သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးရေကြီးမှု လူသေဆုံးမှုရှိ


ယခင်မှတ်တမ်းရုပ်ပုံ | ပဲခူးတိုင်း ပဲခူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းအပြီး ပဲခူးမြစ်စိုးရိမ်ရေမှတ်ကျော်လွန်သွားတာကြောင့် မြို့ထဲလမ်းတွေမှာ ရေကြီးရေလျှံနေတာကိုတွေ့ရစဉ် (ဩဂုတ် ၁၀၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ပဲခူးတိုင်း ပဲခူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းအပြီး ပဲခူးမြစ်စိုးရိမ်ရေမှတ်ကျော်လွန်သွားတာကြောင့် မြို့ထဲလမ်းတွေမှာ ရေကြီးရေလျှံနေတာကိုတွေ့ရစဉ် (ဩဂုတ် ၁၀၊ ၂၀၂၃)

နိုင်ငံအဝန်းရေကြီးရေလွှမ်းနေတာမှာ ပဲခူးမှာတော့ လူသေဆုံးမှုအထိရှိနေတယ်လို့ သိရပါတယ်။ ပဲခူးရေဘေးသင့်မှု ရက်ကြာလာတာနဲ့အမျှ အသွားအလာတွေခက်ခဲပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့တာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ရေလွှမ်းမိုးမှုတွေကြောင့် ဇူလိုင် ၃၀ ရက် မနက်ပိုင်းနဲ့ညနေပိုင်းမှာ ပဲခူးမြို့ပေါ် လူသေဆုံးတာတွေရှိတယ်လို့ မြေပြင် အခြေအနေသိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။ မနက်ပိုင်းမှာ အမျိုးသားတဦး ဓာတ်လိုက်သေဆုံးပြီး ညနေပိုင်းမှာ ရေဆော့ကစားရင်း ကလေးငယ်တဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောတာပါ။

"မနက်ပိုင်းက လူငယ်တယောက်ပေါ့။ ၂၂ ပတ်ချာလည်လောက်ရှိမယ်။ ဓာတ်လိုက်တယ်ပေါ့။ အမှတ် (၁) ကျောင်းနားမှာ အဲ့ဒါကသေသွားတယ်။ သွားကြည့်တော့ လူငယ်တယောက် ဓာတ်ကြိုးက ပြုတ်ကျနေတယ်လို့တော့ကြားတယ်။ အဲ့ဒါသေသွားတယ်။ အခုလောလောဆယ် ခန့်မှန်းခြေ ၁ နာရီခွဲ ၂ နာရီလောက်တော့ရှိမယ်။ ကလေးအလောင်းက ဆယ်နေကြတယ်။ ကျောက်တွင်းကုန်းလမ်းဆုံမှာ ရေလေးနည်းနည်းရှိတော့ လာဆော့ကြတာပေါ့။ ရေမရှိတဲ့ရပ်ကွက်က။ လာဆော့ရင်းနဲ့ ကောင်မလေး ခန့်မှန်းခြေ ၁၃-၁၄ လောက် တယောက်ပါတယ်။ ယောက်ကျားလေး ၇ နှစ်၊ ၈ နှစ်၊ ၂ ယောက် ပါတယ်။ အဲ့ထဲက ကောင်လေးနှစ်ယောက်မျောသွားတယ်။ မြောင်းရဲ့အထာကိုမသိတော့ ကောင်လေးတယောက်က အဲ့မြောင်းထဲဝင်သွားတယ်။ အခုချိန်ထိဆယ်တုန်း မရသေးဘူး။ အဲ့မြောင်းထဲ ကွန်ကရစ်အစတွေ ပိတ်နေတယ်ပေါ့။ ပုံစံကတော့ သေသွားပြီ။ နာရီလည်းကြာနေပြီ။ အခုချိန်ထိလည်းဆယ်မရသေးဘူး။"

ပြီးခဲ့တဲ့ ၂၀၂၃ ပဲခူးမြို့ရေကြီးတုန်းကလည်း အမျိုးသားတဦးသေဆုံးခဲ့ပါသေးတယ်။ ပဲခူးမြို့မှာ ရေနစ်မြုပ်နေတာ ၄ ရက်ခန့်ရှိလာပြီဖြစ်တဲ့အတွက် ရေဘေးသင့်ဒေသခံတွေမှာ အခက်အခဲတွေလည်းရှိလာနေပါတယ်။

မြို့ပေါ်မှာ ကူညီကယ်ဆယ်တာတွေရှိပေမယ့် မြို့အနီးက ကျေးရွာတွေမှာတော့ အခက်အခဲတွေရှိနေပါတယ်။ ပဲခူးမြို့နဲ့ ၃ မိုင်အကွာကအနောက် အောက်စည်တီးကျေးရွာဟာ အိမ်ခြေ ၁၈၀ နီးပါးရှိပြီး စပါးခင်းတွေပါ ရေနစ်မြုပ်သွားပါတယ်။ လက်ရှိအချိန်မှာ သွားရေးလာရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

"၂၈-၂၉-၃၀၊ ၃ ရက်ဖြစ်သွားပြီ။ ရေကလူမမီတော့ဘူး- ကျနော်တို့သွားဖို့က။ စားရေးသောက်ရေးက ရွာမှာကိုယ့်ဘာသာ ချက်စားရင်အဆင်ပြေတယ်။ ကျန်းမာရေးအတွက်က လှေလေးတစီးလောက် လိုချင်တယ်။ ကျန်းမာရေးတခုခုဖြစ်ပြီဆို ကျနော်တို့ရွာနဲ့ပဲခူးတက္ကသိုလ် ကားလမ်းနဲ့ကတမိုင်ဝေးတယ်။ သွားဝယ်ဖို့လည်း အဆင်မပြေတော့ဘူး။ စပိဘုတ်လေး တစီးလောက်ရရင် အဆင်ပြေတယ်။"

ပဲခူးမြို့ရဲ့ အဓိကဆည်ဖြစ်တဲ့ ဇောင်းတူဆည်မှာ ရေပြန်ကျသွားပေမယ့် ပဲခူးမြို့ပေါ်မှာတော့ ရေမကျဘဲရှိနေပါတယ်။ မြို့တွင်းကို ရေတွေ ထပ်မံမဝင်ရောက်နိုင်အောင် တာတွေပေါ် သဲအိတ်တွေတားဆီးထားတဲ့အတွက် အနိမ့်ပိုင်းရပ်ကွက်တွေ ဖြစ်တဲ့ ကျောက်တွင်းကုန်း၊ ကျောက်ကြီးစု၊ ကျောက်ကြီးစု ရွာသစ် စတဲ့ရပ်ကွက်တွေထဲကို ရေတွေ ပိုဝင်ရောက်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိပဲခူးမြို့မှာ သောင်းနဲ့ချီတဲ့ဒေသခံတွေ ရေဘေးသင့်နေပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်ထားပြီး ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေကြပါတယ်။ ရေကြီးနစ်မြုပ်တာကြောင့် စာသင်ကျောင်းတွေပိတ်ထားပြီး ပဲခူး ဘူတာ ရေကျော်တဲ့အတွက် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်တွေလည်း ဖျက်သိမ်းထားရပါတယ်။

ပဲခူးရေကြီးမှု လူသေဆုံးမှုရှိ
please wait

No media source currently available

0:00 0:02:57 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG