သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေစစ်မှုထမ်းခေါ်ယူမယ့်သတင်းကြောင့် စိုးရိမ်မှုတွေတိုး


စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူထားသူများကို စစ်သင်တန်းပေးနေစဉ် (ဧပြီ ၂၀၂၄)
စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူထားသူများကို စစ်သင်တန်းပေးနေစဉ် (ဧပြီ ၂၀၂၄)

စစ်ကောင်စီက ပြဌာန်းအကောင်အထည်ဖော်နေတဲ့ စစ်မှုထမ်း ဥပဒေအရ အပတ်စဉ် ၅ မှာ အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကာယကံရှင်မိန်းကလေးတွေရော မိဘတွေမှာပါ စိုးရိမ်ကြောင့်ကျမှု တိုးလာနေပါတယ်။ ဒါနဲ့ပတ်သက်လို့ သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဇူလိုင်လထဲမှာပဲ အပတ်စဉ် ၅ မှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စတင်ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေပါတယ်။ အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်တာက အမျိုးသမီးတွေကို ရုံးပိုင်းမှာသုံးပြီး အမျိုးသားတွေကို တိုက်ခိုက်ရေးပိုင်းမှာ ပိုပြီး အသုံးချနိုင်ဖို့ရည်ရွယ်တာလည်း ဖြစ်နိုင်တယ်လို့ CDM တပ်ကြပ်ကြီး ဒေါ်ယဥ်လဲ့လဲ့ထွန်း သုံးသပ်ပြောဆိုပါတယ်။

“အပတ်စဉ် ၅ ကရောက်ပြီလား မရောက်သေးဘူးလား နည်းနည်း ပြောရခက်တယ်။ သူက ဘယ်လိုသတ်မှတ်လဲဆိုတာ ပြောရခက်တယ်။ ဒါပေမယ့် မိန်းကလေးတွေကို စုဆောင်းနေတယ်ဆိုတဲ့သတင်းကတော့ ကြားနေရတယ်၊ ထွက်လာနေတယ်။ ကျေးလက်ကလူတွေ ခေါ်တာတွေ၊ တချို့ နယ်ဘက်တွေမှာဆိုလို့ရှိရင် စစုဆောင်းတာတွေ တွေ့လာရတယ်ပေါ့နော်။ အဓိက,က အမျိုးသားတွေချည်းပဲ စုဆောင်းတယ်ဆိုတာထက် ဒီတိုင်းဝင်တဲ့သူထက် ပေါ်တာဆွဲတာတွေ၊ လမ်းမှာဖမ်းပြီး ခေါ်သွားပြီးတော့ ထည့်လိုက်တာတွေ များတယ်ပေါ့နော်။ နောက်ပိုင်းမှာ သိပ်မထွက်ကြတော့တာ။ နောက်အမျိုးသားတွေကို စုဆောင်းရ ခက်လာတဲ့အပိုင်းတွေ ရှိမယ်ပေါ့၊ အားလုံးက ရှောင်ကြ ရှားကြနဲ့ ဆိုတော့။ မိန်းကလေးတွေကို စုဆောင်းလာတယ်။ မိန်းကလေးတွေကျတော့ သိပ်မရှောင်ကြဘူး။ စုဆောင်းရလွယ်တယ်။ သူတို့အနေနဲ့ ပုံသွင်းရတာလည်း လွယ်တယ်။ ပြီးတော့ နောက်တန်းဌာနချုပ်တွေမှာ အစားထိုးလို့ရတဲ့ ပုံစံမျိုးတွေရှိတဲ့အတွက် ဒီလို မိန်းကလေးတွေကို ခေါ်လာတယ်။ ပြီးတော့ ရှေ့က ခေါ်ထားတဲ့ အမျိုးသားတွေကိုဆိုလို့ရှိရင်လည်း ရှေ့တန်း တန်းလွှတ်တဲ့ကိစ္စတွေ ရှိတယ်။ ဒီ အောင်ဇေယျစစ်ကြောင်းတွေမှာ ဒီလိုအင်တာဗျူးတယ်၊ နောက်ထွက်လာတဲ့သူတွေကို မေးကြည့်တဲ့အခါမှာ ခုနောက်ပိုင်း ဝင်တဲ့လူတွေကို ရခိုင်ပို့ပစ်တာတို့၊ အောင်ဇေယျစစ်ကြောင်းမှာ ပါလာတာတို့ ဒါမျိုးတွေ ကြားထားရတာမျိုး ရှိတယ်။”

သမီးတဦးရဲ့ မိခင်ဖြစ်သူကလည်း စစ်မှုထမ်းဥပဒေမှာ အမျိုးသမီးတွေပါ စစ်မှုထမ်းရတော့မယ့် အခြေအနေကြောင့် သမီးအတွက် စိုးရိမ်တဲ့အကြောင်း ခုလိုပြောပါတယ်။

“စစ်မှုထမ်းဥပဒေ စအသက်ဝင်တော့ စိတ်မကောင်းဖြစ်မိတယ်။ လုငယ်တွေ ကိုယ့်တိုင်းပြည်မှာကိုယ် မနေရဲဘဲ ပြည်ပအလုပ်ထွက်လုပ်နေရတာ အဆင်မပြေဘူးလေ။ အခုလို အမျိုးသမီး စစ်မှုထမ်းတွေပါ စခေါ်တော့ အိမ်က သမီးလေးကိုလည်း စိတ်ပူမိတာပေါ့။ သမီးက ငယ်သေးတယ်ဆိုပေမယ့်လည်း ဘဝက မလုံခြုံတော့ဘူးလေ။ ကျမကိုယ်တိုင်လည်း လမ်းသွားလမ်းလာကအစ အစစ အရာရာ သတိထားနေရတယ်။ ကျမကတော့ သဘောကို မကျဘူး။”

စစ်မှုထမ်းဥပဒေ စတင်ကတည်းက ပြည်တွင်းကထွက်လာပြီး လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မှာနေထိုင်နေတဲ့ အမျိုးသမီးတဦးကလည်း ပြည်တွင်းမှာ စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲတွေကို ခုလိုပြောပါတယ်။

“စစ်မှုထမ်း ပထမအသုတ်ခေါ်ကတည်းက ဘန်ကောက်ကို ရောက်နေပြီလေ။ ခု အမျိုးသမီးတွေပါ ခေါ်တာဆိုတော့ အိမ်က ညီမလေးအတွက်တော့ နည်းနည်း စိုးရိမ်မိတာပေါ့။ သူက အသက်လည်း ပြည့်နေပြီဆိုတော့ အန္တရာယ်များတယ်လေ။ ပြီးတော့ တကယ်လို့ သူ့ကိုသာ ခေါ်သွားမယ်ဆိုရင် အိမ်မှာ အဘိုးနဲ့အဘွားပဲ ကျန်ခဲ့မှာပေါ့။ အဲ့ဒါဆို အန္တရာယ် တော်တော်များသွားပြီလေ။ ကျွန်မကိုယ်တိုင်လည်း မြန်မာပြည်ကိုပြန်ဖို့ အခက်အခဲ ရှိသွားတာပေါ့။ ဘန်ကောက်မှာ နေနေရတယ်ဆိုပေမယ့် အိမ်ကိုတော့ နည်းနည်းစိတ်ပူမိတယ်။ သတိလည်း ရတယ်လေ။ အခုက မြန်မာပြည်ကို မပြန်တာလည်း တော်တော်ကြာနေပြီဆိုတော့ အခု အမျိုးသမီးစစ်မှုထမ်းဥပဒေကိုလည်း ကျမလည်း သဘောမကျဘူးလေ။”

အမျိုးသမီးစစ်မှုထမ်းခေါ်ယူဖို့အတွက် တိုင်းစစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့ကနေ ခရိုင်နဲ့မြို့နယ်တွေကို အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်း ပုံစံဖောင်ဖြည့်သွင်းပြီးမှ ခရိုင်ကတဆင့် မြို့နယ်နဲ့ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့က စာရင်းကောက်ပေးရမှာဖြစ်တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဥ◌်ကို သိသူတဦးက ဆိုပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေအရ အမျိုးသမီးတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေ စစ်မှုထမ်းရမှာဖြစ်ပြီး ပညာရှင်ဖြစ်ရင် အသက် ၃၅ နှစ်အထိ အကျုံးဝင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ မတ်လမှာ စတင်ပြီး စစ်မှုထမ်းဖို့ အမျိုးသားတွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခု ဇွန်လမှာတော့ အမှတ်စဉ် ၄ အတွက် စစ်မှုထမ်းတွေ ခေါ်ယူနေပါတယ်။ အမျိုးသမီးတွေကိုတော့ အမှတ်စဉ် ၅ မှာ စတင်ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ လူထုရွေးကောက်ခံအစိုးရထံကနေ အင်အားသုံး အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီထံ ပြန်ပြီးအမှုထမ်းရမှာကို လူငယ်အများစုက မလိုလားကြပါဘူး။ ဒါကြောင့်လည်း ကာယကံရှင်တွေရဲ့ ဆန္ဒသဘောထားမပါဘဲ စစ်သားစုဆောင်းမှု အတင်းခေါ်ယူတဲ့အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်မှုတွေလည်းရှိနေပါတယ်။

Forum

XS
SM
MD
LG