သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့မှာ ထိခိုက်သေဆုံးမှုတွေရှိ 


နမ့်ဆန်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့အပြီး အပျက်အစီးများကိုတွေ့ရစဉ် (ဩဂုတ် ၁၃၊ ၂၀၂၄)
နမ့်ဆန်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့အပြီး အပျက်အစီးများကိုတွေ့ရစဉ် (ဩဂုတ် ၁၃၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်းက တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းယူထားတဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နမ့်ဆန်ကို တနင်္လာနေ့ ညသန်းခေါင်အချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေ ရှိခဲ့ကြောင်း ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သား သေဆုံးမှုတွေအတွက် ကုလသမဂ္ဂက သတိပေးနေချိန်မှာပဲ နောက်ထပ် အသေအပျောက်တွေ ကြုံနေရတာပါ။
ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA အကြား ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နောင်ချိုမြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို TNLA က နမ့်ဆန်မြို့ အပါအဝင် သူတို့ သိမ်းယူထားတဲ့ မြို့ ၁၂မြို့မှာ တရားသူကြီးတွေ ခန့်အပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နေချိန်မှာ ဒီလေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာ ဒီလ ၁၂ရက်နေ့ ညသန်းခေါင်အချိန်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း တအန်းအမျိုးသမီးအဖွဲ့ TWO က တာဝန်ရှိသူတဦးက ပြောပါတယ်။

“ ကျမတို့ သိရသလောက် မနေ့ည ၁၁နာရီကျော် ၁၂နာရီဝန်းကျင်မှာ လေယာဉ်က ၃ကြိမ်လာ သွားတယ်။ လာပြီးမှ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်။ တော်တော်များများက ဌာနဆိုင်ရာတွေမှာ ပိုပြီးတော့ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြောကြတာပေါ့။ မြို့ထဲမှာပဲ ရှိကြတယ်။ အဲဒီထဲမှာတော့ ဒေသခံတယောက်သေဆုံးတယ်။ တယောက် ဒဏ်ရာရတယ်။ ကျမတို့လည်း အဲလောက်ပဲ သိရသေးတယ်။ ကျန်တဲ့အသေးစိတ်ကျတော့ ဆက်လို့ မရဘူးဖြစ်နေတယ်။”

မြန်မာနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက အရပ်သားအများအပြား သေဆုံးရတဲ့အပေါ် မနေ့တုန်းက ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး နောက်မှာပဲ နောက်ထပ် သေဆုံးမှု သတင်းတွေ ထွက်ပေါ်လာတာပါ။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အရပ်သားတွေ သေကျေနေတဲ့ ဖြစ်ရပ်တွေဟာ စိုးရိမ်စရာအဆင့်အထိ ရောက်နေပြီလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက သတိပေးထားပါတယ်။
နမ့်ဆန်မြို့ကို TNLA က ၂၀၂၃ခုနှစ် ဒီဇင်ဘာလလယ်မှာ သိမ်းယူခဲ့ပြီး နောက်ပိုင်းမှာ ဖုန်း၊ အင်တာနက်၊ လျှပ်စစ်မီးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေခဲ့တာပါ။

လက်ရှိမှာ နမ့်ဆန်မြို့နဲ့ ဆက်သွယ်ရတဲ့အခက်အခဲကို တခြားဒေသကို ရောက်ရှိနေတဲ့ နမ့်ဆန်မြို့ခံတဦးက အခုလို ပြောပါတယ်။

“ ဟိုမှာကျတော့ ပုဂ္ဂလိကအနေနဲ့ သူတို့က Star link အနေနဲ့ Wifi တခု အဲဒါတခုတော့ ထောင်ထားတာ ရှိတယ်။ ပုဂ္ဂလိကပေါ့။ အဲဒီမှာ သွားပြီးတော့မှ ဖုန်းတော့ ပြောလို့ မရဘူးပေါ့။ Viber တို့ ဘာတို့နဲ့ ကျနော်တို့က စာနဲ့ပဲ ဆက်သွယ် ပို့ကြတာပေါ့။ ဒါပေမဲ့ အခုချိန်ထိတော့ ကျနော့အိမ်က စာပို့လာတာ မရှိဘူး။ ကျနော်က ပို့လို့ မရဘူး။ သူတို့ဆက်လာမှာ ကျနော်က သူတို့ နဲ့ Contact ရတာလေ။ ”

TNLA ရဲ့ ထုတ်ပြန်ချက်မှာတော့ ၁၂ရက်နေ့ည ၁၁နာရီခွဲကနေ ၁၂နာရီအတွင်း လေယာဉ်နဲ့ ၃ကြိမ်၊ ဗုံး ၆လုံးကြဲချခဲ့ကြောင်း၊ မြို့လယ်ရပ် EPC ရုံးဝန်းမှာကျရောက်ပြီး အရပ်သား ၁ဦးသေဆုံးပြီး တဦး ဒဏ်ရာရကြောင်းနဲ့ EPC ရုံးက ထရန်စဖော်မာထိခိုက်ပျက်ဆီးခဲ့သလို မြို့မဂိုဏ်းကျောင်းနဲ့ လူနေအိမ် ၅လုံးထိခိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ရှမ်းမြောက်ဒေသတွင်းသတင်းတွေကို အဓိက ဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနကတော့ အမျိုးသား ၂ဦးသေဆုံးပြီး အမျိုးသမီး တဦးထိခိုက်ဒဏ်ရရကြောင်းနဲ့ လျှပ်စစ်ရုံး၊ ပြန်ကြာရေးရုံးနဲ့ တရားရုံးတွေမှာ အဓိက ထိခိုက်ခဲ့ကြောင်း ရေးသားပါတယ်။

မနေ့က လေကြောင်းတိုက်ခိုက်မှု အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ လောလောဆယ်မှာ TNLA အဖွဲ့က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့နယ်တွေကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒီလ ၅ရက်နဲ့ ၆ရက်နေ့က TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းက ၂ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၆ဦးသေဆုံးပြီး လူ ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သလို လူနေအိမ်နဲ့ မြို့မဈေးက ဆိုင်ခန်းအများအပြားမီးလောင်ပျက်ဆီးခဲ့ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ရာ လောက်ကိုင်နဲ့ သိန္နီမြို့တွေကိုလည်း ဒီလပိုင်းတွေအတွင်းမှာ စစ်ကောင်စီက လေကြောင်းက ၉ကြိမ်တိုက်ခိုက်ခဲ့ရာမှာ အရပ်သား အရပ်သား ၁၅ဦးသေဆုံးပြီး စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ ဆေးရုံတွေ ပျက်ဆီးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

တအန်း TNLA ၊ ကိုးကန့် MNDAA နဲ့ ရခိုင် AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ကတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မြို့၊ရွာတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်ဆိုင်းစေဖို့အတွက် တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဝိုင်းဝန်း တားဆီးပေးဖို့ တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် နေပြည်တော်ကို မလာရောက်မီ ဒီလ ၆ရက်နေ့က တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG