သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်း ဆင့်ခေါ်ခံရသူတွေ ထောက်ပံ့ဖို့ အာဏာပိုင်တွေ ငွေကြေးကောက်ခံ


ရန်ကုန်မြို့မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)
ရန်ကုန်မြို့မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၊ ၂၀၂၄)

မြန်မာနိုင်ငံအတွင်း မြို့နယ်တချို့မှာ စစ်မှုမထမ်းမနေရ အမိန့်နဲ့ အကျုံးဝင်တဲ့ လူငယ်တွေကို စာရင်းကောက်တာ မဲနိုက်ခိုင်းတာတွေ လုပ်နေတဲ့ တချိန်တည်းမှာ ဒီ လူငယ်တွေရဲ့ မိသားစုတွေကို လစဉ် ထောက်ပံ့ဖို့ ငွေကြေး ကောက်ခံတာတွေ ရှိနေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ကတော့ စစ်မှုထမ်းမဲ့သူတွေ နောက်ဆံ မတင်းအောင် ကျန်ရစ်သူ မိသားစုတွေအတွက် ထောက်ပံ့ကြေးပေးဖို့ လုပ်နေတာတွေကို သိရှိတဲ့အကြောင်း ဝန်ခံပါတယ်။ စစ်မှုထမ်းဖို့ ရွေးချယ်မခံရသူတွေနဲ့ စစ်မှုထမ်းဖို့ အသက်အရွယ်အရ အကျုံးမဝင်တဲ့ သူတွေဆီက ငွေကြေး ကောက်ယူတာတွေ ရှိနေတာကို သိရှိတဲ့အကြောင်း စစ်ကောင်စီရဲ့ သတင်းနဲ့ ပြန်ကြားရေးက VOA မြန်မာပိုင်းအစီအစဉ်ရဲ့ မေးမြန်းချက်ကို ပြန်ဖြေတာပါ။

စစ်မှုထမ်းဥပဒေမှာ တခြားသူတွေက ငွေကြေး ထောက်ပံ့ရမယ် ဆိုတာမျိုး မပါပေမဲ့ မကွေးတိုင်း မင်းဘူးမြို့နယ်က ကျေးရွာတချို့မှာ မဲမပေါက်တဲ့ အိမ်တွေက ငါးထောင်နဲ့ တသောင်းအကြား ပေးရတဲ့ အကြောင်း ဒေသခံတယောက်က VOA ကို ပြောဆိုထားပါတယ်။ စစ်မှုထမ်းတဲ့ လူငယ်တွေကို လစာပေးဖို့နဲ့ သူတို့ မိသားစုတွေကို ထောက်ပံ့ဖို့လို့ အာဏာပိုင်တွေက အကြောင်းပြပါတယ်။ တနေရာနဲ့ တနေရာ ဒေသအလိုက် ငွေကြေး ကောက်ခံတဲ့ ပမာဏ မတူတဲ့အကြောင်းလည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီ ပြောခွင့်ရကတော့ ဥပဒေနဲ့အကျုံးဝင်နေတဲ့ မြန်မာလူငယ် အမျိုးသား၊ အမျိုးသမီးအရေအတွက် ၁၃ သန်းနီးပါးရှိနေကြောင်းနဲ့ ဧပြီလကစပြီး ပထမအသုတ်အနေနဲ့ လူ ၅,၀၀၀ စတင်ခေါ်ယူဖို့ပြင်ထားတယ်လို့ ပြောဆိုထားပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကတော့ ဒီ ဥပဒေကို အသက်သွင်းလာတာဟာ စစ်တပ်ဘက်က အင်အားချိနဲ့လာတာကို ပြတာဖြစ်ပြီး ပြည်သူတွေအကြား အကြောက်တရား ကြီးစိုးဖို့နဲ့ လာဘ်စားမှုတွေ၊ အဓမ္မငွေကြေးကောက်ခံမှုတွေ ပေါ်လာအောင် တွန်းအားပေးသလို ဖြစ်လာနိုင်တဲ့အကြောင်း သတိပေးထားပါတယ်။

Forum

XS
SM
MD
LG