သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးရေဘေးကြောင့် လယ်မြေဧက ထောင်သောင်းချီထိခိုက်


ရေကြီးနေတဲ့ ပဲခူးမြို့အတွင်း သွားလာလှုပ်ရှားနေကြတဲ့ အများပြည်သူများ (အောက်တိုဘာ ၁၀၊ ၂၀၂၃)
ရေကြီးနေတဲ့ ပဲခူးမြို့အတွင်း သွားလာလှုပ်ရှားနေကြတဲ့ အများပြည်သူများ (အောက်တိုဘာ ၁၀၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ မိုးအကြီးအကျယ် ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကြောင့် လယ်ယာ မြေတွေ ထိခိုက်ပျက်စီးမှုတွေ ကြုံနေရပါတယ်။ ဒီရက်ပိုင်း ပဲခူးမြို့မှာ မိုးအဆက်မပြတ်ရွာ သွန်းပြီး စံချိန်တင်ရေကြီးမှုကြောင့် လယ်ဧက ၅၀,၀၀၀ ထပ်မနည်း ရေနစ်မြုပ်ပြီး စပါးခင်းတွေ ပျက်စီးသွား တယ်လို့ ပဲခူးတိုင်းဒေသကြီး ဆန်စပါးစိုက်တောင်သူတွေက ပြောပါတယ်။ ဒီသတင်းရန်ကုန်က စုစည်းတင်ပြလာတာကို မအိသန့်စင်က ပြောပြပေးမှာပါ။

ပဲခူးမြို့မှာ နှစ်ပေါင်း ၅၀ အတွင်း စံချိန်တင်ရေကြီးခဲ့တာပါ။ အောက်တိုဘာ ၈ရက်နေ့က စတင်ပြီး မိုးဆက်တိုက်ရွာသွန်းတဲ့အတွက် မြစ်ချောင်းတွေ ရေလျှံပြီး ပဲခူးမြို့ရဲ့ တောင်ဘက်ခြမ်း ၊ ပဲခူးမြစ်ရဲ့ အရှေ့ ဘက်နဲ့ အနောက်ဘက်က စပါးစိုက်တဲ့ ကျေးရွာအုပ်စုတွေ အတော်ထိခိုက်ပျက်ဆီးခဲ့ ရတယ်လို့ ပဲခူးတိုင်းဒေသကြီး ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးအောင်မြင်က ဗွီအိုအေကိုပြောပါတယ်။ ပျက်ဆီးမှု ပမာဏက ကြီးမားသလို ခန့်မှန်းခြေ လယ်ဧက ၅၀,၀၀၀ ထပ်မနည်း ရေနစ်မြုပ်ခဲ့တာ ဖြစ်ပြီး၊ စပါးခင်းတွေ ပျက်စီးခဲ့ရတယ်လို့ သူကပြောပါတယ်။

"ဒေတာကတော့ ခုတိတိကျကျမတက်သေးဘူး။ ဘယ်မြို့နယ် ဘယ်လောက်ဘယ်မြို့နယ် ဘယ်လောက်ဆိုတာ တိတိကျကျမသိရသေးဘူး။ ပျက်တာကတော့ပျက်တယ်။ ရာခိုင်နှုန်းထင်တာက တော့ ဝေါ၊ ဒိုက်ဦး ဝန်းကျင်ဆိုရင် ဧက ၄၊ ၅သောင်းဝန်းကျင်ရှိမယ်ထင်တယ်။ တချို့တွေကလည်း သိန်းချီတယ်ပြောတယ်။ များတာ ဘယ်လိုများလဲဆိုရင် ရေနစ်သွားတဲ့နေရာတွေရှိတယ်။ ရေမနစ်တဲ့ ဟာ ကလည်း ရိတ်ခါနီးမှာ မိုးက ရက်ရှည်ရွာတော့ အနှံတွေက လေးလာတယ်။ ရက်ရှည်မိုးရွာတော့ အပင်တွေ လဲတာတွေက ရေနစ်ကုန်တာ။ တချို့တောင်သူဆို ၅ ဧက စလုံး၊ ၁၀ ဧကဆို ၁၀ ဧက စလုံး ပျက်ဆီးသွားတာရှိတယ်။"

အောက်တိုဘာ ၈ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြို့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်ရောက်ခဲ့တာ ဖြစ်ပြီး ပဲခူးတိုင်းနေရာ တော်တော်များများမှာပါ ရေလွမ်းမိုးခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ပင်မစီးပွား ရေးဖြစ်တဲ့ စိုက်ပျိုးရေး လုပ်ငန်းပါ ထိခိုက်လာနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်လာရတာပါ။ ဒီအချိန်ဟာ မိုးစပါးရိတ်မယ့်အချိန်ဖြစ်ပြီး မိုးကြီးရေလျှံခဲ့တာကြောင့် မရိတ်နိုင်ဘဲ ပဲခူးက တောင်သူတွေအတွက် ဆုံးရှုံးမှုကြီးခဲ့ပါတယ်။

ရေကြီးနေတဲ့ ပဲခူးမြို့အတွင်း ရေမြုပ်သွားတဲ့နေအိမ်ရှေ့မှာထိုင်နေသူတဦး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
ရေကြီးနေတဲ့ ပဲခူးမြို့အတွင်း ရေမြုပ်သွားတဲ့နေအိမ်ရှေ့မှာထိုင်နေသူတဦး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

ပဲခူးတိုင်းအရှေ့နဲ့တောင်ဘက်ခြမ်းတို့မှာ ရက်ပေါင်း ၁၁၀ နဲ့ ၁၂၀ ကြားရှိတဲ့ မိုးစပါး သက်ငယ်စပါး နဲ့ သက်လတ်စပါးကို စိုက်ကြတာဖြစ်ပြီး စက်တင်ဘာလကုန်ကနေ အောက်တိုဘာလလယ် အတွင်းမှာ ရိတ်သိမ်းကြရတာဖြစ်ပါတယ်။ ဒီစပါးတွေ အကုန်နီးပါးပျက်ဆီးတာကြောင့်ဆုံးရှုံးမှု တန်ဖိုးတွက်ဖို့ တောင်ခက်တယ်လို့ ဦးအောင်မြင်ကပြောပါတယ်။

"ကောက်ဦးစပါးမှာ ရာသီမိုး ဒီလိုလုပ်လိုက်တော့ တောင်သူအနေနဲ့ နစ်နာမှုက ကြီးတာပေါ့။ အပင် တွေက အပင်လဲတာကို ရိတ်မယ်ဆို၊ ရေမြုပ်တယ်ဆိုရင် ၇၅ တင်းထွက်တဲ့စပါးက ၃၅တင်းဘဲထွက် တော့မယ်။ ၃၅ တင်းထွက်မယ့ ်စပါးကလည်း အကောင်းအတိုင်း မဖြစ်တော့ဘူးလေ။ ရိတ်ခတွေက လည်း အပင်လဲ တွေရိတ်ရလို့ တချို့ဟာက ၁သိန်းခွဲထိ တောင်းလို့ အကြမ်းစပါးဈေးနဲ့ ရိတ်ခနဲ့ဆို တော့ တချို့လယ်သမားတွေက ရိတ်ဖို့တောင်မစဉ်းစားဘူး။ အဲအခြေအနေဖြစ်နေတယ်။ ခုက နည်းနည်းခံသာ တာက အမြင့်ပိုင်းရောက်တဲ့ ထွက်ခါစ စပါးခံသာတယ်။ မှည့်တာတွေကတော့ ကုန်တာဘဲ။"

ဒီရေကြီးမှုဟာ ပဲခူးအရှေ့ခြမ်း ဒိုက်ဦး၊ ကဝ၊ သနပ်ပင်၊ ဝေါ ဘက်အပြင် လှည်းကူး၊ ခရမ်းတို့က လယ်ဧကတွေကိုပါ သက်ရောက်မှုရှိခဲ့ပါတယ်။ စပါးတွေ ပျက်စီးမှုတွေက စိုက်ဧကရဲ့ ၅၀ရာခိုင်နှုန်းကျော် တာကြောင့် ဒီပျက်စီးမှုကနေ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆန်စက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"အနည်းဆုံးကတော့ ၅၀ရာခိုင်နှုန်းဘဲ၊ ခုဒီမိုးစပါးအတွက်ကိုပေါ့။ ရိုက်ခတ်မှုတွေရှိလာနိုင်တယ်။ ခု ချိန်တော့မသိသာသေးဘူးပေါ့ ခုချိန်မှာကျတော့ ပြောရင်တော့အဲဘက်ကိုအာရုံမရကြသေးဘူးပေါ့။ ခုချိန်တခြား ကိစ္စတွေအာရုံများနေရတော့ မသိသာသေးဘူး။ export ရောင်းထားတာ တွေရှိမယ်။ အဲအပေါ်ဒေသ လိုအပ်ချက်ပေါ် မူတည်ပြီးတော့ အဲကျမှသာ impact တွေ ဖြစ်လာလိမ့်မယ်ထင်တယ်။ မျက်မှန်းအရတော့ တဝက်လောက်ကတော့ သွားလိမ့်မယ်။ အကြီးကြီးတော့ ပြောမရသေးဘူးပေါ့။ မပြောရဲသေးဘူး ဆိုတာကလည်း တခါတလေကျရင် big change ကြီးဖြစ်နိုင်တာပဲလေ"

ရေကြီးနေတဲ့ ပဲခူးမြို့ကို ဝေဟင်က မြင်တွေ့ရပုံ (အောက်တိုဘာ ၁၀၊ ၂၀၂၃)
ရေကြီးနေတဲ့ ပဲခူးမြို့ကို ဝေဟင်က မြင်တွေ့ရပုံ (အောက်တိုဘာ ၁၀၊ ၂၀၂၃)

စပါးခင်းတွေ ပျက်စီးခဲ့တဲ့ တောင်သူတွေအတွက် ပဲခူးတိုင်းအစိုးရက ဘာလုပ်ပေးဖို့ရှိလဲဆိုတာကို မေးမြန်းဖို့ ပဲခူးတိုင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် ဖြေကြားတာမရှိပါဘူး။

အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသင်းဝင်တဦးကတော့ အခုရက်ပိုင်းမိုးများခဲ့တဲ့ ကာလအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့အပြင် ဧရာဝတီနဲ့ မွန်ပြည်နယ်တို့မှာပါ ရေဝင်ပျက်ဆီးသွားတဲ့ စပါးစိုက်ဧကတွေနဲ့ပျက်ဆီးဆုံးရှုံးမှု အခြေအနေကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနဲ့အတူ စာရင်းကောက်ယူဖို့ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဘယ်တော့လောက် စတင်ကောက်ခံမလဲဆိုတာကိုတော့ အသေးစိတ်မပြောခဲ့ပါဘူး။

ပဲခူးတိုင်းဒေသကြီးမှာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးလျာထား စိုက်ဧက ၂ သန်း ၆ သိန်းထောင်ကျော် ရှိခဲ့တယ်လို့ စာရင်းတွေကဖော်ပြထားပါတယ်။ ဒီတခေါက် ရေဘေးသင့်တဲ့နေရာအများစုဖြစ်တဲ့ ပဲခူးဘက်မှာ စိုက်ဧက ၄သောင်း ၆ထောင်ကျော်၊ ဒိုက်ဦးမှာ စိုက်ဧက ၂သောင်းနီးပါး၊ သနပ်ပင်မှာတော့ စိုက်ဧက ၂သောင်း ၂ထောင်ကျော်၊ ကဝ ဘက်မှာ စိုက်ဧက ၁သောင်း ၂ထောင်ကျော်၊ လှည်းကူးဘက်မှာ တော့ စိုက်ဧက ၁သောင်းခွဲကျော် ပျက်စီး နိုင်ဖွယ်ရှိတယ်လို့ UNDP ဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG