သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေလက်လွတ် ဆုံးရှုံးမှုတွေ ရှိခဲ့ကြောင်း စစ်ကောင်စီအကြီးအကဲဝန်ခံ


မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၅၊ ၂၀၂၄)
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၅၊ ၂၀၂၄)

မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ နယ်မြေတွေ လက်လွှတ် ဆုံးရှုံးမှုတွေရှိခဲ့အကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထိန်းချုပ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က အရာရှိကြီးတွေနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး ဖမ်းဆီးခံရတယ်လို့ သိရှိရတဲ့အကြောင်း မြန်မာစစ်ကောင်စီက အစောပိုင်းမှာ သတင်း ထုတ်ပြန် ဝန်ခံပြောဆိုထားပါတယ်။ တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ တပ်အရာရှိစစ်သည်နဲ့ မိသားစု စုစုပေါင်း ၄ ထောင်ကျော် MNDAA ပူးပေါင်းတပ်တွေကို လက်နက်ချခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေအရရော စစ်ရေး သတင်းရင်းမြစ်တွေကပါ ပြောဆိုနေပေမဲ့ အရေအတွက်နဲ့ ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ကလွဲလို့ EAO တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ NLD နဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေ၊ ဒီမိုကရေအရေး လိုလားသူတွေအပါအဝင် သတင်းမီဒီယာတွေကြောင့် ဆိုပြီး အပြစ်တင် ပြောကြားခဲ့ပါတယ်။ လတ်တလော နိုင်ငံအတွင်းမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး အကျပ်အတည်းဟာလည်း ပြည်ပနိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုကြောင့် ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ အပစ်ရပ်ရေးကို ဦးတည်စေမယ့် တရုတ်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးပြီး ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ ပြုလုပ်မယ့် ဟိုင်ဂင် ဆွေးနွေးပွဲကိုလည်း မတက်ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ညီနောင် မဟာမိတ်သုံးဖွဲ့နဲ့ မြန်မာ စစ်ကောင်စီတို့အကြား တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာလုပ်တဲ့ ဆွေးနွေးပွဲကနေ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ရပ်ထားဖို့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပထမဆုံးအကြိမ် သဘောတူညီမှုရခဲ့ပေမယ့် နောက်ပိုင်း ဆွေးနွေးပွဲတွေမှာ တိုးတက်တဲ့ရလဒ် တစုံတရာမရဘဲ ပြီးဆုံးခဲ့ပါတယ်။

ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ စစ်ကောင်စီ တပ်ဖွဲ့တွေ အရေးနိမ့်နေတဲ့ အခြေအနေ အသေးစိတ်ကို ထည့်သွင်းပြောဆိုတာ မတွေ့ရပေမဲ့ လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်လိုက်တဲ့ နယ်မြေတွေမှာ ရာဇဝတ်မှုတွေ၊ မတည်ငြိမ်မှုတွေ ပေါ်ပေါက်နိုင်တယ်လို့လည်း ပြောသွားပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြား အစီအစဉ်မှာ ထုတ်လွှင့်ခဲ့တဲ့ ၂၅ မိနစ်ကြာ မိန့်ခွန်း အများစုမှာတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပါအဝင် လက်နက်ကိုင် အတိုက်အခံ အင်အားစုတွေကို အကြမ်းဖက်ကျုးလွန်သူ၊ သောင်းကျန်းသူတွေအဖြစ် သုံးနှုန်းပြောဆိုခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကိုလည်း စစ်ကောင်စီ အကြီးအကဲက အတိုက်အခံ အင်အားစုတွေကို အပြစ်ဖို့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG