သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း စစ်ဘေးရှောင်တွေ ရေဘေးဒဏ်ပါခံစားရ


ထိုင်းမြန်မာနယ်စပ် ပလောတပို့စခန်း မိုးသည်းမြစ်ရေကြီးလွန်း ကမ်းပါးပြိုလို့ အိမ်တွေပါကုန် (စက်တင်ဘာ ၁၁၊ ၂၀၂၄)
ထိုင်းမြန်မာနယ်စပ် ပလောတပို့စခန်း မိုးသည်းမြစ်ရေကြီးလွန်း ကမ်းပါးပြိုလို့ အိမ်တွေပါကုန် (စက်တင်ဘာ ၁၁၊ ၂၀၂၄)

မြန်မာနိုင်ငံအနှံ့ ရေဘေးသင့်နေချိန် ကရင်ပြည်နယ်အတွင်းမှာလည်း ရေဘေးဒဏ်ကိုကြုံတွေ့နေရပြီး သောင်ရင်းမြစ်၊သံလွင်မြစ်ကမ်းဘေး တွေမှာနေနေကြရတဲ့ စစ်ဘေးရှောင် စခန်းတွေလည်း ရေဘေးဒဏ်ခံရတယ်လို့ လူမူကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကရင်လူ့အခွင့်ရေးအဖွဲ့တွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာလည်း ရေဘေးဒဏ်ကိုကြုံတွေ့နေရပြီး သံလွင်မြစ်ကမ်းဘေးနေရာတွေမှာ ရေကြီး ရေလွှမ်းနေတာကြောင့် ရေဘေးရှောင်စခန်းတွေပါ ဖွင့်ထားရပါတယ်။ အလားတူ စစ်ဘေးရှောင်စခန်းတွေမှာလည်း ရေဘေးဒဏ်ခံရတယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ကရင်လူ့အခွင့်ရေးအဖွဲ့တွေက ဆိုပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ ပလော့တပို့စစ်ရှောင်စခန်း၊ အီသူထစခန်း၊ သေဘောဘိုးစခန်း- စတဲ့ စစ်ဘေးရှောင်တွေနေတဲ့နေရာတွေမှာပါ ရေကြီးနေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကအခုလိုပြောပါတယ်။

“အိသူးထက တပ်မဟာ ၅ ထဲမှာပါ။ လူဦးရေကတော့ ထောင်ဂဏန်းလောက်ရှိပါတယ်။ IDP စခန်းတွေထဲက ပလော့တပို့စခန်းအပြင် သေဘောဘိုးစခန်းတွေလည်း ရေဘေးသင့်တဲ့အထဲမှာပါတယ်။ သူကလည်းသောင်ရင်းမြစ်အနားမှာရှိတယ်။ စစ်ဘေးရှောင်တွေက စစ်ဘေးသင့်တာအပြင် သဘာ၀ဘေးဒဏ်တွေကို ကြုံတွေ့ရတယ်။ အရင်တုန်းကတည်းကလည်း ရှိတယ်။ နောက်တခုကတော့ မိုးကြီးတာတို့၊ မိုးအရမ်းရွာတဲ့အချိန်မှာလည်း ဖြစ်တယ်။ ရာသီဥတုဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားနေရတာလည်းရှိတယ်။”

စက်တင်ဘာလ ၁၃ ရက်ကစပြီး ရေကြီးရေလွှမ်းနေတဲ့အတွက် ကရင်ပြည်နယ်ဘားအံမြို့မှာတော့ ရေဘေးရှောင်စခန်း ၁၇ ခုမှာ လူ တသောင်းကျော် ရေဘေးသင့်နေတယ်လို့ ကရင်ပြည်နယ်အတွင်းက လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေသူတဦးကလည်း ပြောပါတယ်။

“ဒုက္ခသည်စခန်းတွေမှာလည်း ရေဘေးကိုကြုံနေရတယ်။ သံလွင်မြစ်နားကပ်နေတဲ့နေရာတွေမှာလည်း ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံနေရတာ ရွာ ၂၀ လောက်ရှိတယ်။”

သံလွင်မြစ်ရေကတော့ စိုးရိမ်ရေမှတ်အထက်မှာ ရှိနေသေးကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်ထား ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် အဓိကလိုအပ်ချက်ကတော့ လူတွေကို ရွှေ့ပြောင်းကယ်ဆယ်ဖို့ လှေတွေလိုအပ်နေပြီး အစားအသောက်နဲ့ သောက်ရေကတော့ တခြားမြို့ခံတွေက ကူညီပေးကြတယ်လို့ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA Myanmar ရဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ ရေကြီးမှုအခြေအနေ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ရေကြီးမှုကြောင့် မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်နဲ့တကွ ပဲခူး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေး၊ မန္တလေး၊ မွန်ပြည်နယ်အရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲက မြို့နယ် ၅၉ ခုမှာ ရေလွှမ်းမိုးခဲ့ တယ်လို့ ဆိုပါတယ်။ နိုင်ငံတဝှမ်း ရေလွှမ်းမိုးမှုကြောင့် ခန့်မှန်းခြေ လူပေါင်း ၆၃၁,၀၀၀ ရေဘေးသင့်ပြီး ထိခိုက်ခံရဖွယ်ရှိသလို လူရာပေါင်းများစွာသေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်းကို ဖော်ပြထားပါတယ်ရှင်။

ကရင်ပြည်နယ်တွင်း စစ်ဘေးရှောင်တွေ ရေဘေးဒဏ်ပါခံစားရ
please wait

No media source currently available

0:00 0:03:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG