သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမှာ စစ်မှုထမ်းဖို့ လူငယ်တွေ ဖမ်းဆီးခံရ 


စစ်ကောင်စီ စစ်သင်တန်းမြင်ကွင်း (ဩဂုတ်၊ ၂၀၂၄)
စစ်ကောင်စီ စစ်သင်တန်းမြင်ကွင်း (ဩဂုတ်၊ ၂၀၂၄)

မန္တလေးမြို့မှာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးနေတဲ့အကြောင်း ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်မှုထမ်းဖို့အတွက် မဲပေါက်ထားတဲ့ လူငယ်တွေကို အတင်းအဓမ္မခေါ်ဆောင်သွားတာမျိုးတွေရှိသလို မဲပေါက်ထားတဲ့ သူမတွေ့ဘူးဆိုရင် အိမ်မှာ ရှိတဲ့မိသားစုတွေကို ဖမ်းဆီး ရိုက်နှက်တာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ မန္တလေးမြို့မှာ စစ်မှုထမ်းဥပဒေနဲ့အဖမ်းအဆီးများနေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

မန္တလေးက မြို့ပေါ်ရပ်ကွက်တိုင်းမှာ စစ်ကောင်စီ အဖွဲ့တွေက စစ်မှုထမ်းဖို့ အတွက် လူငယ်တွေကို ရှာဖွေဖမ်းဆီးနေတာဖြစ်ပြီး ဒီလဩဂုတ်လဆန်းပိုင်းမှာ ပိုပြီး သိသိသာသာ များလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မန္တလေး မြေပြင်သတင်းတွေကို မျှဝေနေတဲ့ Voice of Mandalay မြေပြင်ကင်းထောက်အဖွဲ့ကတော့ ဒီဩဂုတ်လထဲမှာတင် သိရသလောက် လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသား ၁၀၀ ပတ်ဝန်းကျင်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ VOA ကို အခုလိုပြောပါတယ်။

“မန္တလေးမှာ လောလောဆယ် အဖမ်းအဆီးနဲ့ ပတ်သက်ပြီးတော့ ဒီဩဂုတ်လအတွင်းမှာတော့ လောလောဆယ် မြေပြင်အနေအထားအရကတော့ ၁၀၀ ပတ်ချာလည်လောက်ကတော့ သူတို့ ဒီ စစ်မှုထမ်း စနစ်ထဲကိုပါသွားတယ်လို့ ကြားတယ်ခင်ဗျ။ နောက်ပြီး သူတို့က အသက်အရွယ်ကို ခုဟာက ၁၈ ၁၉ ကနေ ၄၀ ပတ်ချာလည်တွေကို ဖမ်းဆီးနေတယ်ဗျ။ ဧည့်စာရင်းကို အကြောင်းပြပြီး ခုဟာက မနက်ခင်းရယ် နေ့လည်ရယ် ညတွေရယ်မှာလည်း ပေါ်တာရယ်လို့ မဟုတ်တော့ဘူး ပေါ်တင်တွေကို ဖမ်းဆီးနေတာ။ တချို့တွေဆိုရင် ငွေတောင်းတယ်၊ တချို့တွေဆိုရင် အကြပ်ကိုင်တယ်။ ဒီလအတွင်းမှာဆိုရင် ကျွန်တော်တို့ ဒီ VOMdy သိရသလောက်ကို စုစုပေါင်းအဖမ်းအဆီးက ၁၀၀ ပတ်ချာလည်လောက်ကို ရှိတယ်ဗျ။ အခု ကျွန်တော်တို့ မန္တလေးမှာရှိတဲ့ အလုပ်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ၊ ယောက်ျားလေးအများစု ရှိတဲ့နေရာ၊ အသွားအပြန် ဖယ်ရီတွေ၊ အလုပ်တွေမှာလည်း သူတို့က အတင်းအဓမ္မ ဧည့်စာရင်းကို အကြောင်းပြပြီးတော့ ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်တယ်။ လာရှာတဲ့သူမတွေ့ဘူး၊ လူငယ်လူရွယ်မတွေ့ဘူးဆိုရင်လည်း သူတို့က ရှိတဲ့ အသက်အရွယ် ကြီးတဲ့သူတွေကို ငွေအကြောင်းပြပြီးတော့ ပိုက်ဆံလဲ ညှစ်တယ်။ အကယ်၍ သူတို့ ဒီလာဖမ်းဆီးတာကို သတင်းပေးတယ်၊ PDF နဲ့ တိုင်ကြားတာဘာညာဆိုရင်လည်း သတ်ပစ်မယ်ဘာညာ အမျိုးမျိုး ခြိမ်းခြောက်တယ်ဗျ။”

စစ်မှုထမ်းဖို့ ဖမ်းခံရတဲ့လူငယ်တွေအနေနဲ့ လိုက်ဖို့ ငြင်းဆန်ရင် အုပ်စုလိုက် ဝိုင်းပြီး ရိုက်နှက်တာမျိုးတွေ၊ မိသားစုနဲ့ ခြိမ်းခြောက်တာတွေ လုပ်သလို ရှောင်တိမ်းနေရင်လဲ မိသားစုကိုပါ ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ လုပ်တဲ့အတွက် ထွက်ပြေးရှောင်တိမ်းကြတာမျိုးတောင် မလုပ်နိုင်ကြဘူးလို့ Voice of Mandalay မြေပြင်ကင်းထောက်အဖွဲ့က ပြောပါတယ်။

“ကျွန်တော်တို့ သိရသလောက်ကတော့ ဒီ သူတို့ စစ်မှုထမ်းဖို့ လာခေါ်တဲ့အချိန်မှာ သူတို့က အင်အား အလုံးအရင်း၊ တခါတလေဆို ၂၀၊ ၁၅ ယောက်လောက်နဲ့ အတင်းအဓမ္မလာခေါ်တာတွေ ရှိတယ်။ မလိုက်ရင် ရိုက်နှက်မယ်၊ မင်းတို့ မလိုက်ဘူးဆိုရင် မင်းတို့ မိဘတွေကို ဘာလုပ်မယ်ဆိုတာမျိုး ခြိမ်းခြောက် ပြောဆိုပြီးတော့ ခေါ်သွားတာမျိုးတွေလည်းရှိတယ်။ အခုအချိန်ထိကတော့ စစ်မှုထမ်း မဲပေါက်တယ်ဆိုတဲ့လူ အနည်းအကျဉ်းလောက်ပဲ ရှောင်တာ တိမ်းတာတွေ ရှိတယ်။ တော်တော်များများကတော့ မရှောင်ကြပါဘူး ဒီအတိုင်းပါပဲ။ လာဖမ်းတော့မှ လိုက်သွားတယ်ဘာညာ နဲ့ပဲ သံသယာလည်နေတာ။ စစ်မှုထမ်း မဲပေါက်တယ်ဆိုရင်တော့ ရှောင်လို့တိမ်းလို့ မရတော့ဘူး။ ဘာလို့ဆို မိသားစုကို ဆွေစဉ်မျိုးဆက် ပျူတွေ အုပ်ကြီးတွေ ပြည်သူ့စစ်တွေနဲ့ ပေါင်းပြီးတော့ အမျိုးမျိုး နှိပ်စက် ဒုက္ခပေးမှာ။ ပိုက်ဆံရှိတဲ့ မိသားစုတွေကတော့ စစ်မှုထမ်း မဲပေါက်တယ်ဆိုရင် သိန်း ၃၀ နဲ့ ၅၀ ကြားပေးပြီးတော့ ထွက်လာလို့ရတယ်။ ပိုက်ဆံမရှိတဲ့ လက်လုပ်လက်စားပြည်သူတွေကတော့ သူတို့ပို့တဲ့ စစ်မှုထမ်း သင်တန်း အပတ်စဉ်တွေ အဲ့လိုမျိုးတွေထဲ လိုက်ပြီးတော့ နိဂုံးချုပ်သွားတာ များပါတယ်။”

စစ်ကောင်စီက သူတို့ စာရင်းကောက်ထားတဲ့ စစ်မှုထမ်းစာရင်းထဲမှာ ပါနေတဲ့ လူတွေကို နေ့ည အချိန်မရွေး အင်အား အများအပြားနဲ့ ဧည့်စာရင်းကို အကြောင်းပြပြီး နေအိမ်တွေထဲအထိ ဝင်ရောက်ပြီး လိုက်လံ ဖမ်းဆီးနေတာဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အသက်သွင်းခဲ့သလို နိုင်ငံတဝန်းမှာ စစ်မှုထမ်း ဥပဒေနဲ့ ကိုက်ညီတဲ့ အမျိုးသားတွေရဲ့ စာရင်းကို ကောက်ယူထားခဲ့တာပါ။

ကချင်ပြည်နယ်ကစလို့ ရှမ်း၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင် စတဲ့ ပြည်နယ်အတာ်တော်များမှာ စစ်ကောင်စီတပ်တွေ ထိခိုက်ကျဆုံးမှု တွေအများအပြားရှိနေသလို၊ တပ်ရင်းအလိုက် လက်နက်ချမှုတွေကြောင့် စစ်ကောင်စီတပ်သား အင်အားအတော်လေးနည်းနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။ ဒီလိုအချိန်မှာ အခုလို မန္တလေး ရန်ကုန် စတဲ့ မြို့ကြီးတွေမှာရှိတဲ့ စစ်မှုထမ်းစာရင်းထဲမှာ ပါနေတဲ့ အမျိုးသားတွေကို တပ်သားသစ်အဖြစ် စုဆောင်းမှုတွေကို ဆက်တိုက်လုပ်လာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၃ အထိ သင်တန်းဆင်းထားပြီး ဖြစ်ပြီးတော့ ဒီ သင်တန်းဆင်း တပ်သားသစ်တွေကို တိုက်ပွဲပြင်းထန်တဲ့ နေရာတွေကို စေလွှတ်တာမျိုးတွေ ရှိနေတဲ့အတွက် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ၊ တော်လှန်ရေး တပ်ဖွဲ့တွေဆီမှာ ဖမ်းဆီးခံရတာမျိုးတွေ ရှိနေကြောင်းလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ကြရပါတယ်။

နိုင်ငံတွင်းက အမျိုးသား အများစုက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ရရာနည်းလမ်းနဲ့ ပြည်တွင်းက ထွက်နိုင်ဖို့ကြိုးစားနေကြပြီး စစ်ကောင်စီကလည်း အမျိုးသားတွေ ပြည်ပထွက်ခွာမှုနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေကို ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG