သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Mangkhut တိုင်ဖုန်းအန္တရာယ်ရှောင်နိုင်ရေး ဖိလစ်ပိုင်ဒေသခံတချို့ ဘေးလွတ်ရာရွှေ့


တိုင်ဖွန်းမုန်တိုင်း Mangkhut တိုက်ခတ်ရာ လမ်းကြောင်းပေါ်က ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ဖိလစ်ပိုင် အာဏာပိုင်တို့ စပြီး ပြောင်းရွှေ့ပေးနေပါပြီ။ ပြင်းထန်မှု အဆင့် ၅ နဲ့ အတ္တလန္တိတ် ဟာရီကိန်းမုန်တိုင်း Mangkhut က တနာရီကို လေတိုက်နှုန်း ၂၀၅ ကီလိုမီတာနဲ့ ဖိလစ်ပိုင်နိုင်ငံ လူဇုံကျွန်းရဲ့ မြောက်ဘက် အစွန်ကို ဦးတည်လာနေပါတယ်။

အခုမုန်တိုင်းကတော့ ဒီနှစ် အတွင်း ဖိလစ်ပိုင်နိုင်ငံ အတွက် ၁၅ ကြိမ်မြောက် မုန်တိုင်း ၀င်ရောက် တိုက်ခတ်တာ ဖြစ်ပါတယ်။ တိုင်ဖွန်း မုန်တိုင်း Mangkhut က လာမယ့် စနေနေ့မှာ လူဇုံကျွန်းကို ၀င်ရောက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

ကမ်းရိုးတန်း ဒေသ တလျှောက်က လူတွေကို ဒီကနေ့ ကြာသပတေးနေ့မှာ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေ စပြီး ပြောင်းရွှေ့ပေးနေပြီး ကျောင်းတွေနဲ့ ရုံးတွေ ပိတ်ဖို့လည်း အာဏာပိုင်တို့က ညွှန်ကြားထားပါတယ်။ တိုင်ဖွန်း မုန်တိုင်းကြီး Mangkhut က အမေရိကန် ပိုင်နက် Guam ကျွန်းကို ဖြတ်သန်းတိုက်ခတ်သွားတာမှာတော့ ရေကြီးရေလျှံမှု၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ခဲ့ပါတယ်။

မနက်ဖြန် သောကြာနေ့မှာတော့ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို Mangkhut ၀င်ရောက်မယ်လို့ ခန့်မှန်းထားပြီး ဒီကနေ တဆင့် ထိုင်ဝမ်ကျွန်းဘက်ကို ဦးတည်သွားပြီး ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ တောင်ပိုင်းတို့ကိုတော့ လာမယ့် တနင်္ဂနွေနေ့ လောက်မှာ မုန်တိုင်း ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်း Mangkhut ဖြတ်သန်းတိုက်ခတ်မှု အတွင်း လူပေါင်း ၄၃ ဒသမ ၄ သန်းလောက် သက်ရောက်မှု ရှိနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝ ဘေးဒုက္ခဆိုင်ရာ သတိပေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG