သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမြို့မှာ တိုက်ပွဲတွေကြောင့် သံဃာနဲ့ အရပ်သားတွေသေဆုံး


လားရှိုးမြို့အတွင်း ရဲတပ်ဖွဲ့မှ လုံခြုံရေးကင်းလှည့်နေကြောင်း MNDAA ထုတ်ပြန်ထားသည့် မှတ်တမ်းပုံ (ဇူလိုင် ၂၉၊ ၂၀၂၄)
လားရှိုးမြို့အတွင်း ရဲတပ်ဖွဲ့မှ လုံခြုံရေးကင်းလှည့်နေကြောင်း MNDAA ထုတ်ပြန်ထားသည့် မှတ်တမ်းပုံ (ဇူလိုင် ၂၉၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး MNDAA ကိုးကန့်နဲ့ ပူးပေါင်းတပ်တွေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ တိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့မှာ သံဃာတွေ အပါအဝင် သေဆုံးသူ အများအပြား ရှိတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ၁ လ နီးပါးကြာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ အလောင်းတွေကို မရှင်းနိုင်သေးပဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ လားရှိုးတိုက်ပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

၂၈ရက်မြောက်နေ့အဖြစ် လားရှိုးမြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး တနင်္လာနေ့ ညပိုင်းကတော့ MNDAA ကိုးကန့်နဲ့ ပူးပေါင်းတပ်တွေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသခံတွေက ပြောကြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မြို့တွင်းမှာ ကျန်သူတွေနဲ့ အဆက်အသွယ်ရှိတဲ့ စစ်ရှောင်လားရှိုးမြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ ဘာထပ်ကြားလဲဆို သူတို့ ဒီဘက်ဘာလဲ တရုတ် ဟိုလောင်းဘက်နဲ့ ဒီဘက် တပ်ထိန်းတပ်ရှိတယ်။ အဲဒီဘက်မှာတော့ သူတို့ ချနေတယ်ပြောတယ်။ ၆၂၆ ကို တိုက်တယ်။ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ပေါ့။ ရပ်ကွက် ၉ထဲမှာ။ ရမခထဲ ဝင်ဖို့ ကြိုးစားနေတယ်လို့တော့ ကြားနေတာပဲ။ မနေ့ညကတော့ သူတို့ ဝင်တယ် ဘာညာဆို ဟိုဘက်ကလည်း ပြန်ပစ်တယ်တို့ ဘာတို့ အဲလိုမျိုးတော့ ကြားတယ်။”

အခြား ပြင်ပရောက် စစ်ရှောင် လားရှိုးမြို့ခံတဦးကလည်း ရမခကို ဝင်ရောက်နေတယ်ဆိုတဲ့သတင်းရရှိကြောင်း ပြောပါတယ်။

“ တိုင်း ထဲလည်း လုံးနေပြီလေ။ မနေ့ညကတည်းက ဆိုတော့ ပြီးသလောက်ဖြစ်သွားပြီထင်တယ်နော။ ကျနော်တို့ ဆင်တောင် တပ်ဘက်ကဆိုရင် သူက တိုင်းနဲ့ တဆက်တည်းပဲ ဆက်သွားတာက ပညာရေး ၈ ရှိတယ်။ ၅၀၀၇ သံချပ်ကာတပ်ရှိတယ်။ ၂၄၂ ယမ်း သိုလှောင်တပ်ရှိတယ်။ အဲဒီကနေပြီးတော့ ၆၂၆ ထောက်ပို့တပ်ရှိတယ်။ ၆၂၆နဲ့ တိုင်းနဲ့ဆိုတာ လမ်းပဲခြားတယ်လေ။ အဲလိုဆိုရင် တိုင်းထဲမှာ ဝင်လုံးတယ်ဆိုတာ ကျနော်တို့ အတည်ပြုလို့ ရပြီ။ မနေ့ညကတည်းက။”

MNDAA နဲ့ ပူးပေါင်း တိုက်ပွဲဝင်နေတဲ့ BPLA ခေါ် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်က လားရှိုးအခြေစိုက် ဆက်သွယ်ရေးတပ်၊ အမှတ် ၇၀၀၅ သံချပ်ကာတပ်၊ ၂၄၂ စစ်လက်နက်တပ်ခွဲနဲ့စစ်တပ်ဂေါက်ကွင်းကို ဒီလ ၂၈ရက်နဲ့ ၂၉ ရက်နေ့က သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားတာပါ။ တချိန်တည်းမှာပဲ ရမခ စစ်ဌာနချုပ်အနီး မန်ဆူဘုရားဝန်းရှိ စစ်ကောင်စီတပ်တွေကို ရှင်းလင်းခဲ့ကြောင်း နဲ့ ဘူတာရုံကို သိမ်းယူခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန် ထားပါတယ်။

ရမခစစ်ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်နေချိန်မှာပဲ ၆၂၆ ထောက်ပို့တပ်အနီးက သဲအင်းဂူကျောင်းမှာ လက်နက်ကြီးကျတာကြောင့် သံဃာနဲ့ဒေသခံ အများအပြားပျံလွန်၊ သေဆုံးရသလို အမှတ် ၈ အထက်တန်းကျောင်းမှာ ရှော့တိုက်ဒုံး ကျတာကြောင့် ထိခိုက်သေဆုံးတာတွေ များပြား ခဲ့ကြောင်းလည်း စစ်ရှောင်လားရှိုးမြို့ခံက ပြောပါတယ်။

“ ကြားတဲ့သတင်းကတော့ တော်တော်ဆိုးတယ်။ ၆၂၆နဲ့ ကပ်နေတဲ့ သဲအင်းဂူကျောင်းဆိုတာ ရှိတယ်။ လက်နက်ကြီးကျတယ်လို့ ပြောတာပဲ။ လေယာဉ်ကျတာလား ၊ ဘာကျတာလဲတော့ မသိဘူးတဲ့။ အဲဒီမှာ စစ်ဘေးရှောင်တွေရော၊ ဘုန်းကြီးတွေရော၊ ဦးပဇဉ်းတွေရော အားလုံးသေတယ်တဲ့။ ကျောင်းထိုင်ဘုန်းကြီး တပါးပဲ လွတ်သွားတယ်တဲ့။ ပြီးတော့ ဘူတာရုံဘက် ဆင်းသွားရင် မီးပွိုင့်တခု ရှိတယ်မဟုတ်လား။ အဲဒီ မီးပွိုင့်ကို နည်းနည်းကျော်လိုက်တာနဲ့ လမ်းဘယ်ဘက်မှာ အမှတ် ၈ အထက်တန်းကျောင်းရှိတယ်လေ။ တပ်က အဲဒီမှာ စွဲထားတော့ အဲဒီထဲမှာလည်း စစ်ဘေးရှောင်တွေလည်း ရှိတယ်တဲ့။ ကျနော်ထင်တာ တပ်မိသားစုတွေပဲ ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒီမှာလည်း ရှော့တိုက်ဒုံးကျတာ။ အားလုံးသေတယ်တဲ့။ အများကြီးသေတယ်။ အများကြီး ဒဏ်ရာရတယ်တဲ့ဒီနေ့။”

လားရှိုးမြို့မှာ အခြေအနေတွေ ရှုတ်ထွေးနေဆဲဖြစ်ပြီး မြေပြင်တိုက်ပွဲအခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ခက်ခဲနေသလို၊ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။ လားရှိုးမြို့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ လတ်တလော စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။

လားရှိုးက စစ်ရှောင်နေသူ လူမှုကူညီနေရေးဆောင်ရွက်သူ တဦးကတော့ လားရှိုးမြို့မှာ သေဆုံးသူတွေရဲ့အလောင်းတွေ မရှင်းလင်းနိုင်တာကြောင့် အနံအသက်ဆိုးဝါးပြီး တိမ်းရှောင်လာသူတွေလည်း ရှိကြောင်း ပြောပါတယ်။

“တမြန်နေ့ကအထိတော့ လားရှိုးထဲက ထွက်လာတဲ့သူ ပြောတာကတော့ ၊ ပြောတော့ မကြောက်ဘူးဆို ဘာလို့ ထွက်လာလဲ ပြောတော့၊ ကြောက်လို့တော့ မဟုတ်ဘူးဟေ့။ အလောင်းတွေက ပတ်ပတ်လည်၊ အလောင်းတွေချည်းပဲမို့ နံစော်နေလှပြီတဲ့။ မနေနိုင်တော့ဘူးတဲ့ အဲလို ပြောတာ။ ရှင်းတဲ့လူလည်း မရှိဘူးတဲ့။ နောက်ပြီးတော့ ဟိုဟာ ပြည်သူ့ဆေးရုံနားမှာ တိုက်ပွဲကျလာတဲ့သူတွေပုံထားတာ အများကြီးတဲ့။ ”

သေဆုံးနေတဲ့သူတွေဟာ အရပ်သားတွေပါဝင်သလို လက်နက်ကိုင်အဖွဲ့ဝင်တွေလည်းပါဝင်တယ်လို့ သိရကြောင်း ပြောပါတယ်။ လောလောဆယ်မှာ လားရှိုးမြို့တွင်းမှာ ကျန်ရှိနေသူတွေကို VOA အနေနဲ့ ဖုန်းဆက်သွယ်လို့ မရပါဘူး။ MNDAA ကိုးကန့်တပ်ဖွဲ့ကတော့ လားရှိုးမြို့ကို အထူးဒေသ ၁ရဲ့အုပ်ချုပ်မှုအောက်မှာ ထည့်သွင်းလိုက်ပြီး လားရှိုးမြို့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကို စတင်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG