သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွမ်ပရာဘွမ်အနီးက စစ်ကောင်စီရဲ့ အရေးပါတဲ့တပ်စခန်း KIA သိမ်းပိုက်


လောက်ကိုင်မြို့တွင်း ဗုံးကျဲခံရအပြီး မြင်ကွင်း (ဩဂုတ် ၂၊ ၂၀၂၄)
လောက်ကိုင်မြို့တွင်း ဗုံးကျဲခံရအပြီး မြင်ကွင်း (ဩဂုတ် ၂၊ ၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က ဆွမ်ပရာဘွမ်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ၂ရက်ကြာ တိုက်ခိုက်သိမ်းယူလိုက်ပြီးအဲဒီဒေသက နောက်ထပ် တပ်စခန်းတခုကိုလည်း ဆက်လက်တိုက်ခိုက်နေပါတယ်။ တချိန်တည်းမှာတော့ မိုးမောက်မြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို လောက်ကိုင်နဲ့ လားရှိုး စစ်ဆေးရုံတွေကို အပြန်အလှန် တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်က နောက်ဆုံး အခြေအနေတွေကို တင်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း KIA က တိုက်ခိုက် သိမ်းယူလိုက်တဲ့ မြစ်ကြီးနားမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းဟာ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း လုံခြုံရေးအတွက် အရေးပါတဲ့ တီယန်ဇွပ်စခန်း ဖြစ်ပါတယ်။

ဒီစခန်းကို မနေ့မနက်က စတင်တိုက်ခိုက်ပြီး ဒီကနေ့ မနက် ၁၀နာရီ ဝန်းကျင်မှာ သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အခုလို အတည်ပြု ပြောကြားပါတယ်။

“ မနေ့က မနက်ကတည်းကနေ မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်ကို တက်သွားတဲ့ ကားလမ်းပေါ်က တီယန်ဇွပ်စခန်းကို ဝင်တိုက်တဲ့ ဖြစ်စဉ်ရှိပါတယ်။ ဆိုတော့ ဒီမနက် ၈နာရီကတည်းကနေ ပြန်တိုက်တာ အခုတော့ အားလုံး အပြီးအစီး သိမ်းပိုက်လို့ရပါပြီ၊ အဲဒီ တီယန်ဇွပ်စခန်း။ အရေးပါတဲ့ စခန်းဖြစ်ပါတယ်။ တပ်မဟာ ၁နယ်မြေဘက်ကိုသွားတဲ့ ရေကြောင်းလမ်းခွဲလည်း ဖြစ်ပါတယ်။ တပ်မဟာ ၁ကို ထိန်းချုပ်တဲ့ စခန်းလည်း ဖြစ်ပါတယ်။ အခု ဟို…. အင်ဆော့ပ် ဆိုတဲ့ စခန်းတခုလည်း ပြန်ပြီးမှ တိုက်တော့ တိုက်ပါတယ်။ ဒါပေမဲ့ အခြေအနေကတော့ မသိသေးဘူး။ အဲဒီဘက်ကတော့။ ”

ဒီရက်ပိုင်းမှာတော့ မိုးမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်းလည်း ပြောပါတယ်။

လားရှိုးမြို့မှာတော့ ဒီရက်ပိုင်းအတွင်းမှာ MNDAA ကိုးကန့်နဲ့ ပူးပေါင်းတပ်တွေဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)အတွင်း ဝင်ရောက် တိုက်ခိုက်နေပြီး ဗဟိုကင်းနဲ့ စစ်ဆေးရုံတို့ကို ဒီလ ၁ရက် မနေ့က သိမ်းပိုက်လိုက်ကြောင်း ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြပါတယ်။ ဒီကနေ့မနက်အစောပိုင်း ၁နာရီလောက်မှာတော့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ တုံချိန်နဲ့ ကျင်မောက်မှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အထိအခိုက်အပျက်အဆီးများကြောင်းလည်း ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။

တယ်လီဂရမ် သတင်းစာမျက်နှာအချို့မှာတော့ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်က ဆေးရုံမှာ ဗုံးကျရောက်ပေါက်ကွဲတာကြောင့် အနည်းဆုံး ပြည်သူ ၁၀ဦးသေဆုံးကြောင်းလည်း သတင်းဖော်ပြတာတွေ ရှိနေပါတယ်။ ဒါဟာ လောက်ကိုင်မြို့ကို ၄ကြိမ်မြောက်ဗုံးကြဲတိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

လောက်ကိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်တဲ့သတင်းနဲ့အတူ MNDAA ကိုးကန့်တပ်က ရမခနဲ့ ဆက်စပ်နေတဲ့ အမှတ်၉ တပ်မတော် ကုတင် ၁၀၀ ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ပြီး ကလေးလူနာ၊ ဆရာဝန်၊ သူနာပြုနဲ့ ဒဏ်ရာရသူအပါအဝင် ၁၀၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း Eleven Media ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

စစ်ရှောင်နေသူ လားရှိုးမြို့ခံတဦးကတော့ ဒီဖြစ်စဉ် ဖြစ်ပျက်ခဲ့တာကို ကြားသိရကြောင်းနဲ့ လူ ၇၀ခန့် သေဆုံးတယ်လို့ သိရကြောင်း ပြောပါတယ်။

“ အဲဒီဖြစ်စဉ်က ဖြစ်တယ်လို့တော့ ပြောတယ်။ ဖြစ်တယ်ဆို အနည်းဆုံး ၇၀လောက်တော့ ဆုံးတယ်လို့ ပြောတယ်။ ကျ…အေးပေါ့၊
သေတယ်ပေါ့ဗျာ။ လောလောဆည်မှာက သူတို့ စစ်ဆေးရုံမှာက ပြည်သူ့ဆေးရုံကြီးက ပြောင်းထားတဲ့ဟာတွေရော၊ တပ်ဘက်က ဟာတွေရော ရှိမယ်ထင်တယ်။ အခုက ဆေးရုံဆို ပွင့်ပွင့်လင်းလင်းပြောရင် တရုံပဲ ကျန်တာကိုး။ ”

လောလောဆယ်မှာတော့ လောက်ကိုင်နဲ့ လားရှိုးမြို့တွေမှာ အင်တာနက်နဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် VOA အနေနဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။

လားရှိုးမြို့က စစ်ရှောင်နေတဲ့ ပြည်သူအချို့တော့ မြို့တွင်းမှာ ကျန်နေသူတွေနဲ့ တခါတရံမှာ MEC ဖုန်းလိုင်းကတဆင့် ဆက်သွယ်လို့ ရရှိတာတွေ ရှိနေတာပါ။ ဒီလို ဆက်သွယ်ရာမှာလည်း လားရှိုးမြို့တွင်းမှာ ကျန်နေသူတွေအနေနဲ့ လုံခြုံရေးအရ အပြင်မထွက်နိုင်တာကြောင့် တိုက်ပွဲ ဖြစ်ပွားရာနေရာက အဖြစ်အပျက်တွေကို အတည်ပြုနိုင်ဖို့ အခက်အခဲတွေလည်း ရှိနေတာပါ။

လက်ရှိ ရှမ်းမြောက်ဒေသက တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး MNDAA ကိုးကန့်တပ်နဲ့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG