သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်နဲ့ချီတဲ့ ဝ တပ်ဖွဲ့တွေ တန့်ယန်းမြို့မှာ ရောက်ရှိနေ


အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ဗွီဒီယိုတခုမှာတွေ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ထဲကို ဝင်လာတဲ့ UWSA ဝတပ်ဖွဲ့ဝင်များ (ဇူလိုင် ၁၁၊ ၂၀၂၄)
အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ဗွီဒီယိုတခုမှာတွေ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ထဲကို ဝင်လာတဲ့ UWSA ဝတပ်ဖွဲ့ဝင်များ (ဇူလိုင် ၁၁၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို TNLA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အင်အားထောင်ချီတဲ့ ဝတပ်တွေဟာ တန့်ယန်းမြို့ကို ရောက်ရှိလာပါတယ်။ ဒေသခံတွေကတော့ ဝတပ်က စစ်တပ်နဲ့ ညှိနှိုင်းပြီး မြို့ကို ဝင်ရောက်ထိန်းသိမ်းဖို့လို့ သိရကြောင်း ပြောပါတယ်။ လောလောဆယ် လားရှိုးမြို့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ရှမ်းမြောက်ဒေသက နောက်ဆုံးရသတင်းတွေကို တင်ပြထားပါတယ်။

တန့်ယန်းမြို့နယ်အတွင်းရှိ မန်ကတ်နဲ့ မန်ပတ်ရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို ဒီလ ၁၀ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ထားတာပါ။ တန့်ယန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့တဲ့နောက် မနေ့ည သန်းခေါင်အချိန်က ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSAခေါ် "ဝ"တပ်ဖွဲ့တွေဟာ တန်ယန်းမြို့ကို ဝင်ရောက်လာခဲ့ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ တန့်ယန်းမှာ ရောက်နေပြီ။ မြို့ထဲမှာ ရောက်နေပြီ။ ကျနော်ကြည့်တာကတော့ လောလောဆယ်တွေ့တာတော့ ကိုယ်ကလည်း အကုန်လုံး လိုက်မကြည့်နိုင်ဘူးလေ။ ကျနော်တို့နားရောက်နေတာကတော့ ၅၀ ဝန်းကျင်လောက်ရှိတယ်။ ဈေးမှာ ပြောနေကြတာကတော့ အင်အား ၁၀၀၀ နဲ့ ၂၀၀၀ ကြားရှိတယ်လို့ ပြောတာပဲ။ ယူနီဖောင်းဝတ်တွေနဲ့ မဟုတ်ဘူးပေါ့နော်။ ရိုးရိုးအဝတ်အစားတွေနဲ့ပဲ။ ည ၁၂နာရီ ၊ တနာရီလောက်မှာလား မသိဘူး ရောက်လာတယ်။ ကားတွေနဲ့ ပန်ဆန်းဘက်ကနေ ဆင်းလာတာ ကား ၁၃ စီးလား၊ ၁၅ စီးလား အဲဒီကြားပဲ။ ပြီးရင် နမ့်မူဆယ်ဘက်ကနေ ပြန်ဆင်းလာတာရှိတယ်။ ”

TNLA က စစ်ကောင်စီရဲ့ မန်ကတ်နဲ့ မန်ပတ် တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အပေါ် တန့်ယန်းမြို့မှာ တိုက်ပွဲမဖြစ်အောင် ဝတပ်ဖွဲ့တွေဟာ လာရောက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရကြောင်းလည်း တန့်ယန်းဒေသခံက ဆက်ပြောပါတယ်။

“ မန်ကတ်မှာ ညက ဝင်ပစ်တယ်လို့ ပြောတာပဲ။ စစ်ရေးသင်တန်းကျောင်းလေ။ လေ့ကျင့်ရေးပေါ့။ တန့်ယန်းနဲ့ နောက်ထပ် ၁၅မိုင်လောက်ပဲ ရှိတော့မယ်။ မိုင် ၂၀လောက်ပေါ့။ ကျနော်ကတော့ သေနတ်သံတော့ ကြားရတယ်။ ဒါပေမဲ့ မန်ကတ်မှာလားတော့ မသေချာဘူး။ ဝက ဒီကနေ မြို့ကို ဝင်ထိန်းတဲ့ ပုံစံမျိုးနဲ့ လုပ်မှာ။ စစ်တပ်နဲ့ သူတို့ ညှိနှိုင်းနေတယ်လို့ ပြောတယ်။ အပစ်အခတ်မရှိအောင် ညှိနှိုင်းပြီးတော့ လက်နက်ချခိုင်းလို့ မရရင် ပစ်မယ်လို့တော့ ပြောတာပဲ။ ဝက ပစ်ဖို့တော့မဟုတ်ဘူး။ ပစ်မှာကတော့ ပလောင်ပေါ့။ ပလောင်နဲ့ ကိုးကန့်နဲ့ပဲ ရှိမှာပေါ့။ လောလောဆယ်အခြေအနေတွေ နည်းနည်းရှုပ်နေသေးတယ်။”

ယခင်မှတ်တမ်းရုပ်ပုံ | ဝပြည်နယ် ပန့်ဆန်းမှာကျင်းပတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ရဲ့ နှစ် (၃၀) ပြည့်အခမ်းအနားအတွင်း တွေ့ရတဲ့ ဝတပ်ဖွဲ့ဝင်များ (ဧပြီ ၁၇၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ဝပြည်နယ် ပန့်ဆန်းမှာကျင်းပတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ရဲ့ နှစ် (၃၀) ပြည့်အခမ်းအနားအတွင်း တွေ့ရတဲ့ ဝတပ်ဖွဲ့ဝင်များ (ဧပြီ ၁၇၊ ၂၀၁၉)

ဝတပ်ဖွဲ့တွေ တန့်ယန်းကို ရောက်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ UWSA ရဲ့ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကို Messenger ကနေ တဆင့် ဆက်သွယ်မေးမြန်းရာမှာတော့ ဒေသခံတွေက ရှမ်းမြောက်ဒေသက ကျယ်ပြန်လာတဲ့ ပဋိပက္ခတွေ တန့်ယန်းဘက် ကူးမလာစေဖို့ တောင်းဆိုတဲ့အတွက် UWSA က အစိုးရနဲ့ ဝင်ရောက်ညှိနှိုင်းတာဖြစ်ကြောင်း ဖြေကြားပါတယ်။ UWSA အနေနဲ့ ဘက်မလိုက်မူကို ကျင့်သုံးပြီး ပဋိပက္ခဖြစ်တာကို လက်ခံမှာမဟုတ်ကြောင်းနဲ့ တန့်ယန်းဒေသအေးချမ်းရေးအတွက် ရည်ရွယ်ကြောင်းလည်း ဖြေဆိုထားပါတယ်။

လားရှိုးမြို့မှာတော့ MNDAA ကိုးကန့်တပ်တွေနဲ့ စစ်ကောင်စီတပ်အကြားမှာ မနေ့ညနဲ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နေ့ခင်းဘက်မှာတော့ အတန်ငယ် ငြိမ်သက်နေကြောင်းနဲ့ ညနေပိုင်းမှာတော့ လေကြောင်းက ပစ်ခတ်တာတွေ ရှိကြောင်း လားရှိုးဒေသခံက ပြောပါတယ်။

“ဒီနေ့ကတော့ နည်းနည်းငြိမ်နေတယ်။ လက်နက်ငယ်တော့ ပစ်နေတယ်။ လက်နက်ကြီးကသိပ်မပစ်ဘူး။ လက်နက်ကြီးတွေက တနာရီ၊ နှစ်နာရီခြားတခါ တလုံး ၂လုံးတော့ ပစ်တယ်။ ဆင်တောင်မှာ ဝိုင်းတာတော့ ကျနော်ကြားတယ်။ မြို့ထဲမှာတော့ မရောက်သေးဘူး။ တောအစပ်မှာပဲ သူတို့ဝိုင်းထားတယ်လို့ ကျနော် ကြားတာ။ ရပ်ကွက် ၇ ညက စတာ။ ညကနေ ဒီမနက် ။ တညလုံး တမနက်လုံး ချနေတုံးပဲ။ လေယာဉ်က ခုနက ၂နာရီခွဲတခါ။ ၃နာရီ တခါ အဲလိုမျိုးလာတယ်။ အခု ဒီ ရပ်ကွက် ၁၂ဘက်မှာ လက်နက်ကြီးတလုံး အခုပဲ ကျတာ။ အခုထိ မီးခိုးထွက်တုံးပဲ။ ”

အခြားဒေသခံတဦးကတော့ ခမရ ၅၀၇ ဘက်မှာ လေယာဉ်နဲ့ ဗုံးချတာတွေရှိကြောင်းပြောပါတယ်။ လားရှိုးမီဒီယာရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဒီနေ့ နေ့လည်ပိုင်းမှာ လားရှိုးတက္ကသိုလ်အနီးမှာ ရှော့တိုက်ဒုံး တလုံး၊ အထက ၁ အနောက်မှာ ၄လုံး၊ ရပ်ကွက် ၉ဘက်မှာတော့ အများအပြားကျခဲ့ကြောင်း ဖော်ပြထားပါတယ်။ MNDAA ကိုးကန့်တပ်ဖွဲ့ကတော့ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမရှိပါဘူး။

ဒီနေ့ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနဲ့ တန့်ယန်းဘက်က တိုက်ပွဲအခြေအနေတွေ မေးမြန်းနိုင်ဖို့ TNLA ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒီလ ၁၀ရက်နေ့ကတော့ နောင်ချိုမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို TNLA က ညနေ ၃နာရီလောက်မှာ သိမ်းယူခဲ့ရှာမှာ ဒုံးတပ်ရင်းအတွင်းက အတွဲလိုက်ပစ်ဒုံးလက်နက်တွေ အပါအဝင်လေယာဉ်ပစ် လက်နက် ၂လက်၊ ၆၀ မမ၁၅လက်၊ ၈၀မမ ၂လက်၊ စက်လတ် ၁၇လက်၊ လက်နက်မျိုးစုံ ၁၃၉လက်၊ ရေဒါတလုံးနဲ့ ဒုံးပစ်ကျည် ၁၀သေတ္တာ သိမ်းယူရခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ နောင်ချိုတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG