သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ္တရာမြို့နယ်ထဲ အတင်းအကြပ် စစ်သားစုဆောင်း


စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေစဉ် (မေ ၊၂၀၂၄)
စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေစဉ် (မေ ၊၂၀၂၄)

မန္တလေးတိုင်း ဒေသတချို့မှာ လူငယ်တွေကို အကြပ်ကိုင်ပြီး မဖြစ်မနေ စစ်မှုထမ်းခိုင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရတဲ့ မိသားစုတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသတချို့မှာတော့ တချို့လူငယ်တွေဟာ စစ်ထဲမဝင်ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထဲ ဝင်နေကြတယ်လို့ ဒေသခံ PDF တာ၀န်ရှိသူတွေက ပြောပြပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေအသက်ဝင်ပြီးနောက်ဆက်တွဲ အခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကိုအခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ဖက်ပိုင်းက ကြတ်ကုန်းနဲ့ ဝါးရင်းတုတ်စတဲ့ ကျေးရွာတွေမှာ စစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို ခေါ်ပေမယ့် လူငယ်တွေက တိမ်းရှောင်နေတာကြောင့် မိသားစုဝင်သက်ကြီးပိုင်းတွေကို စစ်မှုထမ်းခေါ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် လူငယ်တချို့ ပြန်လာပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“စစ်မှုထမ်းဖို့ ဆိုပြီးတော့ မြို့ရဲ့ တောင်ဖက်က ကြတ်ကုန်းတို့ ဝါးရင်းတုတ်တို့ဖက်ကို ဆွဲတယ်ဗျ။ ဆွဲတဲ့ခါကျတော့ လူငယ်တွေက ဘေးမှာ တိမ်းနေတဲ့ခါကျတော့ လူငယ်တွေကို မပေးဘူးဆိုရင် မိဘတွေကို ဆွဲမယ်ဆိုတာမျိုးကြောင့် မိဘတွေကို လူငယ်တွေကို ပြန်ခေါ်ပြီး ပေးရတယ်အခု။ ၂ ယောက် ၃ ယောက် ပါသွားပြီ။ ၃ ယောက်ထဲမှာ မသန်စွမ်း ကလေးတစ်ယောက်ပါသွားတယ်ဗျ။ ခြေထောက်က ဖနောင့်ကြောပြတ်ပြီးတော့ ထော့နဲ့ ထောနဲ့ သွားနေရတဲ့ ကလေး၊ အဲ့ကလေးရော ပါသွားတယ်အခု။”

ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီလထဲမှာ အသက်သွင်းခဲ့ပြီးနောက် ခုလို စစ်သားစုဆောင်းရေးတွေကို အတင်းအကြပ်လုပ်နေတာဖြစ်ပါတယ်။ မန္တလေးတိုင်းနဲ့ ကပ်နေတဲ့ စစ်ကိုင်းတိုင်းမှာတော့ စစ်မှုထမ်းဖို့ အတင်းအကြပ်ခေါ်တာမျိုး နည်းတယ်လို့ စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက VOA ကိုပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက မြို့ပေါ်တွေမှာလောက်သာ စစ်ကောင်စီက စိုးမိုးထားနိုင်တာကြောင့်ဖြစ်တယ်လို့ သူကခုလို ရှင်းပြပါတယ်။

“ဒီဖက်က တော်လှန်ရေး အင်အားစုတွေပေါ့နော်၊ ဒေသကာကွယ်‌ရေး အဖွဲ့တွေ နောက် ဒေသခံဖြစ်တဲ့ Local PDF နောက်တခါ တပ်ရင်းတွေဖြစ်တဲ့ PDF ပြည်သူ့ကာကွယ်ရေး တပ်မတော်တွေ၊ နောက် ပြည်သူ့အခြေပြု ပကဖ တွေပေါ့။ ရပ်ကျေး ပကဖ၊ တိုက်နယ် ပကဖ၊ မြို့နယ်ပကဖ၊ ခရိုင်ပကဖ၊ တိုင်း ပကဖ ဆိုပြီးတော့ အဲ့လို အဆင့်ဆင့်သော ပကဖ ဖွဲ့စည်းပုံနဲ့ သွားတဲ့အတွက် ရပ်ရွာတိုင်းမှာ ရပ်ကျေး ပကဖတွေ ရှိတယ်။ local PDF တွေ ရှိတယ် အဲ့လိုဆိုတော့ ဒီလို တော်လှန်ရေး အင်အားစုတွေက နယ်မြေစိုးမိုးထားတဲ့အတွက် သူတို့ရဲ့ စစ်ကျွန်ဥပဒေကနေ အကြမ်းဖက်ပြီး စစ်မှုထမ်းဖို့ကို အကောင်းအထည် မဖော်နိုင်တာပေါ့။ အဲ့လိုပေါ့ ကျွန်တော်တို့စစ်ကိုင်း ခရိုင်ထဲမှာတော့။ ကျွန်တော်တို့ စစ်ကိုင်းခရိုင်မှာလည်း ပြောလို့ရသလို စစ်ကိုင်းတိုင်း အနေနဲ့လည်း ပြောလို့ရတယ်။ စစ်ကိုင်းတိုင်းမှာက မြို့ပေါ်တွေမှာ ဆိုရင်တော့ ဆွဲတာတွေရှိတယ်။ ရေဉီးတို့ဘာတို့ဆိုရင်တော့ ဆွဲတာ ၉၀ လောက်ရှိပြီ။ နယ်တွေကတော့ များသောအားဖြင့် နယ်မြေစိုးမိုးပြီးသားဖြစ်တယ်ပေါ့နော်။”

စစ်တပ်က အသက်ပြည့်ပြီး လူငယ်တွေ မဖြစ် မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို အသက်သွင်းခဲ့ပြီးနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်လာသူတွေ ပိုများလာတယ်လို့လည်း သူက ဆိုပါတယ်။

“အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေပေါ့ အဲ့ဒါ မထုတ်ပြန်ခင်တုန်းနဲ့ ထုတ်ပြန်ပြီးက မထုတ်ပြန်ခင်တုန်းက ဒီလိုပဲ ဆက်သွယ်ပြီးတော့ ဝင်လာတာတွေတော့ ရှိတယ်။ ဒါပေမယ့် ဒီ စစ်ကျွန်ဥပဒေ ထုတ်ပြန်လိုက်ပြီးတဲ့နောက် သူတို့ အဓိကထားပြီးတော့ အကောင်အထည်ဖော်တာက ဒီ ၄ လ ပိုင်းလောက်မှာ တောက်လျှောက် အကောင်အထည်ဖော်ပြီးတော့ ခုအချိန်ထိလည်း တောက်လျှောက် ဖမ်းနေတုန်းပဲပေါ့။ အဲ့ဒါကြောင့် ဒီစစ်ကျွန်ဥပဒေ ကြေညာပြီးတဲ့ နောက်မှာ ဒီဧပြီပေါ့နော် အဲ့ပတ်ချာလည်တွေ လောက်ကမှ ဒီတော်လှန်ရေး အင်အားစုတွေ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေ PDF တပ်ရင်းတပ်ဖွဲ့တွေ အဲ့ဒါတွေဆီကို ဆက်သွယ်ပြီး ဝင်ရောက်လာတာ ပိုပြီးတော့ များလာတာပါ။”

လူငယ်၊ လူရွယ်တွေကို စစ်တပ်က စစ်ဆေး ဖမ်းဆီးမှုတွေရှိနေတာကြောင့် အထူးသတိထား သွားလာကြရတယ်လို့လည်း သူက ပြောပြပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁)ကို ဧပြီလဆန်းမှာ စတင်ခေါ်ယူခဲ့ပြီးနောက် အပတ်စဥ် (၂) ကို အခုမေလ ဒုတိယပတ်မှာ ထပ်မံခေါ်ယူခဲ့ကြောင်း စစ်ကောင်စီ သတင်းဌာနတွေမှာ ဖေါ်ပြထားပါတယ်။ အပတ်စဥ်တခုမှာ လူ ၅၀၀၀ ကျော်စုဆောင်းမှာဖြစ်တယ်လို့ စစ်ကောင်စီက သတ်မှတ်ထားတာကြောင့် တလကျော်အတွင်း လူငယ်တသောင်းကျော်ကို စစ်သားအဖြစ် စစ်ကောင်စီက စုဆောင်ခဲ့တာဖြစ်ပါတယ်။

ဧပြီလက ထုတ်ပြန်ခဲ့တဲ့ ဗမာ့ရေးရာနှင့်ပဋိပက္ခ လေ့လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာမှာတော့- စစ်မှုထမ်းဥပဒေကို ဖေဖေါ်ဝါရီလမှာ စတင်အသက်သွင်းပြီးပြီးချင်း စစ်သားအဖြစ် အတင်းအကြပ်စုဆောင်းမှုကို စစ်ကောင်စီက ချက်ချင်း အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ကြောင်းဖေါ်ပြထားပါတယ်။ ဖေဖေါ်၀ါရီနဲ့ မတ်လ စုစုပေါင်း ၂ လအတွင်း လူငယ်ပေါင်းထောင်နဲ့ ချီ စုဆောင်းပြီး နိုင်ငံတဝှမ်း စစ်သင်တန်ကျောင်း ၁၅ ကျောင်းကို ပို့ဆောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ BACS အဖွဲ့ဟာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တွေဖွဲ့စည်းထားတဲ့ သုတေသနမှတ်တမ်းအဖွဲ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG