သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာမှာ စစ်မှုထမ်းဖို့ခေါ်ဆောင်ခံရသူတွေထဲ အမျိုးသမီးတချို့ပါဝင်


စစ်မှုထမ်းသင်တန်းအပတ်စဉ်(၃) တက်ရောက်ရန်ရောက်ရှိလာကြသူများကိုတွေ့ရစဉ် (ဇွန်၊ ၂၀၂၄)
စစ်မှုထမ်းသင်တန်းအပတ်စဉ်(၃) တက်ရောက်ရန်ရောက်ရှိလာကြသူများကိုတွေ့ရစဉ် (ဇွန်၊ ၂၀၂၄)

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်မှုထမ်းဥပဒေအောက် အမျိုးသမီးတွေကိုပါ စတင်စုဆောင်းနေပြီလို့ ဒေသခံတချို့က ဗွီအိုအေကိုပြောပါတယ်။ ဒါအပြင် အပတ်စဥ်အလိုက် စစ်သားသစ်စုဆောင်းနေရာမှာ လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခံနေရတယ်လို့လည်း ဆိုပါတယ်။ မုံရွာမြို့မှာ စစ်ကောင်စီဘက်က စစ်သားသစ်စုဆောင်းနေတဲ့ အခြေအနေသတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ တတိယအသုတ် စစ်မှုထမ်းဖို့အတွက် လူငယ်တွေရှိတဲ့ မိသားစုနေအိမ်တွေကို ညသန်းခေါင်အချိန် ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဗွီအိုအေက ပြောပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီအဖွဲ့ဟာ လူငယ်လူရွယ်တွေကို သွားလာနေချိန် လမ်းခုလတ်မှာ ဖမ်းဆီးတာတွေလည်း ရှိနေပြီး၊ အဲဒီထဲမှာ အမျိုးသမီးတွေလည်း ပါ၀င်လာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အိမ်ထောင်စုဇယား စစ်တာလိုလို ဘာလိုလိုနဲ့ ညတွေဝင်၊ မဖွင့်ပေးလို့လည်း မရဘူး၊ အတင်းဖွင့်ခိုင်းပြီးတော့ ဖွင့်မပေးလည်း ခဲနဲ့ပေါက်တာ၊ သေနတ်နဲ့တော့ မပစ်ဘူးဗျ။ သူတို့လိုချင်တဲ့ လူတွေ့ရင် တောက်လျှောက်ဆွဲတာပဲ။ အခုအပတ်လည်း ၆၀ ပဲ။ အယောက် ၆၀ မပြည့်သေးလို့၊ ပြည့်ရင်ပို့မှာ။ မြို့ပေါ်ရပ်ကွက်မှာတော့ တောက်လျှောက်ဆွဲနေတာပဲ။ မုံရွာမြို့ကလည်း နည်းတာကြီးမဟုတ်ဘူး ဆိုတော့လေ။ ကမ်းနားပိုင်းတွေလည်း ညပိုင်းတွေဖြစ်နေတာ။ အခုက အိမ်ထဲတင် မဟုတ်တော့ဘူး။ မိန်းကလေးတွေရော၊ ယောကျ်ားလေးတွေရော ဆိုင်ကယ်တွေနဲ့ သွားတာတွေ့ရင် သူတို့မထင်မှတ်ရင် ကောက်စစ်တယ်။ အပြည့်အစုံမပါရင် ငွေနဲ့ရွေးလို့မရဘူး၊ တခါတည်း ခေါ်သွားတာ။"

အခုလို မုံရွာမြို့မှာ ညဘက် အချိန်မတော် စစ်မှုထမ်းဖို့ နေအိမ်တွေမှာ လိုက်လံပြီး အဓမ္မ ဖမ်းဆီး ခေါ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်လို စစ်ကောင်စီဘက်က သတင်း တစုံတရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

စစ်မှုထမ်းဖို့အတွက် လူစုဆောင်းတာကို ထန်းတော၊ နန္ဒဝန်နဲ့ သလ္လာ မြို့ပေါ်ရပ်ကွက်တွေမှာ ဖမ်းဆီးတာများတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေကို မိသားစုဝင်တွေက သွားရောက်ထုတ်ယူပေမယ့် ပြန်မလွှတ်ပေးဘူးလို့ သိရပါတယ်။

"မိန်းကလေး ၄၊ ၅ ယောက်လောက်ပါနေပြီ။ သလ္လာထဲကလည်း ပြီးခဲ့တဲ့ ၇ ရက်လောက်တုန်းက မိန်းကလေး ၂ ယောက်ပါသွားတယ်ဗျ။ အရွယ်ပိုင်းကတော့ ၂၀ ပတ်ဝန်းကျင်၊ ၂၀ ကျော်ကျော်၊ တယောက်ကတော့ ၁၈ နှစ်လောက်ပဲရှိဦးမယ်။ သူတို့ရဲ့ မိဘတွေ လိုက်ရွေးတော့လည်း ထုတ်မပေးဘူးပေါ့ဗျာ။ ဒီမှာ စစ်သင်တန်းဆင်းရမယ်။ အရေးကြီးတဲ့နေရာတွေမှာ စာရင်းအင်းကိုင်စရာတွေ ရှိတယ်ပေါ့။ အဲလိုပြောတယ်လို့ ကာယကံရှင်မိဘတွေက ပြောတယ်။ သေနတ်တော့ မကိုင်ရဘူးလို့ ပြောတယ်ဗျ။"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့တဲ့ စစ်မှုထမ်းဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေ စစ်မှုထမ်းရမှာဖြစ်ပြီး၊ ပညာရှင်ဖြစ်ရင် အသက် ၃၅ နှစ်အထိ အကျုံးဝင်တယ်လို့ သတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေကို အပတ်စဥ် (၅) မှာစပြီး ခေါ်ယူမယ်လို့လည်း ပြောထားပါတယ်။ အခု မုံရွာမြို့မှာ စစ်မှုထမ်း တတိယအသုတ် လူစုနေတဲ့အထဲ အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ ပြောကြပေမဲ့ အတည်ပြုနိုင်ဖို့ ခက်နေတယ်လို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

"အဲလိုမျိုးကတော့ မကြားသေးဘူးဗျ။ မကြားသေးဘူးဆိုတာလည်း အခုမုံရွာက အိမ်ကိုဝင်ပြီး ကုတ်တာတွေတော့ ရှိတယ်ပေါ့ဗျာ။ အဲလိုမျိုးပဲရှိတာ။ ကျန်တာကတော့ မကြားသေးဘူးဗျ။ ဘာမှမဟုတ်ဘဲနဲ့ ဝင်ဖမ်းတာတွေတော့ရှိတယ်။ အဲဒါတွေများ ထည့်မလားတော့ မပြောတတ်ဘူးပေါ့ဗျာ။ ဒါကတော့ ကိုယ့်အမြင်ဆိုတော့ မတိကျဘူးပေါ့။"

စစ်သင်တန်း အပတ်စဥ် (၅) ကစပြီး အမျိုးသမီးတွေကို ခေါ်ယူမယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်သူတွေလည်း ရှိနေပါတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက် စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ လူငယ်တွေကို ပြီးခဲ့တဲ့ မေလထဲမှာ စစ်သင်တန်းကျောင်း ၁၆ ခုကို အစုလိုက်ခွဲပြီး ပို့ဆောင်ခဲ့တယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စုဆောင်းခံရတဲ့ စစ်မှုထမ်းဦးရေကတော့ ၄,၀၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG