သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်ရွှေလေး ရေတပ်စခန်းအနီးကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်သည့်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်သည့်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၂၀၂၄)

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တခုတည်းသောလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် AA က မနေ့က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ် ပြီးနောက် ရေတပ်အနီးအနားကို စစ်ကောင်စီလေကြောင်းကနေ ဒီကနေ့ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင်မနေ့ ညနေပိုင်းကလည်း AA ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ် တိုက်ပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သတ်ပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတခုဖြစ်တဲ့ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် AA က မနေ့က သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားတာတွေ့ရပေမယ့် AA ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အတည်ပြုချက် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒါပမေယ့်လည်း အခုလို သတင်းတွေထွက်ပေါ်ပြီးနောက်မှာတော့ မောင်ရွှေလေးရေတပ်အနီး အနားမှာရှိတဲ့ မော်ရုံကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ဆယ်ဂဏန်းနဲ့ချီ ရှိတယ်လို့ သံတွဲမြို့နယ်က စစ်ဘေးဒုက္ခသည် အမျိုးသမီးတဦးက ပြောပါတယ်။

“ညီမသိရသလောက်ကတော့ ဒီနေ့ မနက်ပိုင်းလောက်မှာတော့ ရေတပ်အနီးအနားမှာရှိတဲ့ မော်ရုံကျေးရွာကို လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲတာတွေ ရှိတယ်လို့ပြောတယ်။ ဗုံးကြဲတဲ့အခါကျတော့ အယောက် ၃ဝလောက် သေတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီအယောက် ၃ဝက အရပ်သားပြည်သူ ထိခိုက်တာလား ဘာလားလဲဆိုတာတော့ အတိအကျမသိရဘူး။ ဘာလို့ လည်းဆိုတော့ သံတွဲမြို့ပေါ်ကနေ ဖုန်းလာဆက်တဲ့လူတယောက် ရှိလို့ပေါ့နော်၊ အဲလူဆီကနေ ညီမတို့က တဆင့် ပြန်ကြားရတာဆိုတော့လေ၊ ဘာသတင်းကိုမှ အတိအကျမ သိရဘူး ဖြစ်နေတယ်ရှင့်။”

အာရက္ခတပ်တော် AA ကတော့ ရေတပ်စခန်း သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက် နေတဲ့အပေါ် တစုံတရာ အတည်ပြု ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ စစ်ကောင်စီအနေနဲ့ လက်ရှိပြင်းထန်နေတဲ့ ရခိုင်တိုက်ပွဲတွေမှာ လေကြောင်းနဲ့ ရေကြောင်းကို အဓိကထားပြီးတော့ အပြင်းအထန် ခုခံ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ဘာတိုက်ပွဲမှမရှိတဲ့ နေရာတွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ ရေတပ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် အရပ်သားထိခိုက် သေဆုံးမှုတွေလည်း ရှိနေပါတယ်။

မနေ့ကလည်း စစ်တွေမြို့အနီး ပင်လယ်ပြင်မှာရှိနေတဲ့ ရေတပ်သင်္ဘောတွေကနေ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဆားပြင်ကြီး ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီးတော့ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ဒေသခံ လူငယ်တဦးက ပြောပါတယ်။

“မနေ့ကပေါ့လေ၊ ရသေ့တောင်မှာ ည ၁၁နာရီရှိမယ်ပေါ့လေ၊ စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီ နေဗီ(Navy) က လက်နက်ကြီးတွေနဲ့ပစ်လို့ အဲဒီရွာမှာ လက်နက်ကြီးကျတယ်ပေါ့လေ။ ဆိုတော့ အဲဒီ မှာသေဒခံ ၂ ယောက်သေဆုံးပြီးတော့ ၄ယောက်လောက် ဒဏ်ရာရတယ်လို့ သိရတယ်ပေါ့၊ အဲဒီထဲမှာ ကလေးငယ်တွေလည်း ပါတယ်လို့ သိရတယ်ဗျာဟုတ်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲတွေ တောက်လျောက်ပြင်း ထန်နေတာ အခုဆိုရင် ၉လကျော် ရှိလာပြီဖြစ်သလို ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ခုနဲ့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာတော့ မောင်တောနဲ့ စစ်တွေမြို့နယ်နှစ်ခုသာ သိမ်းပိုက်ဖို့ ကျန်ရှိနေတာပါ။ အဲဒီထဲက မောင်တောမြို့နယ်ကိုတော့ AA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြို့တွင်းတိုက်ပွဲတွေ တောက်လျောက် ပြင်းထန်နေတာပါ။

ဒါ့အပြင် မောင်တောမြို့တွင်းမှာ အရပ်သား တော်တော်များများကို စစ်ကောင်စီနဲ့ စစ်ကောင်စီသင်တန်းပေးထားတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ပြီးတော့ ခုခံ တိုက်ခိုက်နေတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG