သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA ထိန်းချုပ်ရာ ကွတ်ခိုင်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် 


စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ဈေးမီးလောင်ပျက်စီး (ဩဂုတ် ၇၊ ၂၀၂၄)
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ဈေးမီးလောင်ပျက်စီး (ဩဂုတ် ၇၊ ၂၀၂၄)

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဆက်ရှိနေတယ်လို့ TNLA ဘက်က ပြောပါတယ်။ TNLA က သိမ်းယူထားတဲ့ ကွတ်ခိုင်မြို့ကို ဩဂုတ် ၇ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်လို့ သိရပါတယ်။ ရှမ်းမြောက်တိုက်ပွဲ နောက်ဆုံးအခြေအနေနဲ့ ရှမ်းမြောက်အလားအလာတွေကို ကိုဝင်းမင်း စုံစမ်းမေးမြန်းထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးစစ်ဌာနချုပ်ပါကျအပြီး အခုနောက်ဆုံး၊ ရင်ဆိုင်တိုက်ပွဲတွေ ကျဲလာနေပေမဲ့ လေကြောင်းဗုံးကြဲမှုတွေကတော့ အခု တနင်္လာနေ့ကတည်းက ကွတ်ခိုင်မှာ စပြင်းထန်ခဲ့ပြီး ဗုဒ္ဓဟူးမှာလည်း ဆက်ဖြစ်လာတယ်လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က ပြောပါတယ်။ ဒါ့အပြင် TNLA ပြောခွင့်ရ လွေးယေဦးကလည်း အခုနောက်ဆုံး ကွတ်ခိုင်မှာ လေကြောင်း ထပ်တိုက်ခံရတာကို အခုလို ရှင်းပြပါတယ်။

“ဒီကနေ့စစ်ကောင်စီက ကွတ်ခိုင်မြို့ကိုပဲ jet fighter နှစ်စီးနဲ့ပစ်ခတ်သွားတယ်။ လူထိခိုက်တာတော့မရှိဘူး။ သို့ပေမဲ့ အဆောက်အဦးတွေ နေအိမ်တွေ ပျက်စီးသွားတာမျိုးတွေ ရှိပါတယ်။ အရပ်သားအများဆုံးတည်ရှိတဲ့ နေရာကိုပဲ ဦးတည်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ကျောက်မဲကို သြဂုတ်လ ၅ ရက်နေ့ ဆယ်နာရီအချိန်မှာ ကျမတို့ အပြီးသတ် သိမ်းပြီးတဲ့အချိန်မှာလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။"

TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း ကွတ်ခိုင်မှာ ဗုဒ္ဓဟူးနေ့လည် ၁:၅၀ မှာ တကြိမ်၊ နောက် ၅ မိနစ် အတွင်း နောက်တကြိမ် ပေါင် (၅၀၀) ဗုံး ကြဲခဲ့ပြီး အဆောက်အဦးတချို့ပျက်ခဲ့ပေမဲ့ လူသေဆုံးတာမရှိခဲ့ဘူး။ ဒါပေမဲ့ ပထမတခေါက်ကတော့ ၄ ကြိမ် လေကြောင်းတိုက်ခဲ့ပြီး လူ (၆) ဦးသေဆုံးကာ (၁၀) ဦး ဒဏ်ရာရခဲ့ပြီး ဈေးကြီးလည်း မီးလောင်သွားရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတော့ အခုလို ဘာကြောင့် ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ဖြစ်လာနိုင်တယ်ဆိုတာ CDM ဗိုလ်မှူးနောင်ရိုးက အခုလို သုံးသပ်ပြပါတယ်။

“ဒီလေကြောင်းတိုက်ခိုက်တာဟာ မြောက်ပိုင်းတော်လှန်ရေးအင်အားစုတွေ အထူးသဖြင့် TNLA ရဲ့ ထိုးစစ် အရှိန်ကိုလည်းရပ်တန့်သွားအောင် တန်ပြန် ပစ်မှတ်ထားတိုက်ခိုက်တာလို့လည်း ယူဆရတယ်ပေါ့နော်။ ပြီး တော့လည်း ရမခ တိုင်းစစ်ဌာနချုပ်ကျတယ်။ ဆက်တိုက်ဆိုသလို အခု ကျောက်မဲမှာကျသွားတာကြောင့် စစ်တပ်အတွင်းမှာ အတော်လေးသက်ရောက်မှုကြီးတာကို ကျနော်တို့သတိထားမိတယ်။ အခု ဒီမြောက်ပိုင်း TNLA, MNDAA တော်လှန်ရေးအင်အားစုတွေက အောက်ပိုင်းကိုဆက်ပြီးဆင်းလာမှာကို စစ်တပ်အတွင်းမှာ စိုးရိမ်မှုတွေ ရှိနေလောက်တယ်။ ဒါကြောင့်မို့လို့ သူတို့ ပြင်ဦးလွင်တကြောတွေ၊ မန္တလေးတကြောတွေမှာလည်း ခုခံစစ်တွေ အပြင်းအထန် ပြင်ဆင်နေတယ်လို့ ကျနော်တို့ သတင်းတွေ ကြားသိနေရတယ်။”

ဒါ့အပြင် လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပြီးခဲ့တဲ့အပတ် စနေမှာနဲ့ အခု ကျောက်မဲ ကျအပြီး ဒီလေကြောင်းတိုက်ခိုက်မှုတွေအပေါ် နောက် CDM ဗိုလ်ကြီး ဇင်ယော်ကလည်း အခုလို ထောက်ပြပါတယ်။

“ကျောက်မဲကျပြီး ကွတ်ခိုင်ကိုတော့ တောက်လျှောက်ကြဲတယ်။ ဒါပေမဲ့ အဲလိုကြဲလေ၊ MNDAA တို့ရဲ့ထိုးစစ်က ရပ်သွားမှာမဟုတ်ဘူး။ ပိုပြီးတော့ ပြင်းထန်လာမယ်။ ပြည်မဘက်ကိုပါကူးခွင့် တရားဝင်လိုင်စင်ရလိုက်သလို အနေအထားမျိုး ပိုဖြစ်သွားမှာ။ ဒီနေ့ လားရှိုးဘက်မှာတိုက်ပွဲတွေငြိမ်နေပေမဲ့ နောင်ကော်ကြီး ခမရ ၁၄၇ မှာတော့ တိုက်ပွဲတွေဖြစ်နေတာတွေ ရှိပါတယ်။”

အခု နောက်ဆုံးဖြစ်တဲ့ ဒီနောင်ကော်ကြီးဘက်က တိုက်ပွဲ အရေးပါပုံကိုလည်း ဗိုလ်ကြီးဇင်ယော်က အခုလို ဆက်ထောက်ပြပါတယ်။

“နောင်ကော်ကြီးက နောင်ချိုရဲ့အရှေ့မြောက်ဘက်ကျမှာပေါ့။ နမ့်လမ် တောင်ခမ်းကြားထဲက နောင်ကော်ကြီးပါ ခင်ဗျ။ အရေးပါလားဆိုတော့ နောင်ကော်ကြီးဘက်ကနေပြီးတော့ စစ်ကောင်စီတပ်တွေ ချီတက်လာမယ့် အနေအထားမျိုးကို မဟာမိတ်အဖွဲ့တွေက သေချာအထိုင်ချပြီးတော့ ပိတ်ဆို့ဖြတ်တောက်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်ခင်ဗျ။”

တချိန်တည်းမှာ ရမခကြီး ကျအပြီးနဲ့ ကျောက်မဲကျသွားတဲ့နေ့မှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောတာမှာတော့ ရှမ်းမြောက်မှာ အဆင့်မြင့်ရှော့တိုက်ဒုံးနဲ့ ဒရုန်းဗုံးတွေသုံးခဲ့တာကြောင့် လုံခြုံရေးနဲ့လာခိုလှုံတဲ့ပြည်သူတွေဘေးကင်းရေး ဆုတ်ခွာခဲ့ရတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ အခုလို ရမခ ကျခဲ့တာရဲ့ အဓိက အကြောင်းရင်းကိုတော့၊ KNDF ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ ခွန်ဘီတူးက အခုလို သုံးသပ်ပါတယ်။

“အခုလိုမျိုး ရမခကြီးတခုလုံး ကျဆုံးသွားရတဲ့အဓိကအကြောင်းရင်းကတော့ စစ်ကောင်စီတပ်တွေ အပေါ်မှာ လူထုထောက်ခံမှုမရှိတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ လူထုတွေက တပ်ဖွဲ့တွေကို သတင်းပေးရမယ့်အစား တော်လှန်ရေးအင်အားစုတွေကို ကူညီနေတယ်။ စစ်ကောင်စီလိုလားတဲ့ အရာမှန်သမျှကိုဆန့်ကျင်နေပြီးမှ တပ်အတွက်ထောက်ခံမှု၊ တပ်အတွက်ရိက္ခာ၊ တပ်အတွက်သတင်းတွေကို လူတွေကမကူညီတဲ့အတွက် ဒီလိုမျိုး ရေရှည်တိုက်ပွဲမှာ လက်နက်အင်အား၊ လူအင်အားတွေရှိရဲ့သားနဲ့ စစ်ကောင်စီတပ်တွေက ကျဆုံးရတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။”

ဒီ ရမခ ကျအပြီး တပ်တွင်းရိုက်ခတ်မှု ဆက်ပြီးပြင်းထန်လာတဲ့အပေါ် စစ်ကောင်စီ တုံ့ပြန်တာဖြစ်နိုင်ပုံကိုလည်း ဗိုလ်မှူးနောင်ရိုးက အခုလို ဆက်သုံးသပ်ပြပါတယ်။

“အခုလို စစ်တိုင်းဌာနချုပ်မှာ အခရာကျတဲ့ ရမခတိုင်းကျသွားတာဟာ တိုင်းစစ်ဌာနချုပ်အဆင့်တခု ကျသွားတာထက်ကို အများကြီး သက်ရောက်မှု ကြီးကြီးမားမားဖြစ်တာကို ကျနော်တို့တွေ့ရတယ်။ အခုဆိုရင် တပ်တွင်းမှာမကျေလည်မှုတွေ၊ စစ်အရာရှိအကြီးကြီးတွေကြားမှာ စိုးရိမ်မှုတွေ ကြီးလာတာ တွေ့ရတယ်။ လက်အောက်အရာရှိ စစ်သည်တွေကြားမှာလည်း မကျေနပ်မှုတွေ ပိုမိုမြင့်တက်လာတဲ့ပြောဆိုမှုတွေ ပိုများလာတဲ့အခါမှာ တန်ပြန်တုံ့ပြန်တိုက်ခိုက်တယ်ဆိုတဲ့အနေအထားတွေကိုပြသချင်တာလည်း ပါမယ်လို့ထင်တယ်။ ဒါကြောင့်လည်း နောက်ပိုင်း မြို့ရွာဒေသတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တယ်လို့ ကျနော်တို့ယူဆပါတယ်။”

ဒါ့အပြင် ရမခနဲ့ ကျောက်မဲကျပြီးတဲ့နောက် လက်ရှိနဲ့ ရှေ့ဆက်ဖြစ်လာနိုင်ခြေတွေနဲ့ပတ်သက်လို့လည်း ခွန်ဘီထူးက အခုလို ဆက်သုံးသပ် အကြံပြုပါတယ်။

“တပ်မတော်ဘက်က ကျဆုံးထိခိုက်မှုတွေက အင်မတန်မှရှက်စရာကောင်းပြီး ဒီလိုသေဆုံးမှုတွေ အားလုံးရဲ့ နောက်ကွယ်မှာ မင်းအောင်လှိုင်ကို ထောက်ခံကာကွယ်တဲ့ဟာပဲ အခြေတည်တယ်ပေါ့နော်။ တကယ် မင်းအောင်လှိုင်က အာဏာသိမ်းတဲ့ အပြင် တပ်မတော်သားတွေကို လမ်းမှားတွန်းပို့တယ်။ ပြည်သူတွေကို သတ်ဖြတ်ခိုင်းသလို အခုလိုမျိုး ပြည်တွင်းစစ်ကြီးကိုဖြစ်ပေါ်စေတယ်။ မြို့တွေ ရွာတွေ ပျက်စီးစေသလို မကြာခင်မှာ ဒိထက် ပိုပြင်းထန်တဲ့တိုက်ပွဲတွေ ရှိလာနိုင်တယ်။ ရမခတင်မကဘူးပေါ့နော်၊ ဌာနချုပ်ပေါင်းများစွာ ကျနိုင်တဲ့ အခြေအနေမျိုးကနေပြီးမှ ကာကွယ်ကြဖို့ တပ်မတော်သားတွေဘက်က မင်းအောင်လှိုင်ကို ဆန့်ကျင်ပြီးမှ ပြည်သူတွေကိုကာကွယ်တဲ့၊ နိုင်ငံတော်ကိုကာကွယ်တဲ့တပ်မတော်သားတွေ ဖြစ်ဖို့လိုတယ်။"

ဒါ့အပြင် TNLA ဗိုလ်ချုပ် တာဘုန်းကျော်ကလည်း အခုလို ရမခ စစ်တိုင်းဌာနချုပ်ကြီးနဲ့ တပ်မအဆင့် စကခ၊ ဒကစ အပြင် ဗျူဟာတွေပါကျလာတဲ့ လက်ရှိ စစ်ကောင်စီခေါင်းဆောင်မှု အားနည်းနေချိန်၊ အားလုံးဝိုင်းတိုက်ရင် စစ်အာဏာရှင်ဖြုတ်ချဖို့ အကောင်းဆုံးအချိန်ပါလို့ ပြောခဲ့ပါသေးတယ် ခင်ဗျာ။

Forum

XS
SM
MD
LG