သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်


မင်းပြားက ဖုံသာချောင်းတလျှောက်က ရေကြီးရလျှံခဲ့တဲ့ ကျေးရွာတရွာ (စက်တင်ဘာ ၁၇၊ ၂၀၂၄)
မင်းပြားက ဖုံသာချောင်းတလျှောက်က ရေကြီးရလျှံခဲ့တဲ့ ကျေးရွာတရွာ (စက်တင်ဘာ ၁၇၊ ၂၀၂၄)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာသေးခင်က ရေဘေးသင့်ခဲ့တဲ့ ကျေးရွာပေါင်း ဒါဇင်နဲ့ချီရှိခဲ့ပြီး နေအိမ်ရာချီ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် ဒုက္ခရောက်ကြရသူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က ရေဘေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေတခုဖြစ်တဲ့ မင်းပြားမြို့နယ် ဖုံသာချောင်းတလျှောက်က ကျေးရွာအများအပြား ရေဘေးသင့်ခဲ့တာပါ။ ရေဘေးကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေလည်း ကြီးမားခဲ့တယ်လို့ကူညီကယ်ဆေးရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ဒေသခံ တဦးကပြောပါတယ်။

“ရေကြီးတာကတော့ ဖုံသာချောင်း တချောင်းလုံးကြီးသွားတာ၊ ရေကလည်း တရက် လောက်ပဲ ကြီးသွားတာ၊ ရေကြီးတာကလည်း ရေကာဒါ ဖွင့်ချသလိုမျိုး ဘာမှ မရနိုင် လောက်အောင် လူလည်းတယောက် ပါသွားတယ်၊ ရွာပေါင်းကတော့ ၄ဝကျော်ရှိတယ်၊လက်ရှိ အထိအ နာဆုံးကတော့ ရွာကတော့ ၈ ရွာလောက် ရှိတယ်ခင်ဗျာ။”

လက်ရှိရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖုံသာချောင်းတလျှောက်ကကျေးရွာတွေဟာ ချင်းတိုင်းရင်းသားအများ စုနေထိုင်တဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။လေးမြို့မြစ်ရေနဲ့ ရခိုင်ရိုးမတောင်ပေါ်က ဒလဟောဆင်းသက်လာတဲ့ ရေတွေကြောင့် နေအိမ်ပေါင်း ၁၇ဝ ကျော် ရေစီးထဲ မျှောပါသွားခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ရေထဲကို အကုန်လုံး အိမ်ပါ တခါတည်း ပါသွားတဲ့ အိမ်တွေ အများကြီးရှိတယ်၊ လက်ရှိ ကျနော်တို့ဆီကို ဒေသခံရွာသူ ရွာသားတွေ ပို့လာတဲ့ အချက်အလက်အရဆိုရင် ဒီနေ့အ ထိတော့ ရေတွက်လို့မပြီးသေးဘူး။ ရထားတဲ့စာရင်းအရတော့ ၁၇၂ ဆောင် ရေထဲပါ သွားတာ။”

ထောင်နဲ့ချီတဲ့ ရေဘေးသင့် ဒေသခံတွေအတွက် အကူအညီတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ပြောပါတယ်။

“ လက်ရှိအထိတော့ ဒေသခံတွေ ပြောပြချက်အရ ဘယ်အသင်း ဘယ်ဌာနကမှ ကယ်ဆယ် ရေးသမားတွေ မရောက်လာသေးဘူး၊ လက်ရှိမှာ သူတို့ပါသူတို့ ရွာသူရွာသား တွေမှာ ရှိတဲ့ ဟာကို တယောက်နဲ့ တယောက် ချေးငှားပြီးတော့ စားနေကြတယ်လို့ ပြောတယ်။ အမိုးအကာမရှိ လက်ရှိ ငှက်ပျော်ရွက်တွေ ဝါးရွက်တွေကို မိုးပြီးတော့ နေကြတာ။ ရွာမှာ အိမ်မရှိတော့တဲ့သူတွေဆိုရင် တောင်ပေါ်မှာပဲ နေကြတာ။ ရွာထဲမှာတော့ ချောင်းရေဝင် လာတဲ့ အချိန် နုန်းတွေ အများပါလာတော့ နေလို့မရသေးတဲ့ အခြေအနေ ရှိတယ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ရက်ကတည်းက ကုန်းလမ်းရေလမ်းတွေနဲ့ ကုန်စည်စီးဆင်းမှုတွေ ဖြတ်တောက်ခံထားရတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာတွေရှားပါးတာတွေအပြင် ဆေးဝါးပြတ်တောက်မှုတွေလည်းရှိနေတာပါ။

ဒီကြားထဲ မကြာခဏဆိုသလို ရေကြီးရေလျံမှုတွေ ရှိနေတာကြောင့် စပါးခင်းတွေ ပျက်စီးတာတွေ နေအိမ်တွေ လမ်းတံတားတွေ ပျက်စီးတာတွေရှိပေမယ့်လည်း AAဘက်က အပြည့်အဝ ကူညီဆောင်ရွက်ပေးတာမျိုးတွေ မလုပ်နိုင်သလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း မရှိတာကြောင့် ဒေသခံတွင်း နေထိုင်သူတွေရဲ့ နေ့စဉ်ဘဝတွေက ပိုပြီးတော့ ခက်ခဲလာနေတယ်လို့လည်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

“ချောင်းရေ မြစ်ရေတွေ ကြီးတဲ့ အတွက်နဲ့ စပါးခင်းတွေ ပျက်စီးတယ်၊ လမ်းတံတားတွေ ပျက်စီးတယ်၊ ရွာတွေ အိမ်ခြေတွေ အကုန်လုံးပျက်စီးတယ်၊ အဲလိုမျိုး တော်တော့ကို ကြီးကြီးမားမား ပျက်စီးပါတယ်၊ ဒါပေမယ့် အစိုးရကတော့ သူတို့ ထိန်းချုပ် ဧရိယာလည်းမဟုတ်တော့ အစကတည်းကလည်း လမ်းပန်းဆက်သွယ်ရေး ပိတ်ထားတဲ့ အတွက်ကြောင့် ကုန်ဈေးနှုန်းတွေက တအားကြီးတယ်၊ သူတို့ဘက်ကလည်း မြေပြင်အထိ ကွင်းဆင်းပြီးတော့ ဘာမှ မလုပ်နိုင်ဘူး။ အာရက္ခတပ်တော်ဘက်တော့ သန့်ရှင်းရေး လုပ်ပေးတာတွေ့ရတယ်၊ လမ်းတွေ တံတားတွေ အနည်းအကျဉ်းပြင်တာတွေ့ရတယ်၊ ရိက္ခာတချို့ ကူညီတာတော့ တွေ့ရတယ်။ ဒါပေမယ့် လုံလောက်တဲ့ ကူညီမှုမျိုးမပေးနိုင်ဘူး၊ နိင်ငံတကာအကူအညီလည်းမရှိတဲ့ အခါမှာ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေပြည့်စုံဖို့ဆိုတာ အခက်အခဲရှိပါတယ်။”

ရခိုင်ပြည်နယ်မှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ရခိုင်ဒေသခံတွေ အိုးအိမ်စွန့် ခွာထွက်ပြေးနေရပြီး ဒုက္ခသည်စခန်းတွေနဲ့ လုံခြုံမယ်လို့ ယူဆရတဲ့ နေရာတွေမှာ နေထိုင်ကြပြီး စားဝတ်နေရေးကျန်းမာရေး ပညာရေး စတဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြ ရသလို မကြာခဏဆိုသလို ကျရောက်တတ်တဲ့ သဘာဝဘေး အန္တရာယ်တွေကိုလည်း ရင်ဆိုင်နေကြရတာပါ။

Forum

XS
SM
MD
LG