သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော် တပ်ကုန်းမှာ ရေဘေးဒုက္ခသည် ၁၅၀ ခန့် အစာအဆိပ်သင့်


နေပြည်တော် တပ်ကုန်းမှာ ရေဘေးဒုက္ခသည်တချို့ အစာအဆိပ်သင့်လို့ ကုသမှုခံယူနေစဉ် (စက်တင်ဘာ ၁၈၊ ၂၀၂၄)
နေပြည်တော် တပ်ကုန်းမှာ ရေဘေးဒုက္ခသည်တချို့ အစာအဆိပ်သင့်လို့ ကုသမှုခံယူနေစဉ် (စက်တင်ဘာ ၁၈၊ ၂၀၂၄)

ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဒေသတွေမှာ အပါအဝင် ဖြစ်ခဲ့တဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ကလေးငယ်တွေ အပါအဝင် ရေဘေးဒုက္ခသည် ၁၅၀ လောက် အစာအဆိပ်သင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စေတနာ့ရှင်တွေ လှူဒါန်းတဲ့ အစားအသောက်တွေကို စားမိရာက အစာအဆိပ်သင့်ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရတယ်လို့လည်း ပြောပါတယ်။ ရေဘေးနောက်ဆက်တွဲ ကျန်းမာရေးပြဿနာကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

Yagi မုန်တိုင်းကြောင့် ရေဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံခဲ့ရတဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်ထဲက ချောင်းခြားနဲ့ ကြက်သွန်ခင်းရွာမှာ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ လာရောက်လှူဒါန်းတဲ့ ဒံပေါက်တွေစားသုံးပြီး ရေဘေးသင့်ပြည်သူ ၁၅၀ နီးပါး အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရတယ်လို့ ကျေးရွာက ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

အစာအဆိပ်သင့်သူတွေကို ဆေးရုံလည်း တင်ထားသလို ချောင်းခြားကျေးရွာ ဘုန်းကြီးကျောင်းမှာလည်း ကျန်းမာရေး စင်တာဖွင့်ပြီး ကုသနေရကာ လက်ရှိမှာတော့ ကလေးငယ်တွေရဲ့ အန်ဖတ်နဲ့ ဒံပေါက်ကို ဓာတ်ခွဲခန်းပို့ထားတယ်လို့ ကူညီကယ်ဆယ်ပေးခဲ့သူတဦးက အခုလို ပြောပါတယ်။

"ကလေးတွေကော လူကြီးတွေကော ညနေ ၅ နာရီခွဲလောက်ကနေ ၁၁ ခွဲလောက်အထိ အရေးပေါ်ကားတွေနဲ့ ထုတ်လိုက်ရတယ်။ ရွာထဲမှာကျန်တဲ့သူတွေကို ချောင်းခြား ဘုန်းကြီးကျောင်းမှာ စင်တာဖွင့်ပြီးတော့ ည ၁၂ ခွဲလောက်မှာ နီးစပ်ရာ ကျေးလက် ကျန်းမာရေးဌာနတွေမှာ ဆေးဝါးတွေကို ဆိုင်ကယ်နဲ့ အရေးပေါ်သွားပြီး သယ်ယူရတယ်။ မူးတယ်။ တချို့ကလည်း အန်တယ်။ တယောက်နဲ့တယောက်မတူကြဘူးခင်ဗျ။ လက္ခာကတော့ အစုံပဲ။ သူတို့ရွာအင်အားနဲ့ဆိုရင် လူဦးရေက လောလောဆယ် ကျွန်တော်တို့ သိသလောက် ၂၀၀ ပတ်ချာလည်လောက်တော့ သွားတယ်ခင်ဗျ။ အစောပိုင်းဖြစ်တာက ချောင်းခြားကျေးရွာက ကလေးအများစုခင်ဗျ။ နောက်ပိုင်းမှာချောင်းခြားကျေးရွာက လူကြီးတွေကော ဖြစ်လာတယ်။ ကြက်သွန်ခင်း ၊ ချောင်းခြားတွေ ထမင်းထုတ်တွေလာတယ်။ ထမင်းနဲ့ကြက်ဥတွေလာတယ်။ အစုံပဲ။ ဒံပေါက်တွေလည်းပါတယ်။ လက်ရှိတော့ ဒံပေါက်ကိုလည်း ဓာတ်ခွဲခန်းပို့ထားတယ်။ ကလေးတယောက်ရဲ့ အံဖတ်ကိုလည်း ဓာတ်ခွဲခန်းပို့ထားတယ်။"

အစာအဆိပ်သင့်သူတွေကို ကျေးရွာဘုန်းကြီးကျောင်းအပြင် တပ်ကုန်းမြို့နယ် ကုတင် ၁၀၀ ဆေးရုံနဲ့ ကုတင် ၃၀၀ ဆေးရုံတို့မှာ ကုသပေးနေပြီး စက်တင်ဘာ ၁၈ ရက်မနက်ပိုင်းမှာ သက်သာလာတဲ့သူအချို့ ဆေးရုံဆင်းလာပြီလို့ ချောင်းခြားကျေးရွာသားတွေက ပြောပါတယ်။

တပ်ကုန်းမြို့နယ် ကုတင် ၁၀၀ ဆေးရုံမှာ ပြင်ပလူနာ ၅၀၊ အတွင်းလူနာ ၅၆ ဦး၊ နေပြည်တော် ကလေးအထူးကုဆေးရုံမှာ ၅၊ ဦး ကုတင် ၃၀၀ ဆေးရုံမှာ အတွင်းလူနာ ၄ ဦး ကို ကုသပေးထားရတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။

အစာအဆိပ်သင့်တဲ့ ဒေသခံတွေထဲက ပြန်လည်သက်သာလာသူတွေတော့ ဆေးရုံက ဆင်းလာပြီလို့လည်း ချောင်းခြားကျေးရွာသား တဦး ပြောပါတယ်။

"မြို့နယ်ကလည်း ကားတွေနဲ့ လာခေါ်ကြတယ်။ အဲ့ကနေမှ ကုတင် ၁၀၀ မှာမဆန့်တော့ ကုတင် ၃၀၀ ကိုနည်းနည်းသွား။ခွဲသွားတယ်ပေါ့။ ဆေးရုံကို ကျွန်တော့်ကလေးမတင်ရဘူး။ အမျိုးသမီးဖြစ်သူကတော့ ကျေးလက်ကလာတဲ့ ရွာလူကြီးအိမ်မှာပဲ ပုလင်း တလုံးချိတ်ပေးလိုက်တာနဲ့ သူကလည်း ထူထူထောင်ထောင်ဖြစ်သွားပြီးတော့ အိမ်မှာပဲ ပြန်ခေါ်ပြီးတော့ (ဆေးရံ) ဟိုကို မပို့လိုက်ရဘူးခင်ဗျ။ အားလုံး သက်သာကြတယ်လို့ ပြောတယ်ခင်ဗျ။ ဆင်းတဲ့သူက ဆင်းလာပြီပေါ့။ ထူထူထောင်ထောင် ဖြစ်ကြတယ်ပေါ့။ တချို့တဝက်တော့ ပြန်ဆင်းလာပြီပေါ့။ တချို့တဝက်ကတော့ မဆင်းလာကြသေးဘူးပေါ့။"

လက်ရှိအချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုအပြင် ချောင်းခြားနဲ့ ကြက်သွန်ခင်းကျေးရွာ လမ်းတွေ ပျက်စီးသွားတဲ့အတွက် ပြုပြင်ဖို့ အကူအညီလိုအပ်နေပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက်လည်း အကူအညီတွေ လိုအပ်နေပါတယ်။

ရာဂိမုန်တိုင်းကြောင့် မြန်မာနိုင်ငံတဝှမ်းမှာ ရေကြီးရေလျံခဲ့ပြီး လမ်းတံတားတွေ ပျက်စီးခဲ့ရပါတယ်။ တချို့ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေဆီ အလှူရှင်တွေ မရောက်နိုင်တာတွေရှိသလို လာရောက်လှူဒါန်းတဲ့ ထမင်းဟင်းတွေဟာ ကြာရှည် အထားမခံတဲ့အတွက် အစာခြောက်တွေအပြင် ဆေးဝါးအကူအညီတွေလည်း အထူးလိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG