သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူး ညောင်လေးပင် ကျေးရွာတွေ ရေမြုပ် လူသေဆုံးမှုရှိ


ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မြစ်ရေလွှမ်းနေတဲ့မြင်ကွင်း။ (ဓာတ်ပုံ KNU/ဇူလိုင် ၂၉၊ ၂၀၂၄)
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မြစ်ရေလွှမ်းနေတဲ့မြင်ကွင်း။ (ဓာတ်ပုံ KNU/ဇူလိုင် ၂၉၊ ၂၀၂၄)

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့ နယ်၊ ဆောထိမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေမှာ ရေကြီးရေလျှံနေပြီး ကျေးရွာ ၁၃၀ ကျော် ရေနစ်မြုပ်နေသလို ရေဘေးကြောင့် လူသေဆုံးတာလည်းရှိနေပါတယ်။ ရေလွှမ်းနေတဲ့ဒေသတွေမှာ သွားလာရေးခက်ခဲနေပြီး ဝမ်းရောဂါလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့ နယ်၊ ဆောထိမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေက ကျေးရွာ ၁၃၀ ကျော် ရေလွှမ်းနေပြီး တချို့ကျေးရွာတွေမှာ အိမ်တွေရော လူတွေပါမျောပါကုန်တာတွေရှိပြီး ကလေးငယ်တွေသေဆုံးတာရှိနေတယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ကျနော်တို့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေမှာ ဆောထိမြို့နယ်ကော၊ လယ်ဒိုမြို့နယ်ကော၊ မုန်းမြို့နယ်ကော ရွာ ၁၃၀ ကျော်လောက် ရေတွေနစ်မြုပ်နေပြီး ရေဘေး ဒုက္ခတွေ ရောက်နေတာပေါ့။ မုန်းမြို့နယ်ဆိုရင်တော့ ၅၇ ရွာလောက်ရှိတယ်။ မြောင်းဦးဆိုတဲ့ကျေးရွာက အိမ်ခြေ တွေကို ရေတိုက်စားပြီး အိမ်တွေလည်းမျောပါကုန်တော့ ကလေးတယောက် ကိုထက်လင်းအောင်ရဲ့သ မီးလေးကတော့ ရေထဲမျောပါပြီးသေဆုံးသွားတယ်။”

အဲဒီ ဒေသမှာ မကြာသေးခင်တုန်းက တိုက်ပွဲတွေရှိပေမယ့် အခုရေကြီးနေချိန်မှာတော့ တိုက်ပွဲမဖြစ်ပေမယ့် စစ်ဘေးရှောင်နေတဲ့ပြည်သူတွေကတော့ ရေဘေးဒဏ်ကိုခံစားနေရတယ်လို့လည်း ပြောပါတယ်။

“တိုက်ပွဲကတော့ အခုမဖြစ်ဘူး။ အခုက တိုက်ပွဲဒဏ်ကော ရေဘေးဒဏ်ကော လူတွေက ခံနေရတာ အခုကတော့ တိုက်ပွဲတွေတော့ မရှိဘူး။ ဒါပေမယ့် ရေကထပ်ကြီးတော့ ဒုက္ခတွေနဲ့ပိုဆိုးနေတာပေါ့။”

အခုဆိုရင် စစ်တပ်ကလည်း အဲဒီနေရာတွေမှာပိတ်ဆို့ပြီးနေရာယူထားတဲ့အတွက် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ ကျန်းမာရေးပြဿနာတွေကြုံရတဲ့အခါမှာ ဆေးကုသဖို့လည်း ခက်ခဲနေတယ်လို့ဆိုပါတယ်။

“အခုက ဝမ်းရောဂါတွေလည်းဖြစ်နေတယ်။ ရေလည်းမသန့်ဘူး။ တချို့ကကျန်းမာရေးကြောင့်ဖြစ်ရင် ဆေးကုသလို့လည်းမရဘူး။ စစ်တပ်ကလည်း နယ်မြေပိတ်ထားတော့ သွားလာရေးတွေလည်းခက်ခဲနေတာပေါ့။”

ဇူလိုင်လ ၂၇ ရက်နေ့ မနက်ကစပြီး စစ်တောင်းမြစ်ရေတက်လာပြီး တမံကျိုးသွားတာကြောင့် ရေအလုံးအရင်း အရှိန်နဲ့ ကျေးရွာတွေဆီကိုဝင်ရောက်လာပြီး နေအိမ်တွေရေမြုပ်ကုန်တယ်လို့လည်း ဆိုပါတယ်။ လယ်ဒိုမြို့နယ် ထဲမှာတော့ ကျေးရွာပေါင်း ၄၀ ကျော်ရေနစ်မြုပ်ပြီး လူဦးရေ ၂၀,၀၀၀ ဝန်းကျင်ခန့် ရေဘေးသင့်ခဲ့ပါတယ်။ အဲဒီဒေသမှာ ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတယ်လို့လည်း KNU က သတင်းထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG