သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီကြေညာချက် ရခိုင်အပေါ်သက်ရောက်မှုမရှိ” ‌AA ပြောခွင့်ရ​​​​​​​


AA ပြောခွင့်ရ ခိုင်သုခ (Screenshot Photo: အာရက္ခတပ်တော် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ)
AA ပြောခွင့်ရ ခိုင်သုခ (Screenshot Photo: အာရက္ခတပ်တော် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ)

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ကြေညာတဲ့လုပ်ရပ်ကြောင့် ရခိုင်ပြည်နဲ့ ရခိုင်လူထုအပေါ် သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ AA အာရက္ခတပ်တော်က တုံ့ပြန်ပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဝင်တခုဖြစ်တဲ့ AA တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ သုံးဖွဲ့လို့လူသိများတဲ့ မြန်မာအမျိုးသား မဟာမိတ်တပ်မတော် (MDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ကို အကြမ်းဖက်အုပ်စုတွေအဖြစ် စစ်ကောင်စီက ကြေညာခဲ့တာပါ။ စစ်ကောင်စီက အကြမ်းဖက်အုပ်စုတွေအဖြစ်ကြေညာလိုက်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဟာ လက်ရှိမှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တပ်တွေဖြစ်သလို စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ တပ်စခန်းတော်တော်များများကို သိမ်းယူထားနိုင်တဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။ အခုလို စစ်ကောင်စီရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက အခုလိုပြောပါတယ်။

“အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ သူ့ရဲ့ စစ်ရေးအရ ရှုံးနိမ့်မှုတွေ၊ နိုင်ငံရေးအရဝိုင်းပယ်ခံရမှုတွေ၊ သံတမန်ရေးအရ ဝိုင်းပယ်ခံရပြီးတော့ လူတောမတိုးနိုင်တော့တဲ့အခြေအနေမှာ သူဟာ ‘အစိုးရတရပ်အနေနဲ့ ဆက်ပြီးတော့ ရှိနေပါတယ်’ ဆိုတာကို ပုံဖော်ဖို့လိုတဲ့အတွက်ကြောင့်မို့လို့ အခုလို ကြေညာတာလည်းဖြစ်နိုင်ပါတယ်။”

စစ်ကောင်စီအနေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ တရုတ်ကြားဝင်စေ့စပ်ပေးမှုအရ မကြာခဏ တွေ့ဆုံဆွေးနွေးနေတာ ရှိပေမယ့်လည်း တိုက်ပွဲတွေရပ်တန့်သွားတာမျိုး မတွေ့ရသေးပါဘူး။ ဒီအချိန်မှာပဲ စစ်ကောင်စီက မြောက်ပိုင်းသုံးဖွဲ့ကို အကြမ်းဖက်အုပ်စု အဖြစ်ကြေညာလိုက်တာဟာ တရုတ်ကြားဝင်စေ့စပ်ပေးနေတဲ့ အပစ်အခတ်ရပ်စဲရေးကို လက်မခံတဲ့သဘော သက်ရောက်တယ်လို့လည်း AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“အကျိုးဆက်အနေနဲ့ တရုတ်က ကြားဝင်စေ့စပ်ပြီးတော့ အပစ်အခတ်ရပ်ဖို့ ကြိုးစားနေတဲ့ဟာကို ဒီကြေညာချက်က နင်းခြေ ဖျက်စီးပြီးသား ဖြစ်နေပါတယ်။ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို သူ လက်မခံဘူးဆိုတာကို ဖော်ပြနေတာဖြစ်တယ်လို့ ကျနော်က အဲလိုပဲ သုံးသပ်ပါတယ်ဗျာ။”

စစ်ကောင်စီအနေနဲ့ အာရက္ခတပ်တော် AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတာကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လအတွင်းကပဲ ပြန်လည်ရုပ်သိမ်းထားတာဖြစ်ပြီး အခုတကြိမ်ထပ်ပြီး အကြမ်းဖက်အုပ်စုအဖြစ် ကြေညာတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကြေညာချက်ဟာ အာရက္ခတပ်တော်နဲ့ရခိုင်ပြည်သူတွေအတွက် တစုံတရာ အကျိုးသက်ရောက်မှုမရှိဘူးလို့လည်း AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“နောက်တချက်ထောက်ပြချင်တာက အကြမ်းဖက် စစ်ကောင်စီဟာ နိုင်ငံတကာက အကြမ်းဖက်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ အာဆာလိုအဖွဲ့အစည်းမျိုး၊ RSO လိုအဖွဲ့အစည်း မျိုးနဲ့သူတို့ မဟာမိတ်ဖွဲ့ပြီးတော့ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ရခိုင်ပြည်သူတွေကို မောင်တောဘက်မှာ နေ့စဉ်ရက်ဆက် မတရားဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ် ပြန်ပေးဆွဲ၊ ငွေညှစ် အဲဒါမျိုးတွေ သူတို့ တောက်လျှောက် လုပ်နေတာရှိတယ်။ ဒါကြောင့်မို့လို့ ရခိုင်ပြည်မှာတော့ စစ်ကောင်စီဟာ အကြမ်းဖက် သောင်းကျန်းသူ အစစ်ပဲဆိုတာ ရခိုင်ပြည်သားတွေ အားလုံး လက်ခံထားတဲ့ ကိစ္စဖြစ်တယ်ဗျာ။ ဒါကြောင့်မို့လို့ စစ်ကောင်စီရဲ့ ဒီကြေညာချက်က ကျနော်တို့ ရခိုင်တွေအတွက် ဘာမှ မထူးဆန်းပါဘူး။”

လက်ရှိမှာတော့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ရခိုင်ပြည်နယ်က သံတွဲ၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ AA အနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တကြော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာ အခုဆိုရင် ၉ လအကျော်အထိ ရှိလာပြီဖြစ်သလို ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ ခုနဲ့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အခုအကြမ်းဖက်အုပ်စုအဖြစ် ကြေညာချက်ထဲမှာပါတဲ့ MNDAA နဲ့ TNLA တို့ဟာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့နယ်တွေကို သိမ်းယူထားကြပါတယ်။ မကြာသေးခင်ကပဲ စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်အထိုင်ချတဲ့ ရှမ်းမြောက်က လားရှိုးမြို့ကို MNDAA က ဦးဆောင်ပြီးသိမ်းပိုက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG