မြန်မာနိုင်ငံတဝှမ်း ဒီသီတင်းပတ်တွေထဲ မုတ်သုံမိုးအားကောင်းပြီး မိုးများရေကြီးနေလို့ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အပါအဝင် ပြည်နယ်တိုင်း အတော်တော်များများက ဒေသခံပြည်သူ လူဦးရေတသိန်းကျော် ရေဘေးသင့်နေပါတယ်။ ဒီကနေ့မှာလည်း စစ်တောင်းမြစ်၊ ရွှေကျင်မြစ်နဲ့ သံလွင်မြစ်တွေမှာတော့ မြစ်ချောင်းတွေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်မြင့်တက် နေဆဲဖြစ်ပြီး ဘေးပတ်ဝန်းကျင်ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်နေဆဲပါ။ အထူးသဖြင့် မွန်ပြည်နယ်တွင်း လူသောင်းချီ အိုးအိမ်စွန့်ခွာပြီး ယာယီရေဘေးရှောင် စခန်းများတွင် ခိုလှုံနေရပါတယ်။ အဲဒီဒေသမှာပဲ ဒီကနေ့ နေရာတချို့မှာ ထပ်ပြီး မြေပြိုတယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က တောင်ပြိုကျမှုဖြစ်ခဲ့တဲ့ နေရာကိုတော့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ နဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးတို့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ မဆုမွန် အပြည့်အစုံ ဆက် တင်ပြပေးပါမယ်။
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မြေပြိုကျမှုမှာတော့ အနည်းဆုံး လူ၃၀ကျော် သေဆုံးပြီး လူ၅၀ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး တောင်ပြိုကျမှုမှာ ပျောက်ဆုံးနေဆဲ ဒေသခံပြည်သူတွေကို လူအင်အား၊ စက်အင်အားသုံး ကူညီကယ်ဆယ်ရှာဖွေနေဆဲ ရှိနေပါတယ်။ အခုထိ လုပ်ဆောင်နေတဲ့ အနေအထားနဲ့ ပတ်သတ်ပြီး မွန်ပြည်နယ် သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အခုလိုစပြောပြပါတယ်။
မွန်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့။ ။ ဖြစ်စဉ်ကတော့ မနေ့က မနက် ၇ ခွဲကနေ ၈ နာရီကြားမှာ ဖြစ်တာ။ လက်ရှိအနေအထားအရ ကားအစီးရေတွေ ဘယ်လောက် ရှိလဲ၊ ဆိုင်ကယ်အစီးရေ ဘယ်လောက်ရှိလဲ၊ အိမ်အလုံးရေ ဘယ်လောက်ရှိတယ်ဆိုတာကတော့ သေချာ စာရင်းတိတိကျကျ မရသေးဘူး။ ဒါပေမယ့် လက်ရှိ ဒဏ်ရာရတဲ့ သူ ၂၉ ဦး မနေ့က စာရင်းဝင်တာ ရှိပါတယ်။ သေဆုံးတဲ့ သူတွေက မနေ့က ညအထိက ၂၂ ယောက်၊ ဒီနေ့မနက် ၈ ယောက်ဆိုတော့ အားလုံးပေါင်း လူ ၃၀ လို့တော့ ကြေးနန်းတပ်ထားတာ ရှိတယ်။ ကူညီကယ်ဆယ်ရေး နောက်ဆုံးအခြေအနေက မနေ့ကတည်းက ဒိုဇာတွေနဲ့ လမ်းကို အရင်ဆုံး လမ်းတဖက်ခြမ်း ပွင့်သွားအောင် တကြောင်းထိုး အရင်ဆုံး ထိုးရတယ်။ ဘက်ဟိုးစက်တွေနဲ့ မနေ့က စပြီးတော့ သုံးပါတယ်။ နောက်ပြီးတော့ မြေတူးစက်၊ ဒိုဇာတို့တွေလည်း အသုံးပြုပြီးတော့ မနေ့က ရှင်းတယ်။ အဲဒါက လမ်းပွင့်သွားတာပဲ ရှိတယ်။ ဒါပေမယ့် လမ်းရဲ့ ညာဖက်တခြမ်းမှာ ရှိတဲ့ လယ်ကွင်းထဲကို ရောက်သွားတဲ့အရာတွေက ဘာတွေ ဖြစ်မလဲဆိုတာ ဘယ်သူမှ မသိသေးဘူး။ အဲဒီအောက်မှာ ကားဘယ်နှစင်း ရှိလဲ၊ လူဘယ်နှယောက်ရှိလဲဆိုတာ ဘယ်သူမှ မသိသေးဘူး။ အခုလက်ရှိအနေအထားအရ ပျောက်ဆုံးသွားတဲ့ လူဦးရေက ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိတယ်လို့ ခန့်မှန်းလို့ ရပါတယ်။
မဆုမွန်။ ။ ဟုတ်ကဲ့။ အဲဒီတော့ အခုလက်ရှိမှာ ရာသီဥတုအခြေအနေက ဘယ်လိုရှိပါလဲ။ နောက်ပြီးတော့ ဒီနေ့မှာလည်း ထပ်ပြီးတော့ မြေပြိုကျမှှုတွေ၊ တောင်ပြိုတာတွေ တချို့နေရာတွေမှာလည်း ရှိတယ်လို့ ပြောတော့ မွန်ပြည်နယ်တခုလုံးအတိုင်းအတာနဲ့ဆိုရင် ဘယ်နေရာတွေမှာ ထပ်ပြီး ဖြစ်တယ်လို့ ဒေါ်ခိုင်ခိုင်လဲ့ ကြားပါသလဲ။
မွန်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့။ ။ ဒီနေ့ မနက် ၁၀ နာရီ ၅ မိနစ်မှာ ချောင်းဆုံမှာ ဖြစ်ပါတယ်။ ချောင်းဆုံမှာလည်း ဒီလိုပဲ တောင်ပြိုကျတာပါပဲ။ မြေပြိုကျတာပေါ့နော်။ နောက်ပြီးတော့ ပေါင်၊ ကျွဲခြံမှာ ထပ်ဖြစ်ပါတယ်။ လူအသေအပျောက်တော့ မရှိဘူး။ အိမ်တွေ ဘာတွေတော့ ပြိုကျပျက်စီးသွားတာပေါ့။ ဒီနေ့မနက် ခန့်မှန်းခြေ ၁၀ နာရီလောက်မှာ ပေါင်၊ ကျွဲခြံမှာ ထပ်ဖြစ်ပါတယ်။ ရာသီဥတုကတော့ မနက်ကတော့ ပေါင်ဖက်ခြမ်းမှာ မိုးတော်တော်လေး ရွာတယ်။ ကင်းဆိုက်မှာ ရေ ၁ ပေကျော်ကျော် ထပ်တက်တယ်။
မဆုမွန်။ ။ အခုလက်ရှိ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွေ၊ အဓိက ဘယ်ဝန်ကြီးဌာနတွေက ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါလဲ။ နောက် စခန်းတွေ ယာယီဖွင့်လှစ်ပေးထားတဲ့ အနေအထားလည်း ရှင်းပြပေးပါ။
မွန်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့။ ။ ရေဘေးသင့်တာကတော့ မွန်ပြည်နယ်တခုလုံးပါပဲ။ ရေဘေးသင့်စခန်းက ဘီးလင်းကနေ စပြီးတော့ ဘီးလင်းမှာ ရှိတယ်၊ သထုံမှာ ရှိတယ်။ ဘီးလင်းမှာဆိုရင် ၉ နေရာလောက် စာရင်းအရ ကယ်ဆယ်ရေးစခန်းတွေ ရှိပါတယ်။ သထုံမှာဆိုရင် ၄ နေရာဖွင့်ထားတယ်။ သထုံမှာက လေဘေးနဲ့ ရေဘေး ၂ ခု ဖြစ်ပါတယ်။ လေဘေးက အိမ်အလုံးပေါင်း ၁၅၀၊ ပြိုကျတာ ၃၅ လုံး၊ အပြီးလုံး၀ ပြိုသွားတာ ၃၅ လုံး၊ အဲဒီထဲမှာ စာသင်ကျောင်းက ၉ လုံး၊ သာသနိက အဆောက်အအုံ ၄ လုံး၊ ဒါက လေဘေးပါ။ ရေဘေးကတော့ ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်ထားတယ်။ လူဦးရေ ၅၄၀ ကျော် ကယ်ဆယ်ရေးစခန်းမှာ ရှိတယ်။ အဲဒါ သထုံရဲ့ လက်ရှိအနေအထား ဖြစ်ပါတယ်။ ပေါင်မှာကျတော့ ၂ မျိုးဖြစ်ပါတယ်။ ပြိုတဲ့ ကိစ္စရပ်ရယ်၊ ရေဘေးသင့်တဲ့ ကိစ္စရပ်ရယ်။ ကယ်ဆယ်ရေးစခန်းကို ၂ နေရာ ဖွင့်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တကယ်တော့ တောင်ပြိုသွားတဲ့နေရာမှာက တောင်ပြိုတဲ့ ဖြစ်စဉ်ကြီး ဖြစ်သွားတယ်ဆိုတော့ ကူညီကယ်ဆယ်ရေးက အခုချိန်မှာတော့ ရှာဖွေရေးလုပ်ငန်းပဲ ရှိပါတော့တယ်။ မော်လမြိုင်မှာတော့ ၂၂ နေရာ ရှိပါတယ်။ ကယ်ဆယ်ရေးစခန်း ၂၂ ခု ဖွင့်ထားရပါတယ်။ မော်လမြိုင်မှာ ထိုနည်း၎င်း ရေဘေးသင့်တာ ချောင်းဆုံ၊ မုဒုံ၊ ရေး၊ ကျိုက်မရော၊ ဝေါ၊ သံဖြူဇရပ် အဲဒီနေရာမှာလည်း ရေဘေးသင့်ပြည်သူတွေ များတဲ့အတွက်ကြောင့် စခန်းတွေ ဖွင့်ထားတာတွေလည်း ရှိပါသေးတယ်။ ပေါင်ကိစ္စမှာလည်း ဒီလိုပဲ။ စက်ယန္တရားအကူအညီတွေ အများကြီး သုံးရပါတယ်။ လူကယ်ဆယ်ရေးကတော့ လူမှု ကူညီမှုအသင်း၊ ကယ်ဆယ်ရေးအသင်းတွေ၊ မီးသတ်၊ ကြက်ခြေနီ၊ ရဲ၊ တပ်မတော် အင်အားကတော့ ကျမအထင် ၁၅၀ နဲ့ ၂၀၀ ကြား ထုတ်သုံးထားပါတယ်။
မဆုမွန်။ ။ ဒီနေ့က ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း ရောက်လာတယ် ပြောတယ်။ သူကလည်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးမှာ ကော်မတီရဲ့ ဥက္ကဌတယောက်အနေနဲ့ အဓိက တာဝန်ယူထားတယ်ဆိုတော့ သူကိုယ်တိုင်လည်း ရောက်လာတယ်ဆိုတော့၊ အဲဒီ့အနေအထားလေးလည်း နည်းနည်း ပြောပြပါဦး။
မွန်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့။ ။ ဘီးလင်းကို ဝင်ပါတယ်။ သထုံကိုလည်း ဝင်ပါတယ်။ ဒုသမ္မတက ပေါင်မှာတော့ ကြာကြာလေး နေပြီး ခုဏကလောက်မှာ ပြန်ထွက်တယ်ထင်တယ်။ နေ့ခင်း ၁ နာရီကျော်ကျော်လောက်မှ ပြန်သွားတယ်။ အဲဒီမှာတော့ သူတို့ထောက်ပံ့ရေးပစ္စည်းတွေပေးတာ၊ ကယ်ဆယ်ရေးစခန်း ၂ ခုမှာ အားပေးစကားပြောတာတို့တော့ ရှိတယ်။ နောက်ပြီးရင် မော်လမြိုင် သွားပါလိမ့်မယ်။ ဒါတွေပြီးရင် ကျိုက်သံလံဝင်မယ်လို့ ကြားတယ်။ ဒေါက်တာဝင်းမြတ်အေးလည်း ပါလာပါတယ်။ တခြားသော ပြည်ထောင်စု ဝန်ကြီးတချို့လည်း ပါလာတယ်။ သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကို လမ်းညွှန်ချက်တွေ လုပ်မယ်လို့ကျမထင်တယ်။ မော်လမြိုင်ကိုလည်း ဝင်တယ်။ ပြီးရင်တော့ ဘားအံသွားမယ်လို့သိရပါတယ်။
မွန်ပြည်နယ်တွင်း မိုးများရေကြီး တောင်ပြိုကျမှု နောက်ဆုံးအခြေအနေတွေကိုတော့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။