သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ချိုအခြေစိုက် ဒုံးတပ်ရင်းကို TNLA သိမ်းပိုက်


နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို သိမ်းယူခဲ့ကြောင်း TNLA ပြောဆို
နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို သိမ်းယူခဲ့ကြောင်း TNLA ပြောဆို

စစ်ကောင်စီရဲ့ နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ရက်သတ္တ ၂ပတ်ခန့် အပြင်းအထန် တိုက်ခိုက်ပြီးနောက် ဒီနေ့ ညနေ ၃နာရီ ဝန်းကျင်မှာ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းယူလိုက်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စတင်ခဲ့တဲ့ ၁၆ ရက်တာ ကာလအတွင်း တပ်စခန်းပေါင်း ၄၀ ကျော်ကို TNLA ကသိမ်းယူထားပါတယ်။ လားရှိုးမြို့မှာတော့ ဒီနေ့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာပြီး လက်နက်ကြီး ထိမှန်တာကြောင့် အနည်းဆုံး ၂ဦး သေဆုံးခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့မှာ TNLA ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့နဲ့ နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီ တပ်စခန်းတွေကို စီးနင်း တိုက်ခိုက်ခဲ့ရာမှာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ နောင်ချိုအခြေစိုက် ခမရ (၁၁၅)နဲ့ (၁၁၄) တို့ကို သိမ်းယူခဲ့ပြီး ကျန်ရှိနေတဲ့ အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ဆက်လက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို သိမ်းယူခဲ့ကြောင်း TNLA ပြောဆို
နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို သိမ်းယူခဲ့ကြောင်း TNLA ပြောဆို


ဒီကနေ့မှာတော့ နောင်ချိုအခြေစိုက် (၆၀၆) ဒုံးတပ်ရင်းကို ရက်သတ္တ ၂ပတ်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဗွီအိုအေကို ပြောပါတယ်။

“ ဟုတ်ကဲ့။ နောင်ချိုမြို့မှာတော့ ဒီနေ့ ၃နာရီ ဝန်းကျင်မှာ ကျမတို့ စစ်ကောင်စီရဲ့ ၆၀၆ ဒုံးတပ်ရင်း တပ်စခန်းကိုတော့ ကျမတို့ အပြီး သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဟုတ်ကဲ့။ ၂၇ရက်ကနေ စပြီးတော့မှာ ဒီနေ့ ၁၀ရက်အထိဆို သီတင်း ၂ပတ်ကျော်ရှိပါပြီ။”

ဒီတိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းရော၊ လက်နက်ကြီးပစ်ကူပါ အကြိမ်ကြိမ် တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ လောလောဆယ်မှာတော့ နောင်ချိုမြို့ကို TNLA က အလုံးစုံ ထိန်းချုပ်နိုင်လိုက်ပြီလည်း ဖြစ်ပါတယ်။

နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို သိမ်းယူခဲ့ကြောင်း TNLA ပြောဆို
နောင်ချိုအခြေစိုက် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို သိမ်းယူခဲ့ကြောင်း TNLA ပြောဆို


ပြီးခဲ့တဲ့ ၂ရက်တာ အတွင်းမှာတော့ မိုးမိတ်မြို့နယ်အတွင်းက တပ်စခန်း ၄ ခုနဲ့ မိုးကုတ်မြို့နယ်က တပ်စခန်း ၂ ခု ထပ်မံသိမ်းယူခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်ခဲ့တဲ့ ၁၆ ရက်တာကာလမှာ စစ်ကောင်စီတပ်စခန်း စုစုပေါင်း ၄၀ ကျော်ကို သိမ်းယူခဲ့ပြီလို့လည်း ပြောပါတယ်။

“လက်ရှိမှာတော့ ကျမတို့ စစ်ကောင်စီတပ်စခန်း ၄၀ကျော်ကျော် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။”

ဒီကနေ့မှာတော့ မိုးမိတ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်းနဲ့ မိုးကုတ်၊ ကျောက်မဲနဲ့ သီပေါဘက်ကတော့ တိုက်ပွဲသတင်း တက်လာတာမတွေ့ရသေးကြောင်း ပြောပါတယ်။ မိုးကုတ်နဲ့ မိုးမိတ်မြို့က ဒေသခံတွေကို လက်ရှိ အခြေအနေကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရပါဘူး။

မိုးကုတ်ဒေသခံတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျတာတွေ ရှိနေပြီး မင်းတံတားရပ်ကွက်မှာ ၂ယောက်ထိခိုက်ရာမှာ တဦးက စိုးရိမ်ရကြောင်း ရေးသားထားပါတယ်။

ရွှေဖီမြေသတင်းဌာနကတော့ မိုးမိတ်မြို့မှာ ၉ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ရွှေတောင်ဦးနဲ့ သရက်တောရွာမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက်၁၁နှစ်အရွယ် ကလေး တဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သလို သရက်တောရွာဘုန်းကြီးကျောင်းနဲ့ အနီးအနားက အိမ်မှာ အလောင်း ၄ လောင်းတွေ့ရကြောင်း သတင်းရေးသားထားပါတယ်။

လားရှိုးမြို့မှာတော့ အင်္ဂါနေ့က ပစ်ခတ်တာတွေ အတန်ငယ် ငြိမ်သက်ခဲ့ပေမဲ့ ဒီကနေ့ မနက်ပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေကြောင်းး ဒေသခံတဦးက အခုလို ပြောပါတယ်။

“ ၅၀၇ ဘက်ပဲ ပြန်ဖြစ်နေတာ။ ဒီမနက် ၅နာရီခွဲထဲက စတာ။ လက်နက်ကြီးက တော်တော်ကျတယ်ဗျ။ ဘယ်ဘက်ကလာလဲတော့ ကျနော်လည်း မသိဘူး။ အလုံးပေါင်းက ရေလို့တော့ မရဘူး။ ဟိုနာကျ ၊ ဒီနားကျနဲ့။ အထိအခိုက်တော့ မကြားသေးဘူး။ ဒါပေမဲ့ ရပ်ကွက် ၅၊ ရပ်ကွက် ၄၊ ရပ်ကွက်၇ ကတော့ ပြည်သူတွေ မရှိဘူး ။ စစ်ဘေးရှောင်သွားကြတယ်။ အခုက ၅၀၇ အထက် ဘုန်းကြီးကျောင်း ဟိုဘက်မှာ ပစ်နေတုံးပဲ။ လှမ်းမြင်နေရတယ် လက်နက်ကြီး ထုတာ။ (လက်နက်ကြီးသံ) ကြားတယ်မဟုတ်လား။ ဒါ ဘာမှ မဟုတ်သေးဘူး။ တကယ့်အသံကျယ်တဲ့ဟာ ရှိတယ်။ ဒါတောင်မှ အဝေးကြီးပဲနော် နေတာ။ ကျနော်တို့ လှမ်းကြားနေရတယ်။ အခြေအနေက လက်နက်ကြီး လက်နက်ငယ် အခုထိ အသံမစဲသေးဘူး။ မနက် ၆နာရီကနေ ခုချိန်ထိ။ ”

မြန်မာစံတော်ချိန် ညနေ ၄နာရီမှာ နောက်ဆုံး ဖုန်းခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ခမရ (၅၀၇) ကတော့ လားရှိုးမြို့ အရှေ့တောင်ဘက် ရပ်ကွက် ၅၊ မန်အိုင်ဘက်မှာ တည်ရှိတာဖြစ်ပြီး တနင်္ဂနွေနေ့ ညနေပိုင်းက MNDAA က သိမ်းယူခဲ့ပြီး တနင်္လာနေ့မနက်မှာ စစ်ကောင်စီတပ်က ပြန်လည် သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။

အခြားဒေသခံတဦးကတော့ လားရှိုးမြို့တွင်းမှာ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား၂ဦးသေဆုံးတယ် လို့ ကြားသိရကြောင်း ပြောပါတယ်။

“ လားရှိုးအခြေအနေက ဆိုးသထက် ဆိုးနေတယ်။ အခုက ရပ်ကွက် ၅ ဘက်၊ အထက်မန်အိုင်ဘက်မှာ ပစ်နေတယ်။ ခါးသျှီမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ရပ်ကွက် ၉မှာကျတော့ လူ၂ယောက်တော့ ထိတယ် ပြောတယ်။ လူ၂ယောက်ပွဲချင်းပြီးသေတယ်။ အခုဒီ ရပ်ကွက် ၁၀မှာလည်း တလုံးကျတယ်။ ဒီမနက်ပေါ့နော။ အခုက နှစ်ဘက်တပ်ပစ်နေတယ်။ တဘက်ကလည်း ဆင်တောင်ဘက်က ပစ်နေတယ်။ တဘက်ကလည်း ရပ်ကွက် ၅က ပစ်နေတယ်။ ၄၁ဘက်ကလည်း ပစ်နေတယ်။ အရှေ့အနောက်တောင်မြောက် ပတ်လည်ပစ်ခတ် နေတဲ့အခါကျတော့ မြို့က ထွက်တဲ့လူလည်း များနေတာ။ တချို့ကျတော့ နီးစပ်တဲ့ ဘုန်းကြီးကျောင်းနားတို့၊ ကျောက်ဆောင်တွေတို့၊တောင်ပေါ်တွေတို့ အဲလိုပဲ ပြန်သွားကြရတာပေါ့။ ”

လားရှိုးလူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဒီနေ့ လက်နက်ကြီး ထိတာကြောင့် ကလေးတဦးအပါအဝင် အရပ်သား ၄ဦးသေဆုံးကြောင်းနဲ့ လားရှိုး ဆေးရုံကြီးမှာလည်း ဆရာဝန်အချို့ စစ်ရှောင်သွားတာကြောင့် ကုသပေးမယ့်သူ အလုံအလောက်မရှိကြောင်း ရေးသားထားတာတွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီလ ၃ရက်နေ့က MNDAA နဲ့ ပူးပေါင်းတပ်တွေက လားရှိုးမြို့ကို တိုက်ခိုက်ခဲ့ရာမှာ အရပ်သား ၁၈ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့ကြောင်း အင်္ဂါနေ့ကပြောဆိုထားပါတယ်။

“ ယခု လားရှိုးမြို့ကို ဇူလိုင်လ ၃ရက်နေ့က စပြီး တိုက်ခိုက်လာပြီး နေ့စဉ် အဝေးကနေ ရှော့တိုက်ဒုံး၊ Dorne တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၈ ဦးသေဆုံးပြီး ၂၄ဦး ဒဏ်ရာရခဲ့ပါတယ်။”

တဆက်တည်းမှာပဲ ရှမ်းမြောက်ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေအကြား နယ်မြေအငြင်းပွားတာတွေလည်း ဖြစ်နေကြောင်း ထည့်သွင်း ပြောဆိုထားပါတယ်။

TNLA ဘက်ကတော့ လားရှိုးမြို့မှာ အရပ်သားသေဆုံးတာဟာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

လောလောဆယ်မှာတော့ ကျောက်မဲနဲ့ သီပေါမြို့နယ်ဘက်မှာ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အကြားမှာ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး TNLA ဘက်က အရာရှိနဲ့ ရဲဘော် ၇ ဦး ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသလို SSPP ဘက်ကလည်း TNLA က သူတို့ တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာတွေ ရှိကြောင်း သတင်းထုတ်ပြန်တာတွေရှိနေပါတယ်။

လားရှိုးတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ MNDAA ကိုးကန့်တပ်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG