သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အကြီးအကဲမိန့်ခွန်း အကဲခတ်တွေဝေဖန်


မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၅၊ ၂၀၂၄)
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၅၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ လက်ရှိ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွက် အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေကို စစ်ကောင်စီအကြီးအကဲက အပြစ်ဖို့လိုက်တဲ့အပေါ် အကဲခတ်တွေက ဝေဖန်လိုက်ကြပါတယ်။ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို MNDAA ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြောကြားတဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်ပါသလဲ။ မြန်မာ့အရေး သုံးသပ်သူတွေ အမြင်တွေကို စုစည်းပြီး ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

ဩဂုတ် ၅ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ ၂၅ မိနစ်ကြာ မိန့်ခွန်းထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေအပါအဝင် လက်နက်ကိုင် အတိုက်အခံ အင်အားစုတွေကို အကြမ်းဖက်ကျုးလွန်သူ၊ သောင်းကျန်း သူတွေအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သုံးနှုန်းပြောဆိုခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကိုလည်း စစ်ကောင်စီအကြီးအကဲက အတိုက်အခံအင်အားစုတွေကို အပြစ်တင်တာများခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့ မနေ့က စစ်ခေါင်းဆောင်ပြောဆိုမှုအပေါ်ခုလိုဝေဖန် ပြောဆို လိုက်ပါတယ်။

"ဆိုတော့.. ကိုယ်တိုင်ထွက်ပြီးတော့ မိန့်ခွန်းပြောရတယ်။ ပြောရတယ်ဆိုတဲ့ဖြစ်ရပ်ကိုယ်၌က အခြေအနေက နောက်ဆုံးအဆင့်တခု ရောက်သွားပြီဆိုတာ ရှင်းတယ်။ နောက်ပြီးတော့ လူမျိုး‌ရေး အမြင်ကျဉ်းတာ၊ စစ်ဘုရင်ဝါဒဆိုတဲ့ စကားလုံးတွေက တခုခုကို လှုံ့ဆော်တာပေါ်နော် လှုံ့ဆော်ရာရောက်အောင်ပြောသွားတာပဲ၊ နောက်ပြီးတော့ အဓိကကတော့ မြန်မာအမျိုးသားရေးနဲ့ ရန်တိုက်ပေးချင်တဲ့ ရည်ရွယ်ချက်ရှိပုံပေါ်တယ်လေ။ နောက်တချက်ကတော့ နိုင်ငံခြားပေါ့နော် ပြည်ပနိုင်ငံတွေပါနေတယ်။ နာမည်ထုတ်မပြောပေမယ့် အဓိကကတော့ တရုတ်ကိုဆိုလိုတာပေါ့။ အဲဒါတွေပါနေတယ်။ ပါနေတော့ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိပြောသွားတာ.. အဲလိုပဲ သုံးသပ်ရမယ်။"

စစ်ခေါင်းဆောင်မိန့်ခွန်းမှာ လားရှိုးက စစ်တပ်စခန်းတွေ စွန့်ခွာရတာနဲ့ လားရှိုးက စစ်တပ်ဆေးရုံ တိုက် ခိုက်စီးနင်းခံရတာ၊ရှမ်းမြောက် မှာ MNDAA - ကိုးကန့်တပ်အပါအဝင် ညီနောင် ၃ ဖွဲ့ အသုံးပြုတဲ့ ဒရုန်း၊ ဒရော့ဗုံးနဲ့ ရှော့တိုက်ဒုံးတွေဟာ အဆင်မြင့်နည်းပညာတွေသုံးပြီး ပြုပြင်သုံးစွဲထားတာတွေပြောခဲ့ပေမယ့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျမကျဆိုတာ တိုက်ရိုက်ရည်ညွှန်းပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

ရှမ်းမြောက် မှာ MNDAA ကိုးကန့်တပ်အပါအဝင် ညီနောင် ၃ ဖွဲ့ အသုံးပြုတဲ့ ဒရုန်း၊ ဒရော့ဗုံးနဲ့ ရှော့တိုက်ဒုံးတွေဟာ အဆင်မြင့်နည်းပညာတွေသုံးပြီး ပြုပြင်သုံးစွဲထားတယ်လို့ပြောပြီး ကြေးစားတပ်တွေရဲ့ နည်းပညာထောက်ပံ့ကူညီမှုတွေရနေတယ်လို့စွပ်စွဲခဲ့ပေမယ့် ဘယ်နိုင်ငံက ကြေးစား တပ်တွေလို့ သူကတိတိကျကျရည်ညွှန်းတာမရှိခဲ့ပြန်ပါဘူး။ နောက်ပြီးအဲဒီစစ်လက်နက်တွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်ရှိ ဖော်ဆောင်နေတဲ့ စစ်ရေးတွေမှာ ပြင်ပရဲ့ ပါဝင်ပတ်သက်မှုတွေရှိနေတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့သလို မြန်မာ - တရုတ်နဲ့ နယ်စပ်တွေက တိုင်းရင်းသားနယ်မြေ အချို့မှာ စစ်သင်တန်းပေးတာတွေနဲ့ လက်နက် စက်ရုံတွေထူထောင်ထားပြီး အဲဒီကနေ လက်နက်ခဲယမ်းမီးကျောက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ထုတ်နေတာလို့ စစ်ခေါင်းဆောင်ကပြောဆိုခဲ့ပါတယ်။

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင် မဟာမိတ်တပ်များ အပြည့်အဝသိမ်းပိုက် (ဓါတ်ပုံ - MNDAA)
လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင် မဟာမိတ်တပ်များ အပြည့်အဝသိမ်းပိုက် (ဓါတ်ပုံ - MNDAA)

စစ်ခေါင်းဆောင်က လက်ရှိ "ရမခ"လက်လွှတ်ရတာနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင်ပြောဆိုပြတာမရှိပေမယ့် စစ်ရေးပိုင်းရှုံးနိမ့်တဲ့အပေါ် သူ့တပ်သားတွေကိုပြန်စည်းရုံးဖို့အခုလို မိန့်ခွန်းထုတ်ပြန်တာဖြစ်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ပြည့်သူ့ပန်းတိုင်အဖွဲ့တာဝန်ခံ CDM တပ်မတော်အရာရှိ ကိုနောင်ရိုးက ဗွီအိုအေကို ပြောပါတယ်။

"ဒီစစ်ကောင်စီဘက်မှာ စစ်ရေးအထိနာမှုက တော်တော့်ကိုကြီးကြီးမားမား စစ်ရေးအထိနာမှုတွေ ကြုံနေတယ်။ ဒါကိုလည်း သူတို့ ထောက်ခံသူတွေကြားထဲမှာပေါ့နော် ဒီစစ်တပ်ရဲ့ထောက်ခံမှုတွေ စစ်တပ်လော်ဘီ စစ်တပ်အမာခံထောက်ခံသူတွေလည်း ဒီအပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်လာမှုတွေကြုံတွေလာတယ်။ အထူးသဖြင့် စစ်ခေါင်းဆောင်အပေါ် ဝေဖန်မှုတွေများလာတယ်။ ဒီစစ်ခေါင်ဆောင်ရဲ့ စစ်ခေါင်းဆောင်မှုအပေါ် စစ်‌ရေးစွမ်းဆောင်ရည်အပေါ်မှာ‌ရော မကျေနပ်မှုတွေ ‌ဝေဖန်သံတွေ တုန့်ပြန်သံတွေ များလာတဲ့အနေအထားတွေက ပိုပြီးတော့ ပိုတွေ့လာရတယ်။ ဒီအနေအထားတွေကို စစ်ရေးအခြေအနေတွေရှင်းပြရင်းနဲ့ ထောက်ခံမှုပြန်ရအောင် အဲဒီအဖွဲ့တွေကို ရည်ရွယ်ပြီးတော့ ပြောဆိုပြင်ဆင်လုပ်ဆောင်တာလို့တော့ ကျွန်တော်သုံးသပ်မိတယ်ပေါ့နော်။"

စစ်ခေါင်းဆောင်က လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်က လွဲလို့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ NLD နဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေ၊ ဒီမိုကရေအရေး လိုလားသူတွေအပါအဝင် သတင်းမီဒီယာတွေကြောင့် ဆိုပြီး အပြစ်တင် ပြောကြားခဲ့ပါတယ်။ လတ်တလော နိုင်ငံအတွင်းမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး အကျပ်အတည်းဟာလည်း ပြည်ပနိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုကြောင့် ဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG