သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး


ပဲခူးမှာ ရေကြီးနေစဉ် (သြဂုတ် ၂၀၂၃)
ပဲခူးမှာ ရေကြီးနေစဉ် (သြဂုတ် ၂၀၂၃)

ဒီလဆန်းပိုင်းတုန်းက ရေဘေးအန္တရာယ် ဆိုးဆိုးရွားရွား ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ခုချိန်ထိ ရေဘေး ပြန်လည်ထူထောင်ရေး အပြည့်အဝ မလုပ်နိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ရေ ကျန်နေတဲ့ နေရာတွေ ရှိနေသေးပြီး နေထိုင်စားသောက်ရေး အခက်အခဲကြောင့် အိမ်မပြန်နိုင်သေးတဲ့ သူတွေလည်း ရှိနေပါတယ်။ ရေဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေး နဲ့ အခက်အခဲတွေအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန် က တင်ပြပေးပါမယ်။

ယခု လဆန်းပိုင်းကတည်းက ပဲခူး၊ မွန်၊ ကရင်ဒေသအများစုမှာ မိုးအဆက်မပြတ်ရွာပြီး မြစ်ရေတက်ခဲ့တာကြောင့် အနိမ့်ပိုင်းဒေသမှာ ရေကြီးရေလျှံတာတွေ ဆက်တိုက်ကြုံနေရလို့ သောင်းနဲ့ချီတဲ့ ဒေသခံတွေ ရုတ်တရက် ရေဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နဲ့ မြဝတီ မြို့နယ်တွေမှာ ဒီလအစော ပိုင်း ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံ ၁,၀၀၀ နီးပါး ရေဘေးသင့်ခဲ့တယ်လို့ အဲဒီဒေသက ကူညီကယ်ဆယ်ရေး လုပ်သူတွေကပြောပါတယ်။ တချို့ ရေဘေးသင့် ပြည်သူတွေ ကိုယ့်နေအိမ်ကိုယ် ပြန်လာနေကြတာရှိပေမဲ့ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ ဆက် နေနေကြရတဲ့သူတွေလည်း ရှိနေတုန်းပဲလို့ ပုလဲဖြူလူမှု ကယ်ဆယ်ရေး အဖွဲ့က ပရဟိတသမားတဦးက ပြောပါတယ်။

“အခြေအနေကတော့ လုပ်နေတုန်းပဲ။ အခက်အခဲကတော့ သူတို့တွေ စားဖို့သောက်ဖို့ အခက်အခဲ ရှိတာပေါ့။ နေထိုင်ဖို့ရယ်၊ စားဖို့သောက်ဖို့ရယ်။ အဲ့ဒီ အခက်အခဲတွေ ကြုံနေရတာပေါ့။ ကျန်တာ ပြဿနာတော့မရှိကြဘူး။ ဒုက္ခရောက်သူတွေက အောက်ရွာနဲ့ အနီးနားက လေး ငါးရာ လောက် ရှိမယ်။ စုစုပေါင်း ဆို ၁,၀၀၀ လောက်ရှိမယ် ထင်တယ်။ ဘုန်းကြီးကျောင်းမှာ နေတဲ့သူက နေတယ်။ အိမ်နဲ့နီးတဲ့ ဓမ္မာရုံမှာ နေတဲ့သူကနေကြတယ်။”

ပဲခူးမြို့မှာလည်း ရေကြီးမှုကြောင့် မြို့ခံ တသောင်းလောက် ရေဘေးသင့်ခဲ့ရတာပါ။ ခုချိန် ရေပြန်ကျနေပေမဲ့ ပြန်လည် နေရာချထားရေး လုပ်ငန်းတွေ လုပ်ကိုင်နေရသလို လက်လုပ် လက်စားတွေအတွက် ပိုမို ခက်ခဲ ကျပ်တည်းနေရတယ်လို့ ပဲခူး ကလျာဏမိတ္တ လူမှုကူညီ ကယ်ဆယ်ရေး အဖွဲ့က ကိုကုလား က ဗွီအိုအေကို ခုလို ပြောပါတယ်။

“ရေကတော့ မရှိတော့ပါဘူး။ လုံးဝကျသွားပြီပေါ့။ အခုချိန်မှာ ဒီနေ့ဒီချိန် ရေမရှိတော့ဘူး။ ဒါပေမဲ့ ရေကြီးတုန်းက စခန်းတွေမှာ သွားနေရတယ်။ ရေကျတော့ မိမိအိမ် သွားနေကြရတယ်။ ပြန်နေချိန်မှာ အိမ်မကောင်းလို့ ပျက်တာ စီးတာတွေ၊ ပျက်တာစီးတာ ဆေးကြော ဆောင်ရွက်နေကြရတဲ့ အချိန်မှာ ရေဘေးသင့်ပြည်သူ လက်လုတ်လက်စားဆို အပြင်မှာ အလုပ်မလုပ်ရဘူး။ အခြေခံ လူတန်းစားများတဲ့ နေရာတွေကျတော့ အိမ်က မကောင်းဘူး။ အိမ် ပြိုပျက်၊ ပျက်စီးနံရံတွေ ကွာ၊ ဒါတွေ ရှိတယ်။ အဲ့တော့ urgent ချက်ချင်း ပြင်ဆင်လုပ်နေရတာ ရှိတယ်။ အဲ့ဒီအချိန် လက်လုပ် လက်စားတွေအနေနဲ့ ကျတော့ သူတို့မှာ ငွေခံမရှိဘူး။ အိမ်ပြင်နေတော့ သူတို့ အိမ်သားတွေက နေ့စားအနေနဲ့ သွားလုပ်ဖို့ အချိန်မရှိဘူးလေ။ အဲ့ချိန်မှာ စားရေးသောက်ရေး ငွေရေးကြေးရေးပါ အခက်အခဲတွေ ကြုံနေရတာပေါ့။”

အလားတူ မွန်ပြည်နယ်ထဲက ဘီးလင်း၊ ကျိုက်ထို၊ မုဒုံ၊ ကျိုက်မရော၊ ရေး စတဲ့ မြို့နယ်တွေမှာလည်း မိုးအဆက်မပြတ် ရွာသွန်းလို့ ကားလမ်း ရေကျော်တာတွေ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ကတည်းက မိုးများပြီး ရေကြီးလို့ ဘီးလင်းမြို့နယ်တွင်း ကျေးရွာတွေက ဒေသခံ ၈ ထောင်ထက်မနည်း ရေဘေး တိမ်းရှောင်ခဲ့ ကြရပါတယ်။

အခုတော့ ဘီးလင်းမှာ ရေပြန်ကျသွားပြီဖြစ်လို့ ကိုယ့်နေရပ်ဆီကို ပြန်ပြီး နေအိမ်သန့်ရှင်းရေး လုပ်ငန်းတွေ လုပ်နေကြပြီလို့ ဘီးလင်း ကယ်ဆယ်ရေး သမားတဦးက ခုလို ပြောပါတယ်။

“ပြန်ကုန်ပြီလေ။ သူ့နေရာနဲ့သူ အကုန်လုံး အဆင်ပြေပါတယ်။ ရွာတိုင်းရွာတိုင်းတော့ အကုန် ကိုယ့်အိမ်ကိုယ်ပြန်ကုန်ပြီ။ သူတို့ နေကျပြီး ဆိုတာနဲ့ ရေသန့်ရှင်းရေးပြန်လုပ်ကြတာပေါ့၊ ရေပြန်ဆေးပေါ့ သန့်ရှင်းရေးပြန်လုပ်ပြီးတော့ ပြန်နေကြတာပေါ့။ ကြိုတင်ပြင်ဆင်မှု ရှိသွားတဲ့ ပုံစံမျိုး ဖြစ်တာပေါ့၊ ရေ ပထမ တရက် တက်တယ်။ နည်းနည်းတက်တယ်။ တတိယ တရက်တက်တာနဲ့ လူတွေ ပြောင်းထားတယ်ပေါ့။ လူတွေက ရွှေ့ထားဖြစ်တော့ အခက်အခဲ မဖြစ်ဘူး။ အိမ် ပြန် ရေကျသွားရင် ကျနော်တို့က ပြန်လည် ပစ္စည်းတွေ ပို့ဆောင်ပေးတာ ရှိတယ်တာပေါ့။ သူတို့အိမ်တွေ ပေါ့နော်။”

မြန်မာနိုင်ငံ အနိမ့်ပိုင်းဒေသတွေမှာ ခုလို မိုးများတဲ့ ကာလတွေမှာ ရေကြီးရေလျှံတာတွေ နှစ်စဉ် ကြုံရလေ့ရှိပါတယ်။ မြစ်ရေတွေ တက်လာလို့ ရုတ်တရက် အပြောင်းအရွေ့တွေလည်း လုပ်ကြရတာပါ။ ရေပြန်ကျချိန်မှာလည်း အများစုက တနိုင်တပိုင် ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ ကိုယ်ထူကိုယ်ထ ကိုယ့်နေအိမ်ဆီ ပြန်ကြရတယ်လို့ ရေဘေးသင့်နေရာတွေက ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG