သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်စစ်ဆင်ရေးနဲ့ နိုင်ငံတကာသုတေသီတွေအမြင်


စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ဈေးမီးလောင်ပျက်စီးနေတဲ့မြင်ကွင်း။ (ဩဂုတ် ၇၊ ၂၀၂၄/PSLF/TNLA)
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ဈေးမီးလောင်ပျက်စီးနေတဲ့မြင်ကွင်း။ (ဩဂုတ် ၇၊ ၂၀၂၄/PSLF/TNLA)

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးဟာ အရင်က ပြည်ပဝေဖန်သုံးသပ်သူတွေက ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ပြောခဲ့ကြတဲ့ အစုအဖွဲ့ တွေကြား စုစည်းညှိနှိုင်းဆောင်ရွက်နေတာကို တွေ့မြင်နေရတယ်လို့ စစ်ရေး လေ့လာသူ အမေရိကန်ပါမောက္ခတဦးက သုံးသပ်လိုက်ပါတယ်။ စစ်ကောင်စီတပ်ရဲ့အခန်းကဏ္ဍကပိုပြီး ကျဆင်းလာဖို့ ရှိတယ်လို့လည်း နောက်ထပ် နိုင်ငံတကာသုတေသီတဦးက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

ရှမ်းမြောက်က ၁၀/၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ အံ့မခန်းတဲ့ အောင်မြင်မှုတွေရနေတယ်လို့ ဝါရှင်တန် အခြေစိုက် စစ်ရေးကျွမ်းကျင်သူ National War College က ပါမောက္ခ ဇက်ခရီအဘူဇာ (Zachary Abuza) က ဗွီအိုအေကို ပြောပါတယ်။ MNDAA ကိုးကန့်တပ်၊ TNLA တအာင်း/ပလောင်တပ်၊ AA အာရက္ခတပ်တော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပြင် ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ထိုးစစ်တချို့ပြန်စနိုင်တာကို သူက ဥပမာ ပြုပါတယ်။

“ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးရဲ့ မြောက်ဘက်ပိုင်းမှာဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက အရေးပါတဲ့အောင်မြင်မှုတွေ ရနေတာ တွေ့ရပါတယ်။ သူတို့က တောထဲ တောင်ထဲကနေ ထွက်လာနိုင်ပါပြီ။ အခုဆိုရင် စဥ့်ကူးမြို့ကို တစိတ်တပိုင်း ထိန်းချုပ်ထားပါတယ်။ ဒီမြို့က မန္တလေးနဲ့ကချင်ကြား ဆက်သွယ်နေတဲ့ အဝေးပြေး လမ်းမကြီးပေါ်မှာဖြစ်လို့ ဒါက တကယ့်ကို အရေးကြီးတယ်။ ဒါကြောင့် KIA ကသာ စစ်ဆင်ရေးတွေ အပြည့်အဝ ပြန်လုပ်လာနိုင်မယ်ဆိုရင် စစ်ကောင်စီတပ်က ကချင်တောင်ပိုင်းကို စစ်ကူတွေလွှတ်ဖို့က ပိုပြီး ခက်ခဲလာမှာပါ။”

သုံးနှစ်တာ နွေဦးတော်လှန်ရေးမှာ ရုတ်ချည်းဆိုသလို အစုအဖွဲ့ အသီးသီးက ဖြန့်ကျက်လာနိုင်ကာ တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းမှာ အပြောင်းအလဲတွေ တွေ့မြင်လာရသလို စစ်တပ် အားနည်းလာနေတာကိုလည်း လူတိုင်းက သိမြင်လာရတယ်လို့ ပါမောက္ခ အဘူဇာက ရှုမြင်ပါတယ်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က မကြာသေးမီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀/၂၇ စစ်ဆင်ရေး ပထမပိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလတွေမှာကတည်းက တရုတ်-မြန်မာ အဓိကနယ်စပ်ဖြတ်ကျော်ဂိတ်တွေ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေအပါအဝင် နယ်မြေ စတုရန်းမိုင် ၇,၇၂၂ ကျော်ကို စစ်ကောင်စီက လက်လွှတ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အခု ဇွန်လ ၂၅ ရက်က တကျော့ပြန်စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာလည်း စဉ့်ကူး၊ မိုးကုတ်၊ နောင်ချို၊ မိုးမိတ်၊ ကနေ လားရှိုးလို စစ်တိုင်းမြို့ကြီး အထိ မြောက်ပိုင်းညီနောင်နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးဖောက်လာနိုင်နေတာပါ။

ဒီအခြေအနေဟာ စစ်တပ်ရဲ့ အဆုံးအရှုံးကိုလည်း နားလည်ဖို့အရေးကြီးသလို အတိုက်အခံတွေရဲ့ ဟန်ချက်ညီ လှုပ်ရှားမှုလာနိုင်မှုကိုလည်း အသိအမှတ်ပြုရမယ်လို့ အရှေ့တောင်အာရှက လက်နက်ကိုင်လှုပ်ရှားမှုတွေ အကြောင်း နှစ်ပေါင်းများစွာ သုတေသနပြု စာအုပ်တွေရေးသားပြုစုနေတဲ့ ပါမောက္ခ ဇက်ခရီအဘူဇာက ထောက်ပြပါတယ်။

“လက်ရှိ အခြေအနေက ပြည်ပ ဝေဖန်သုံးသပ်သူတော်တော်များများက မြန်မာနိုင်ငံမှာ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ပြောခဲ့ကြတဲ့နည်းလမ်းတွေနဲ့ ဒီအစုအဖွဲ့ အသီးသီးကြား စုစည်းညီညွတ်စွာနဲ့ ညှိနှိုင်းဆောင်ရွက်နေတာကို တွေ့မြင်နေရတာပါ။”

ရှမ်းမြောက်စစ်မြေပြင်အတွက် စစ်ကောင်စီအတွက် အရေးပါတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကိုထိန်းချုပ်ထားနိုင်ပြီလို့ MNDAA ကိုးကန့်တပ်က ဇူလိုင် ၂၅ ရက်နေ့ ကတည်းက ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နှစ်ဘက် အပြန်အလှန် ကြေညာချက်တွေနဲ့အတူ လားရှိုးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့မှာ MNDAA က တိုင်းစစ်ဌာနချုပ်တခုလုံးကို အပြည့်အဝ သိမ်းပိုက်လိုက်ပြီဆိုပြီး ကြေညာခဲ့သလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အရာရှိကြီးတွေနဲ့ အဆက်အသွယ်ပြန်တောက်သွားကြောင်း ဝန်ခံခဲ့ပါတယ်။ အတည်ပြုဆဲသတင်းတွေအရ သူတို့အခေါ် သောင်းကျန်းသူတွေရဲ့ ဖမ်းဆီးမှု ခံထားကြရကြောင်း သိရတယ်လို့ သြဂုတ်လ ၅ ရက် နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ လက်ရှိတရုတ်သဘောထား
please wait

No media source currently available

0:00 0:10:00 0:00

ပါမောက္ခ အဘူဇာကတော့ စစ်ကောင်စီရဲ့ တန်ပြန်အရေးယူမှုတွေဟာ မအောင်မြင်ဘူးလို့ ယူဆပါတယ်။ စစ်မှုထမ်းဥပဒေကို အသုံးချပြီး လူသစ်စုဆောင်းပေမယ့် သူတို့ကို အသေခံဖို့ အသုံးချနေတာဆိုတာကို တပ်သားသစ်တွေက ကောင်းကောင်း သိနေလို့ စစ်မြေပြင်မှာ လက်တွေ့ အသုံးမကျဘူးလို့ ဆိုပါတယ်။

“လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တာဝေးပစ်အမြောက်တွေကိုပဲ ဆက်ပြီး အားကိုးနေရပါတယ်။ သူတို့ လက်လွှတ်ဆုံးရှုံးနေရတာအတွက် ဒေသခံပြည်သူတွေကို ဒဏ်ခတ်တာမျိုးပဲ သူတို့လုပ်နိုင်ပါတယ်။ နောက်ပြီးတော့ စစ်တပ်ကိုကွပ်ကဲရတဲ့စစ်ဗိုလ်ချုပ်တွေ၊ အကြီးတန်းအရာရှိတွေကို အပြောင်းအလဲ လုပ်တာတွေကို ဆက်ပြီး မြင်တွေ့နေရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က အသေးအမွှားကိစ္စတွေကအစ လိုက်ပြီးပါနေရတယ်။ ဒါက စစ်တပ် ဆောက်တည်ရာမရ ဖြစ်နေတာကို ပြနေတာပါ။”

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ သူ့ရဲ့ သြဂုတ် ၅ ရက် မိန့်ခွန်းထဲမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပါအဝင် စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေကြတဲ့ လက်နက်ကိုင် အတိုက်အခံ အင်အားစုတွေကို အကြမ်းဖက်မှုတွေကျူးလွန်သူ၊ သောင်းကျန်းသူတွေအဖြစ် သုံးနှုန်းပြောဆိုပြီး တုံ့ပြန်ထားပါတယ်။ ရှမ်းမြောက်က နယ်မြေတွေ လက်လွှတ်ခဲ့ရတာအပေါ်မှာလည်း နယ်မြေဒေသတချို့မှာ လူထု လုံခြုံရေးအတွက် ဆုတ်ခွာပေးခဲ့တယ်လို့ ဆိုပါတယ်။ တဘက်မှာလည်း လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနဲ့ မြန်မာနိုင်ငံအပေါ် သူတို့လိုချင်တဲ့အတိုင်း ဖြစ်စေချင်တဲ့ ပြည်ပနိုင်ငံအချို့က အကြမ်းဖက်လမ်းစဉ် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေတယ်လို့လည်း စွပ်စွဲထားပြီး လက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းနှင့်မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်နေတာကို လုံးဝလက်ခံမှာမဟုတ်ဘဲ ရှမ်းပြည် မြောက်ပိုင်းအပါအဝင် နိုင်ငံတဝန်း တည်ငြိမ်သွားအောင် ပြန်လုပ်မယ်လို့ ကြုံးဝါးပါတယ်။

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး အလားအလာ “မေးမြန်းခန်း”
please wait

No media source currently available

0:00 0:08:35 0:00

ဒါပေမယ့် ပြည်တွင်း၊ ပြည်ပက စောင့်ကြည့်နေကြတဲ့ စစ်ရေး၊ နိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ ၁၀/၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့အတူ စစ်ကောင်စီရဲ့ ပကတိအခြေအနေက နိုင်ငံတဝန်းမှာ ပိုပြီး အားနည်းလာဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။ အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (USIP) က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါကတော့ အခုလို သုံးသပ်ပါတယ်။

“အခု ဖြစ်နေတဲ့ပုံစံကို ကြည့်ပါ။ စစ်ကောင်စီဟာ လွန်ခဲ့တဲ့ ၆ လ ကနဲ့ ယှဥ်ရင် ပိုပြီးတော့တောင် အခြေအနေ ဆိုးသွားပါတယ်။ အဲဒီမတိုင်ခင် ၆ လကိုလည်း ကြည့်ရင်လည်း အဲဒီလို ဆက်ဖြစ်နေတာကို တွေ့ရပါမယ်။ ၂၀၂၂ ခုနှစ်လောက်ဆိုရင် တချို့က မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်အစပြုဖို့ စဥ်းစာထားသူတွေ ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲလိုမျိုး စဥ်းစားသူ လုံးဝ မရှိတော့ပါဘူး။ လက်ရှိ လုံခြုံရေးနဲ့ စီးပွားရေးအခြေအနေအရ ဒါက လုံးဝကို မဖြစ်နိုင်တော့ပါဘူး။ စစ်ရေးမှာ ဆိုရင်လည်း ရှေ့တန်းမှာ ဘယ်လိုမှ အဖတ်ဆယ်မရ ဖြစ်နေပါတယ်။ မြဝတီမြို့ကို ပြန်ယူနိုင်ဖို့ ထိုးစစ် စစ်ဆင်ရေးကြီး အကြီးအကျယ် လုပ်ပါတယ်။ ဒါပေမယ့် အဲဒီ စစ်ဆင်ရေးက ဘယ်ကိုမှ ခရီးမပေါက်ခဲ့ပါဘူး။ ချင်းမှာလည်း နယ်မြေတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။”

စစ်ကောင်စီအနေနဲ့ ရှေ့မှာ သူ့ရဲ့ အားသာချက်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်နိုင်စွမ်းမှာတောင် အကန့်အသတ်တွေ ရှိလာနိုင်တယ်လို့ ဂျေဆင်တာဝါက ယူဆပါတယ်။ တဘက်မှာလည်း တိုင်းရင်းသားအဖွဲ့တွေက ပိုပြီး အင်အားကြီးလာပြီး နယ်မြေတွေကို ထိန်းချုပ်ထားကာ နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးတွေကို ထိန်းညှိလာနိုင်သလို အိမ်နီးချင်းတိုင်းပြည်တွေ အပေါ်မှာ သြဇာညောင်းတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားနိုင်တာမျိုး ဖြစ်လာမယ်လို့ သူက ဆိုပါတယ်။

နိုင်ငံတကာကအမြင်တချို့မှာ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးစနစ်မှာ တပ်မတော်အတွက် အခန်းကဏ္ဍ တခုက အမြဲရှိနေတယ်ဆိုတဲ့ ရှုမြင်ချက်ရှိနေသေးပေမယ့် လက်ရှိ စစ်ရေးအခြေအနေမှာတော့ စစ်ကောင်စီ ဘက်က အလှည့်အပြောင်းဖြစ်အောင် ပြန်လုပ်နိုင်မယ်စွမ်းဆောင်ရည်မျိုး မတွေ့ရဘူးလို့ ပါမောက္ခ အဘူဇာရော၊ သုတေသီ ဂျေဆင်တာဝါကရော ဗွီအိုအေကို သုံးသပ်ပြောကြားထားပါတယ်။

ရှမ်းမြောက်စစ်ဆင်ရေးနဲ့ နိုင်ငံတကာသုတေသီတွေအမြင်
please wait

No media source currently available

0:00 0:07:15 0:00

Forum

XS
SM
MD
LG