းကတော့ အပြင်းအထန်မိုးရွာပြီး လေတိုက်နှုန်း တနာရီ ၁၂၄ မိုင်ကျော်ထိရှိပါတယ်။

အာရှဒေသကို ဝင်တိုက်တဲ့ မုန်တိုင်းတွေထဲမှာ ဒီနှစ်အတွင်း အင်အားအပြင်းဆုံးလို့ သတ်မှတ်ထားတဲ့ Mangkhut မုန်တိုင်းရန် ကနေ လွတ်ကင်းဖို့အတွက် Guangdong ပြည်နယ်က လူပေါင်း ၂.၄ သန်းကျော်ကို ရွှေ့ပြောင်းပေးထားပါတယ်။

တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြချက်အရ တရုတ်တောင်ပိုင်းမှာ အခုချိန်ထိဆိုရင် လူနှစ်ဦးသေဆုံးတဲ့သတင်း ရထားပါတယ်။ ဖိလစ်ပိုင်မှာတော့ ဒီမုန်တိုင်းကြောင့် လူ ၅၀ ထက်မနည်း သေဆုံးထားတာပါ။

ဟောင်ကောင်ကျွန်းမှာ မုန်တိုင်းအန္တရာယ်သတိပေးချက်ကို အဆင့်အမြင့်ဆုံး နံပါတ် ၁၀ အထိ တိုးမြှင့်သတ်မှတ်ပြီး သတိပေးထားပါတယ်။

ဟောင်ကောင် မိုးလေဝသဌာနက “အများပြည်သူအနေနဲ့ အပြင်ကိုမထွက်ဘဲ အဆောက်အဦးတွေအတွင်း ဘေးလွတ်ရာမှာ ခိုလှုံနေကြဖို့ အထူးပန်ကြားချက်” တခု ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း အဲဒီပန်ကြားချက်ကို လူတိုင်းက လိုက်နာကြတာ မဟုတ်ဘဲ ပုံမှန်ရက်တွေနဲ့မတူ လူနဲ့ယာဉ်အသွားအလာ ကင်းရှင်းနေတဲ့လမ်းပေါ် ထွက်ကြည့်ချင်သူတွေ၊ မုန်တိုင်းကို ဓာတ်ပုံ ဗွီဒီယို ရိုက်ယူချင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ရှိနေဆဲပါ။

တရုတ်နိုင်ငံရဲ့ လောင်းကစားဗဟိုချက်နေရာဖြစ်တဲ့ မက္ကာအိုကျွန်းမာ ကက်စီနို လောင်းကစားရုံတွေအားလုံးကို ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG