သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်မှုထမ်းဖို့ နေအိမ်တွေမှာ လိုက်လံခေါ်ယူနေ


စစ်ကောင်စီက ခေါ်ယူထားတဲ့ စစ်မှုထမ်းသင်တန်းသာများကိုတွေ့ရစဉ် (မေ ၊၂၀၂၄)
စစ်ကောင်စီက ခေါ်ယူထားတဲ့ စစ်မှုထမ်းသင်တန်းသာများကိုတွေ့ရစဉ် (မေ ၊၂၀၂၄)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ တတိယအသုတ် စစ်မှုထမ်းဖို့အတွက် လူငယ်တွေရှိတဲ့ နေအိမ်တွေဆီ ညသန်းခေါင်အချိန် ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့အထဲမှာ မသန်စွမ်းသူတွေနဲ့ အရွယ်မရောက်သေးသူတွေလည်း ပါဝင်နေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး အလိမ္မာ ပြောပြမှာပါ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်မှုထမ်းဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီအဖွဲ့ဟာ လူငယ်လူရွယ်တွေကို နေအိမ်တွေမှာ လာရောက် ခေါ်ဆောင်သွားတာတွေ ရှိနေတယ်လို့ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။

"အသက်အရွယ် အပိုင်းအခြားကတော့ ၁၈ - ၂၀ အရွယ်တွေပေါ့။ ဒါပေမဲ့ သူတို့ဆွဲတာက ကျန်းမာရေး ကောင်းတာတွေ၊ မကောင်းတာတွေ ထည့်မတွက်ဘူးဗျ။ အခုဆွဲတာလည်း ပိုလီယိုရောဂါ သမားတွေလည်း ပါတယ်ဗျ။ ဆွဲတဲ့အချိန်ကလည်း ညပိုင်းတွေ အားကြီးဆွဲတယ်။ ကျနော့်ရပ်ကွက်ထဲမှာတော့ ၉ နာရီဝင်ဆွဲသွားတာ။ နောက်ထပ် ၂ ယောက်ပါသွားတယ်။ သူတို့ လူမပြည့်သေးလို့ မပို့သေးဘူးတဲ့။ ၃၆ ယောက်ပဲ ရှိသေးတယ်တဲ့။ ၅၀ ပြည့်မှပို့မှာ၊ ၁၄ ယောက် လိုနေတာပေါ့လေ။"

စစ်မှုထမ်းဖို့အတွက် တတိယအသုတ်အဖြစ်နဲ့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီက လူစုနေတာပါ။ ထန်းတော၊ မြဝတီ၊ နန္ဒဝန်၊ ချမ်းမြဝတီနဲ့ ချမ်းမြသာစည် ရပ်ကွက်တွေမှာ ညအချိန် ဖမ်းဆီးခေါ်ဆောင်နေတာလို့ ပြောပါတယ်။ စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့်ရသူ စာရင်းထဲမှာ မသန်စွမ်းသူတွေနဲ့ အရွယ်မရောက်သေးသူတွေ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း စစ်မှုထမ်းဖို့အတွက် လူစုခံရတဲ့အထဲမှာ ပြီးခဲ့တဲ့ ဒုတိယအသုတ်ကတည်းက ပိုလီယိုရောဂါရှိသူ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

"မခိုင်းနိုင်တာ ခိုင်းနိုင်တာ၊ မလုပ်နိုင်တာ လုပ်နိုင်တာ အပထား။ သူတို့ ညွှန်ကြားချက်အတိုင်း အောက်လူကလည်းပဲ လူပြည့်ဖို့အတွက် ထည့်တယ်လို့ ထင်တာပဲ။ ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ပိုလီယိုရောဂါသည် ၁ ယောက်ပါသွားတယ်။ အခုအပတ်မှာ ၂ ယောက်လောက်ပါတယ်။ ၁၂ - ၁၃ အရွယ် ကျောင်းသားလေးလည်း သူတို့ဆွဲသွားတယ်။ မိဘရော၊ ဆရာမရောက လိုက်ထုတ်တယ်။ သူတို့ သင်တန်းဆင်းတဲ့ စုဆောင်းထားတဲ့ စစ်သားစုဆောင်းရေး နေရာမှာ ဆရာမနဲ့ ကလေးမိဘ သွားထုတ်တော့ ကလေးကို ပြန်မပေးဘူး။ သူတို့နဲ့ မဆိုင်ဘူး၊ အထက်က ညွှန်ကြားတဲ့အတိုင်းလုပ်တာ၊ ကျနော်တို့က ထုတ်ပေးခွင့် မရှိဘူးပေါ့လေ။ အဲလို ငြင်းလိုက်တယ်တဲ့။"

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာလည်း စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေကို ဖမ်းဆီးတာတွေက ဖေဖော်ဝါရီလကနေ အခုချိန်ထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူငယ်လူရွယ်တွေကို ညအချိန်မှာ နေအိမ်ဆီလာရောက် ခေါ်ဆောင်သွားတာပါ။

"စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ၂ လပိုင်းကနေ စဆွဲတာ၊ ၄ လပိုင်းအကုန် ၅ လပိုင်းပေါ့နော်။ အခုချိန်အထိ မထင်ရင်မထင်သလို စာရင်းမှာ ပါထားပြီးသားနဲ့ စစ်မှုထမ်းဖို့ သွေးစစ်ပြီးသား လူငယ်လူရွယ်တွေကို စာရင်းအရင်ကောက်ပြီးမှ မထင်ရင်မထင်မှတ်သလို ညပိုင်းတွေမှာ နေအိမ်တံခါးတွေ ဖွင့်ခိုင်းတယ်။ မဖွင့်ပေးရင် တံခါးရိုက်ချိုး အတင်းဝင်ပြီးတော့ ဖမ်းဆီးပေါ်တာဆွဲ ပြုလုပ်နေတာတွေ ရှိပါတယ်။"

စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင် ခံထားရသူတွေဟာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရကြပါဘူး။ လူငယ်တွေအပြင် သက်လတ်ပိုင်းနဲ့ အိမ်ထောင်သည် အမျိုးသားတွေ၊ မသန်စွမ်းသူတွေလည်း ပါဝင်လာတာပါ။

စစ်မှုထမ်းအပတ်စဉ် ၂ အတွက် ပြည်နယ်နဲ့ တိုင်းအလိုက် စုဆောင်းခံရတဲ့ လူငယ်တွေကို ပြီးခဲ့တဲ့ မေလထဲမှာ စစ်သင်တန်းကျောင်း ၁၆ ခုကို အစုလိုက်ခွဲပြီး ပို့ဆောင်ခဲ့တယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စုဆောင်းခံရတဲ့ စစ်မှုထမ်းဦးရေကတော့ ၄,၀၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG