သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုး စစ်တိုင်းဌာနချုပ်အရာရှိကြီးများနဲ့ အဆက်အသွယ်ပြတ်နေကြောင်း စစ်ကောင်စီဝန်ခံ


လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင် မဟာမိတ်တပ်များ အပြည့်အဝသိမ်းပိုက် (ဓါတ်ပုံ - MNDAA)
လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင် မဟာမိတ်တပ်များ အပြည့်အဝသိမ်းပိုက် (ဓါတ်ပုံ - MNDAA)

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က တိုင်းမှူးအဆင့်နဲ့ အရာရှိကြီးတွေကို ဖမ်းဆီးရမိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြချိန်မှာပဲ တိုင်းစစ်ဌာနချုပ်က အရာရှိကြီးတွေနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး ဖမ်းဆီးခံရတယ်လို့ သိရှိရတဲ့အကြောင်း မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

“အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများနဲ့ ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှုရရှိခဲ့ပြီး အခုအချိန်အထိ ဆက်သွယ်မှုပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲသတင်းများအရ အရာရှိကြီးတချို့ကို အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။”
လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားတာပါ။

MNDAA အဖွဲ့ဟာ အပစ်အခတ်ရပ်ရေး သဘောတူညီချက်ကိုချိုးဖောက်ပြီး လားရှိုးကို ဇူလိုင်လ ၃ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပေမယ့် တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ရာမှာ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စကခ မှူးဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး-တို့ကို အရှင်ဖမ်းဆီးရမိတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေအရသိရပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ တပ်အရာရှိစစ်သည်နဲ့ မိသားစု စုစုပေါင်း ၄ ထောင်ကျော်က MNDAA ပူးပေါင်းတပ်တွေကို လက်နက်ချခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေအရရော စစ်ရေးသတင်းရင်းမြစ်တွေကပါ ပြောနေပါတယ်။ လက်နက်ချ စစ်ကောင်စီအရေအတွက်နဲ့ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ခက်နေသလို မြန်မာစစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်မပြောသေးပါဘူး။
လားရှိုးမြို့ကိုရော တိုင်းဌာနချုပ်ကိုပါ MNDAA ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီလို့ဆိုပေမယ့် လားရှိုးမြို့ဝန်းကျင်မှာတော့ စစ်ကောင်စီလက်ကျန်တပ်တွေကို ပူးပေါင်းတပ်တွေက ရှင်းလင်းနေပြီး ပစ်ခတ်မှုတချို့ ရှိနေသေးတယ်လို့ သိရပါတယ်။ အခုဖမ်းဆီးခံရတဲ့အထဲပါတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို ဇူလိုင်လလယ်ပိုင်းလောက်ကတည်းက တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နဲ့ အစားထိုးခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် ဗိုလ်ချုပ်စိုးတင့်က တိုင်းဌာနချုပ်မှာ ဆက်ရှိနေတာလို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG