သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိုပန်မြို့နယ်ကို ခရိုင်အဖြစ် ဖွဲ့စည်းပြီး UWSA အုပ်ချုပ်မည်


ရှမ်းပြည်နယ်မြောက်ပိုင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ဟိုပန်မြို့နယ်ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က လွှဲပြောင်းရယူခြင်းအခမ်းအနား
ရှမ်းပြည်နယ်မြောက်ပိုင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ဟိုပန်မြို့နယ်ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က လွှဲပြောင်းရယူခြင်းအခမ်းအနား

ရှမ်းပြည်နယ်မြောက်ပိုင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ဟိုပန်မြို့နယ်ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဦးဆောင်တဲ့ ခရိုင်အဖြစ် ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။​ ဒီလကုန်ပိုင်းမှာ လက်ရှိကျင့်သုံးနေတဲ့ ဟိုပန်ဒေသ ၃၁၈ တပ်မဟာရဲ့ ယာယီအစိုးရကို ဖျက်သိမ်းပြီး "ဝ"ပြည်နယ်အစိုးရက အုပ်ချုပ်သွားမှာဖြစ်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းရှိ ဟိုပန်မြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တပ်တွေက ဇန်နဝါရီလ ၅ရက်နေ့မှာ သိမ်းယူခဲ့ပြီးတဲ့နောက် ဒီနှစ်ဇန်နဝါရီလ ၁၀ရက်နေ့မှာ ညီနောင်မဟာမိတ်တွေက ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်ကို လွှဲပြောင်းခဲ့တာပါ။

ယခင်က အစိုးရ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဟိုပန်မြို့နယ်ကို ခရိုင်အဆင့် ပြောင်းလဲ ဖွဲ့စည်းမှာဖြစ်ကြောင်း UWSA ရဲ့ နိုင်ငံရေးဦးဆောင်ပါတီဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဗဟိုကော်မတီက ဒီလ ၁၀ရက်နေ့မှာ တရုတ်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ UWSA လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ဟိုပန်ခရိုင်ဖွဲ့စည်းတာ မှန်ကန်ကြောင်းနဲ့ ဒီခရိုင်မှာ မြို့ ၄မြို့ ပါဝင်မှာဖြစ်ကြောင်း အခုလို အတည်ပြုပါတယ်။

“ ဟိုပန်ခရိုင် သတ်မှတ်တာတော့ ရှိပါတယ်ပေါ့နော်။ ဟိုပန်မြို့နယ်၊ နမ့်တစ်မြို့ရယ်၊ ပန်လုံမြို့ရယ်၊ နားဝီးမြို့ ယေဘူယျအားဖြင့် ဒီ ၄မြို့ ပါတာတော့ သိရတယ်နော်။”

ဟိုပန်မြို့ကို UWSA က လက်ခံရယူခဲ့ပြီးနောက် တပ်မဟာ ၃၁၈ က ကြားကာလမှာ ယာယီ အုပ်ချုပ်ထားတာ ပြီး ယာယီအုပ်ချုပ်မှုကာလဟာ ဒီလအကုန်ထိဖြစ်တယ်လို့လည်း ဦးညီရန်းက ပြောပါတယ်။

“ ဒီလ အကုန်အထိ အဲလိုတော့ ပြောသံကြားတယ်နော်။ အသေးစိတ်ကိစ္စ ကျနော်လည်း မသိရဘူးနော်။”

UWSP ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီရဲ့ တရုတ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာတော့ ခရိုင်အသစ်မှာ တာဝန်ယူမှာ ခေါင်းဆောင်သစ် ၅နေရာကိုလည်း ဖော်ပြထားပြီး အဲဒီအထဲမှာ အရင် စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဌ ဦးညီနပ်ကို ဒုခရိုင်မှုးအဖြစ် ပြန်လည်ခန့်အပ်ထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ မြို့နယ် ၆မြို့နယ် ရှိတာပါ။ ဒီ၆မြို့နယ်က မိုင်းမော၊ ပန်ဝိုင်၊ နားဖန်နဲ့ ပန်ဆန်းခေါ် ပန်ခမ်းကို UWSA က အုပ်ချုပ်ထားပြီး ဟိုပန်နဲ့ မက်မန်း ၂မြို့နယ်ကို မြန်မာနိုင်ငံပြည်ထောင်စုအစိုးရက အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာ ဟိုပန်မြို့နယ်ကို UWSA ထံ လွှဲပြောင်းဖို့အတွက်ကို စစ်ကောင်စီကလည်း သဘောတူကြောင်း UWSA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ဟိုပန်ဒေသကို UWSA ထံလွှဲပြောင်းခဲ့တဲ့နောက် ပြောင်းလဲလာတဲ့ အခြေအနေကိုတော့ ကိုယ်တိုင်တွေ့ကြုံခဲ့သူ တဦးက အခုလို ပြောပါတယ်။

“ အပြောင်းအလဲ ဘာရှိနိုင်လဲဆိုတော့ ငွေရေးကြေးရေး အပြောင်းအလဲရှိသွားပြီ။ အဓိက ပေါ့နော်။ အရင်တုံးကတော့ မြန်မာ ကျပ်ငွေပဲ သုံးတယ် အခု ယွမ်နဲ့ သုံးတာလေ။ ကျပ်ငွေ မသုံးနဲ့တော့ မဟုတ်ဘူး။ သုံးတဲ့ဆိုင်လည်း ရှိတယ်။ ဒါပေမဲ့ တဖြည်းဖြည်းတော့ သူတို့ လျှော့ချမယ်ပြောတာပဲ။ အခု ရုံးတွေ အကုန်လုံးက အကုန်လုံး ပယ်ပစ်လိုက်ပြီလေ။ သူတို့ ရုံးသုံးတဲ့ဟာတွေ မြန်မာရုံးသုံးတဲ့ ဗမာစာတွေ မရှိတော့ဘူး။ ဒီ တရုတ်စာနဲ့ပဲ အကုန်သွားတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ဟိုပန်မြို့နယ်ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က လွှဲပြောင်းရယူခြင်းအခမ်းအနား
ရှမ်းပြည်နယ်မြောက်ပိုင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ဟိုပန်မြို့နယ်ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က လွှဲပြောင်းရယူခြင်းအခမ်းအနား

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ မြို့နယ် ၆မြို့နယ် ရှိတာပါ။ ဒီ၆မြို့နယ်က ဟိုပန်နဲ့ မက်မန်း ၂မြို့နယ်ကို မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရက အုပ်ချုပ်ခဲ့ပြီး မိုင်းမော၊ ပန်ဝိုင်၊ နားဖန်နဲ့ ပန်ဆန်းခေါ် ပန်ခမ်းကို UWSA က အုပ်ချုပ်ထားတာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က စတင်တဲ့ ရွေးကောက်ပွဲ အဆက်ဆက်မှာတော့ UWSA က သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပတာ မရှိခဲ့ပါဘူး။ ဒါကြောင့် ဟိုပန်မှာလည်း အနာဂတ်ကာလမှ ရွေးကောက်ပွဲ ကျင်းပဖွယ်မရှိနိုင်ကြောင်း ရှုမြင်တာတွေ ရှိနေပါတယ်။ ဝအမျိုးသားပါတီ ဥက္ကဋ္ဌဟောင်း ဦးစိုင်းပေါင်းနပ်ကတော့ ဟိုပန်ခရိုင်မှာ ရွေးကောက်ပွဲ ကျင်းပဖွယ် ရှိ၊ မရှိဆိုတာကတော့ ဝေဖန်ဖို့ စောသေးကြောင်း ပြောပါတယ်။

“ အဲဒါ နည်းနည်း ဝေဖန်ဖို့ စောသေးတယ် ထင်တယ်။ လောလောဆည်တော့ ဒီကိစ္စတွေ လှုပ်ရှားမှုတော့ တစုံတရာ မတွေ့သေးဘူး။ UWSP ကလည်း သူ့ဟာသူ တာဝန်ရှိတဲ့အတိုင်း ဒီယာယီ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒီလိုပဲ လူထု စည်းရုံးရေး လုပ်နေတုံးပဲ။ ကျနော်တို့ ကြားရတဲ့ဟာကတော့ သူတို့က လမ်းကို ကြိုးစားဖောက်တယ်။ ဒါပဲ ကျနော်တို့ ကြားရတာ။ အုပ်ချုပ်ရေးကတော့ ဘာမှ မတည်ဆောက်သေးဘူး။ ”

ဒီနှစ်ဆန်းပိုင်းမှာ ဟိုပန်မြို့နယ်ကို UWSA ထံ လွှဲပြောင်းဖို့အတွက်ကို စစ်ကောင်စီကလည်း သဘောတူ ကြောင်း UWSA ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။ UWSA ကတော့ လက်ရှိ ဖွဲ့စည်းထားတဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် သတ်မှတ်ဖို့အတွက် အစဉ်တစိုက် တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG