သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်မှုထမ်းဖို့ အသက်မပြည့်သူ လူငယ်တွေပါ အဓမ္မ ဖမ်းဆီးခံနေရ


စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေစဉ် (မေ ၊၂၀၂၄)
စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေစဉ် (မေ ၊၂၀၂၄)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက် မနေ့က စစ်ကြောင်းနဲ့ ဝင်ရောက်ပြီး စစ်မှုထမ်းဖို့အတွက် အမျိုးသား ၅၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုနောက်ဆုံး ဖမ်းဆီးခံရသူတွေထဲ အသက်မပြည့်သေးတဲ့ ၁၄ နှစ်ရွယ် လူငယ်တွေပါ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။​ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအိသန့်စင်က ပြောပြပါမယ်။

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲက မိုးကြိုးပစ်၊ ခေါ်သန္တီနဲ့ အုန်းတောကျေးရွာတွေကို ဇွန်လ ၁၂ ရက်နေ့က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း ဝင်ရောက်ပြီး ကျေးရွာအတွင်းက အသက် ၁၄ နှစ်ကနေ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသား ၅၀ ကျော်ကို စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးဖြစ်သူ ကိုဇော်က ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ညနေ ၃ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီဖက်က ဝင်ရောက်ပြီးတော့ ရွာတွေကို ပိတ်ဆို့ပြီးတော့ ပြည်သူတွေကို ဖမ်းသွားတယ်ဗျ။ စစ်မှုထမ်း မလုပ်မနေရဆိုပြီးတော့ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီးတော့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဗျ။ အုန်းတောဖက်က ပြည်သူ့အိမ်တွေကို တအိမ်တက်ဆင်းသွားပြီးတော့ ပစ္စည်းတွေကအစ ယူတယ်ဗျ။ ခေါ်သန္တီဖက်ကတော့ ၃၀ လောက်ပါတယ်ပြောတယ်ဗျ။ မိုးကြိုးပစ်ကတော့ အစိတ်လောက်ပါသွားတယ်ဗျ။ အုန်းတောဖက်ကတော့ ဘယ်လောက်ပါတယ်ဆိုတာတော့ အတိအကျ မပေးသေးဘူးဗျ။ အုန်းတောကတော့ တစ်အိမ်တက် တစ်အိမ်ဆင်း ပစ္စည်းတွေကအစ ကားနဲ့ တိုက်ယူသွားတယ်ဗျ။ လူကတော့ ဘယ်လောက်ပါတယ်ဆိုတာတော့ ကျွန်တော်တို့ဆီ စာရင်းပေးပို့တာမရှိသေးပါဘူးဗျ။ (စုစုပေါင်း) ၅၀ ကျော်လောက်ထိပါသွားပါတယ်။”

ထန်းကုန်းတိုက်နယ်က မိုးကြိုးပစ်၊ ခေါ်သန္တီနဲ့ အုန်းတောစတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီရဲ့ ပျူစောထီးကျေးရွာတွေအနီးမှာ ရှိတဲ့ ရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေသခံတွေကို အဲ့ဒီရွာတွေထဲမှာပဲ ဖမ်းဆီးထားဆဲဖြစ်ပြီး ရွာကိုအထိုင်ချ ပျူစောထီးအဖွဲ့ ဖွဲ့စည်းတာမျိုး လုပ်ဖို့ စီစဉ်နေကြတယ်လို့ ဆိုပါတယ်။ ဒီလို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးတာကြောင့် ဒေသခံတချို့ ထွက်ပြေးနေတာရှိသလို စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် ထွက်မပြေးနိုင်ကြသူတွေလည်း ရှိတယ်လို့ ကိုဇော်က ဆက်ပြောပါတယ်။

“ပျူစောထီးဖွဲ့ထားတဲ့ ရွာတွေရဲ့အတွင်းထဲကရွာတွေ ဖြစ်တယ်ဗျ။ သူတို့က ပျူလုပ်ချင်တဲ့ ရွာတွေတော့ မဟုတ်ဘူးဗျ။ သူတို့က ဒီတိုင်း နေနေရတဲ့ရွာတွေ၊ အဲ့ဒီရွာတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့သူတွေလည်း အများကြီး ရှိကြပါတယ်ဗျ။ အဲ့မှာ ကျန်ခဲ့တဲ့သူတွေလောက်ကို ခုတခါ ပြန်ဖမ်းတော့ ခုတခါပြန်ပြေးရတာပေါ့။ ခလရ ၁၅၂ နဲ့ မြို့ခံ ပျူတွေနဲ့ ပေါင်းပြီးတော့ တစ်ကြောင်းရှိတယ်ဗျ။ အင်အား ၈၀ နဲ့ အဲ့ဒီစစ်ကြောင်းကပဲ ခုလိုက်ဆွဲနေတာ ဆွဲတာက။ လောလောဆယ်ကတော့ ရွာတွေမှာပဲ သူတို့ အခြေပြုနေတယ်၊ ရွာတွေမှာပဲ သူတို့ဒီစစ်မှု ထမ်းခိုင်းပြီး ပျူစောထီးရွာ ဖွဲ့ပြီးတော့ ရွာတွေမှာ အထိုင်ချမယ့် သဘော လုပ်နေကြတာပေါ့။ မလိုက်တဲ့သူ၊ ဖမ်းမမိတဲ့သူ အကုန်လုံး အိမ်တွေ ချိတ်ပိတ်မယ်၊ သိမ်းမယ် အိမ်တွေကို ဖျက်မယ် သယ်မယ်ပေါ့ ပစ္စည်းတွေကိုလည်း။ ရှိသေးပါတယ်ဗျ ဒေသခံတွေက ရွာထဲမှာ ဒီက ဖမ်းခံရသူတွေရဲ့ မိသားစုတွေ၊ ဒေသခံတွေ ထွက်ပြေးလို့ တိမ်းရှောင်လို့ မလွတ်သေးတာတွေလည်း ရှိကြပါသေးတယ်ဗျ။”

စစ်ကောင်စီက စစ်ကိုင်းတိုင်းက ပျူစောထီးကျေးရွာတွေနဲ့ အဲဒီ ပျူစောထီးကျေးရွာနဲ့ နီးတဲ့ ကျေးရွာတွေက ဒေသခံတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာ၊ ပြည်သူ့စစ်သင်တန်း တက်ခိုင်းတာမျိုးတွေ အတင်းအဓမ္မလုပ်ပြီး ပျူစောထီးအဖွဲ့ အားကောင်းစေဖို့နဲ့ စစ်ကောင်စီအင်အား တိုးစေဖို့ ရည်ရွယ် လုပ်ဆောင်နေတာပါ။

စစ်မှုမထမ်းချင်ရင်၊ ပျူစောထီးအဖွဲ့ထဲ မဝင်ချင်ရင် လူတစ်ဦးကို သိန်း ၃၀ ပေးရပြီးတော့ လစဉ်ကြေး အနေနဲ့ တစ်ဦးကို ကျပ် ၂ သိန်းကနေ ၅ သိန်းအထိ ပေးရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ခဲ့တဲ့ အခုနှစ် အစောပိုင်းကစလို့ စစ်ကိုင်းအတွင်းမှာတင် စစ်မှုထမ်းဖို့ အစုလိုက်အပြုံလိုက် စစ်သားစုဆောင်းတာ၊​ အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ ဒါပါနဲ့ဆို အနည်းဆုံး ၃ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ရမ်းသမ်း ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသအတော်များများက ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ကောင်စီဖက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG