ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တလနီးပါး တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိခိုက်သေဆုံးသူတွေ ရှိနေသလို၊ မြို့ခံတွေကို ဘေးလွတ်ရာ ထွက်ခွာဖို့ သတိပေးတာတွေ ရှိနေပါတယ်။ စစ်ကောင်စီတပ်စခန်းအများစုကို MNDAA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီးတဝိုက် စစ်ကောင်စီလက်ကျန်တပ်တွေ ရှိနေဆဲဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ လားရှိုးမြို့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။
ကိုးကန့်တပ်မတော်MNDAA နဲ့ ပူးပေါင်းတပ်တွေ ဇူလိုင်လ ၃ရက်နေ့က စတင်ပြီး လားရှိုးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ ဒီကနေ့အထိလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။ လောလောဆယ် တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ဒီကနေ့ နောက်ဆုံးရတဲ့ သတင်းအရတော့ ဒေသခံတွေကို လားရှိုးမြို့က ထွက်ခွာဖို့ သတိပေးကြေညာတာတွေ ရှိနေကြောင်း စစ်ရှောင်နေသူ လားရှိုးမြို့ခံ တဦးက ပြောပါတယ်။
“ မနက်က ပြောတာကတော့ လူတွေ ထွက်ဖို့ ကြေညာနေတယ်။ အော်နေတယ်လို့တော့ ပြောတယ်။ ဘယ်သူက အော်လဲတော့ မသိဘူး။ ဘယ်အဖွဲ့က အော်တာလဲတော့ မသိဘူး။ အော်တော့ အော်နေတာပေါ့။ အပြင် ထွက်ကြပေါ့။ မနေကြနဲ့ အဲလိုအော်နေတယ်လို့ ပြောတယ်။ အဓိကကတော့ ရပ်ကွက် ၁၂ပိုင်းမှာ အော်နေတယ်ပြောတယ်။ အဲဒါ နောက်ဆုံးရတဲ့ Contact ပဲ။ လက်ရှိက MEC ဖုန်းလိုင်းပဲ မိတဲ့သဘော။ အဲဒါတောင်မှ မိတချက် မမိတချက်ပဲ။ ”
တနင်္ဂနွေနေ့ကတော့ MNDAA တပ်ဖွဲ့က သူတို့ သိမ်းဆည်းထားတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတွေနဲ့ မြို့တော်ခန်းမနဲ့ အခြားအထင်ကရနေရာတွေကို ဓါတ်ပုံရိုက်ကူးပြီး သတင်းထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။ စစ်ရှောင်နေသူ လားရှိုးမြို့ခံက လောလောဆည်ထုတ်ပြန်တဲ့သတင်းဓါတ်ပုံတွေမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှေ့မှာ ရိုက်ကူးထားတဲ့ ပုံမပါသေးကြောင်း နဲ့ စစ်ရေးအရ အချက်အခြာကျတဲ့ ဆင်တောင်ကိုတော့ သိမ်းယူသွားတဲ့အခြေအနေရှိကြောင်း ပြောပါတယ်။
“ ရမခ ရှေ့မှာ ရိုက်ထားတာ တပုံမှ မပါသေးဘူး။ သူက တိုင်း Badge ကျတော့ ဘယ်ရော၊ ညာရော နေဖြစ်သွားမှာ။ အခုဟာ အခြားတပ် ခြေလျင်တပ်တွေပဲ ပါတယ်။ ဆင်တောင်ကတော့ ပါသွားတဲ့သဘောပေါ့။ တာဝါတိုင်ကြီး ပုံတွေဘာညာ သူတို့ ရိုက်ထားတာဆိုတော့။ ဆင်တောင်က ပါတဲ့သဘောပဲ။”
စစ်ရှောင်နေသူ အခြား လားရှိုးမြို့ခံတဦးကလည်း ရမခရှေ့မှာ ရိုက်ကူးထားတဲ့ပုံမပါသေးကြောင်းနဲ့ လားရှိုးအခြေစိုက်စစ်ကောင်စီတပ်ရင်းအတော်များများကို ကိုးကန့်တပ်က သိမ်းယူထားပြီး ရမခတိုင်းဌာနချုပ်အနီးက စစ်ကောင်စီတပ်တွေသာကျန်တဲ့ အနေအထားရှိကြောင်း ပြောပါတယ်။
“ မပါသေးဘူး။ မပါသေးဘူး ကျနော်လည်း အဲဒါ တချက်ကြည့်နေတယ်။ အခု တောက်လျောက် ၆၈၊ ၄၁၊ ၅၂၂၊ ၅၀၇၊ ၉၁၄၊ ၉၅၉ ပါတယ်။ ဆင်တောင်လည်း ပါပြီလို့တော့ ပြောရမှာပေါ့။ သံချပ်ကာတပ်ပါပြီ ဆိုတော့နော။ ပြောမယ်ဆိုရင်တော့ အဲဒီတိုင်းနားလေး တဝိုက်လောက်ပဲ ကျန်တော့မှာပေါ့။”
သူ့အနေနဲ့ မနေ့ညက လားရှိုးများကျန်ရှိနေသူတွေနဲ့ အဆက်အသွယ်ရခဲ့ရာမှာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူအများအပြားရှိနေကြောင်း အခုလိုဆက်ပြောပါတယ်။
“ မနေ့ကတော့ ညမှာ တချက်ရလိုက်တယ်။ ရတယ်ဆိုတာက ဆက်လာတဲ့သူတွေက ဖုန်းလိုင်းရတဲ့နေရာမှာရောက်တာနဲ့ ကျနော့ကို ဆက်တာပေါ့။ ဆက်လာတော့ တော်တော်လေးကို ပြင်းထန်နေတယ်။ ကျနော်တို့ ဒီ တက္ကသိုလ်ရှေ့ရယ်တဲ့၊ ယာဉ်ထိန်းရုံးရှေ့ရယ်၊ ပြီးတော့ ကျနော်တို့ မြို့တော်ခန်းမရှေ့၊ ပြီးတော့ ၄၁ ဂိတ်နားတဝိုက်ဆိုရင် အလောင်းတွေ ပုံထပ်နေတာပဲတဲ့ ဆရာရေ။ အဲဒါ ပြည်သူ အလောင်းလား၊ လက်နက်ကိုင်အလောင်းလားဆိုတာကို ဘယ်လိုမှ ဝေခွဲလို့ မရတော့ဘူးပေါ့။ ခေါင်းပါတဲ့ဟာက ပါ။ ခြေထောက်ပြတ်တဲ့ဟာက ပြတ် ၊ တပိုင်းတစတွေ တွေ့တဲ့ဟာတွေက တွေ့တဲ့။ အစုံပဲတဲ့ သူတို့ ပြောတာကတော့လေ။ ”
မနေ့ညနေပိုင်းကတော့ လားရှိုးထောင်ပေါက်ပြီး အကျဉ်းသားတွေအတော်များများ လွတ်မြောက်သွား ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလ ၂၅ရက်နေ့ကတော့ MNDAA က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့ဟာ လုံး၀လွတ်မြောက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ရမခကို သိမ်းယူတဲ့သတင်းဟာ မဟုတ်မှန်ကြောင်း တုန့်ပြန်ထားပါတယ်။
ဒီလ ၂၇ရက်နေ့ကတော့ UWSA ဝတပ်ဖွဲ့တွေ အင်အား ရာနဲ့ချီပြီး လားရှိုးမြို့တွင်းကို ဝင်ရောက်လာခဲ့ပါတယ်။ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဝတပ်ဖွဲ့ပိုင် စက်ရုံနဲ့ ကုမ္ပဏီတွေ ၊ နောက် ဆက်ဆံရေးရုံး မိသားစုတွေ လုံခြုံရေးအတွက် လာရောက်တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ ဝတပ်ဖွဲ့တွေ ဝင်ရောက်မယ့်အကြောင်း အသိပေးထားတယ်လို့ ပြောဆိုထားပေမဲ့ လားရှိုးမြို့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ မနေ့ညနေပိုင်းကတော့ ၀ တပ်ဖွဲ့တွေ တန့်ယန်းကို ပြန်သွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ UWSA ဘက်က အတည်ပြုချက်တော့ မရသေးပါဘူး။
Forum