သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုး မိုးကုတ်တိုက်ပွဲ CDM တပ်မတော်သားတဦးအမြင်


၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ရက် (၃၀) ပြည့်မှာ မိုးကုတ်မြို့ကိုသိမ်းပိုက်လိုက်တဲ့ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုနှုတ်ဆက်တဲ့မြင်ကွင်း။ (ဇူလိုင် ၂၄၊ ၂၀၂၄/ဓာတ်ပုံ-PSLF/TNLA)
၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ရက် (၃၀) ပြည့်မှာ မိုးကုတ်မြို့ကိုသိမ်းပိုက်လိုက်တဲ့ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုနှုတ်ဆက်တဲ့မြင်ကွင်း။ (ဇူလိုင် ၂၄၊ ၂၀၂၄/ဓာတ်ပုံ-PSLF/TNLA)

ရှမ်းမြောက်ပိုင်းကတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ချလာနေတဲ့အပြင် စစ်ကောင်စီကို ပြန်တိုက်ဖို့ တိုင်းရင်းသားနဲ့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလာတဲ့အခြေအနေကိုကြည့်ရင် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားတွေအတွက် သူတို့အသုံးချခံနေရတာကို သဘောပေါက်လာတာဖြစ်တယ်လို့ CDM တပ်မတော်သား ကိုနောင်ရိုးက ဗွီအိုအေကိုပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည့်သူ့ပန်းတိုင်အဖွဲ့တာ၀န်ခံ ကိုနောင်ရိုးကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

လားရှိုး မိုးကုတ်တိုက်ပွဲ CDM တပ်မတော်သားတဦးအမြင်
please wait

No media source currently available

0:00 0:05:44 0:00

အင်ကြင်းနိုင်။ ။ အခုဆိုရင် ဗျူဟာမြောက်အရေးပါတဲ့ လားရှိုး-နောက် အခု မိုးကုတ်ကို MNDAA တို့၊ TNLA တို့ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေပေါ့နော် အင်အားစုတွေက ထိန်းချုပ်နိုင်ပြီဆိုပြီး တော့ သူတို့ ကြေညာထားတယ်ပေါ့နော်။ တဘက်မှာလည်း စစ်ကောင်စီက သူတို့ဆက်ပြီးတော့ တိုက်နေဆဲ၊ ဒါ မြို့တွေကို ထိန်းချုပ်နိုင်တာမဟုတ်ဘူး-ဆိုပြီးတော့လည်း ပြန်ပြီးတော့ ငြင်းဆိုထားတာလည်းရှိတော့ အဲဒီ အခု ဒီ လားရှိုးတို့၊ မိုးကုတ်တို့ကို သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့အနေအထားကို ဘယ်လိုမြင်လဲရှင့်။

ကိုနောင်ရိုး။ ။ ဟုတ်ကဲ့အမ။ အခု ဒီ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးပေါ့နော်၊ တလမပြည့်သေး ခင်မှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မိုးကုတ်ကို တမြို့လုံးနီးပါး TNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစု တွေက ထိန်းချုပ် သိမ်းပိုက် သွားနိုင်တဲ့အနေအထားကို ကျနော်တို့တွေ့မြင်ခဲ့ရတယ်။ ပြီးခဲ့တဲ့ ၂၅ ရက်နေ့ကပဲ MNDAA ကိုးကန့်တပ်မတော်ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လားရှိုးမှာ စစ်ကောင်စီရဲ့အဓိက အကျဆုံးဖြစ်တဲ့ ရမခ စစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိပြီးပြီ။ မြို့ထဲကိုလည်း အခြေအနေတွေ လုပ်ဆောင်နေပြီလို့ သတင်းတွေ ကြားသိခဲ့ ရတာ ရှိတယ်ပေါ့နော်။ ထုတ်ပြန်ခဲ့တာ။ အလားတူ တဘက်မှာလည်း စစ်ကောင်စီကလည်း မကျသေးဘူး၊ သူတို့ ခုခံစစ်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောသွားတာ ရှိတယ်ပေါ့နော်။ သို့သော် စစ်ရေးအခြေအနေတွေ၊ အရွေ့ အခြေအနေတွေနဲ့ မြေပြင်ရဲ့စစ်ရေးသတင်းအခြေအနေတွေကို သုံးသပ်ကြည့်ရမယ်ဆိုရင် ကိုးကန့်တပ်တွေက ရမခစစ်ဌာနချုပ်ထဲကို ထိုးဖောက်ဝင်ရောက် သိမ်းပိုက်ရရှိတယ် ဆိုတဲ့အနေအထားက အတည်ပြု ပြောလို့ရတယ်ပေါ့။ သို့သော်လည်း လားရှိုးတမြို့လုံးထိန်းချုပ်နိုင်တဲ့ အခြေအနေဆိုတာကတော့ ရှုပ်ထွေး နေဆဲဖြစ်တယ်။ ဒါက အကြီးဆုံး စစ်ဌာနချုပ်ကိုတော့ သူတို့ ထိုးဖောက်ဝင်ရောက် သိမ်းပိုက်သွားနိုင်ပြီပေါ့။ သို့သော် ဘေးနားတပ်တွေမှာ ရှိတဲ့ ပြန့်ကျဲနေတဲ့စစ်ကောင်စီတပ်တွေ၊ မြို့တွင်းတိုက်ပွဲတွေမှာတော့ အနည်းအကျဥ်း ထိတွေ့မှု အခြေအနေတွေကတော့ ရှိကောင်းရှိနေမယ်၊ သို့သော် သေချာတာကတော့ လားရှိုးမြို့တခုလုံးကို ရက်ပိုင်းအတွင်း ချင်းနင်းသိမ်းသွင်းနိုင်မယ့်အခြေအနေမှာ ရှိနေတယ်ဆိုတာကတော့ ကျနော်တို့ ပြောလို့ရနိုင်တယ်ပေါ့နော်။

အလားတူပဲ မိုးကုတ်မြို့ကလည်း သူတို့ TNLA ဦးဆောင်တဲ့ မိုးကုတ်ဗျူဟာအပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက အပြင်းအထန်ထိုးစစ်ဆင်နေတာ တမြို့လုံး ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေခဲ့တာ။ အဲဒီမှာပဲ အကြီးဆုံး စစ်ကောင်စီရဲ့ မိုးကုတ်ဗျူဟာကိုလည်း သူတို့ သိမ်းပိုက်ရရှိပြီဖြစ်တဲ့အတွက် မိုးကုတ်တမြို့လုံးကို သိမ်းပိုက် ရရှိ ပြီးပြီလို့ ပြောလို့ရတယ်။ အကြွင်းအကျန်...ဆုတ်ခွါထွက်ပြေးသွားတဲ့တပ်ဖွဲ့တွေ၊ တချို့တပ်စခန်း အနည်းငယ်တွေကိုသာ နယ်မြေရှင်းလင်းရေးတွေ၊ နယ်မြေကိုအလုံးစုံထိန်းချုပ်နိုင်ဖို့ ပြင်ဆင်လုပ်ဆောင်မှုအနည်းအကျဥ်းသာ ဆက်လုပ်နေတဲ့အနေအထားမျိုးလို့ ကျနော်တို့ပြောလို့ရတယ်။ စစ်ရေးအရဆိုလို့ရှိရင်တော့ မိုးကုတ်ကိုလည်း သူတို့ အပြည့်အဝ ထိန်းချုပ်ရရှိသွားပြီလို့တော့ ကျနော်တို့ ပြောလို့ရပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ လားရှိုးမှာရှိတဲ့စစ်ဌာနချုပ်ပေါ့နော်-အဲဒီစစ်ဌာနချုပ်ကို သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့ အနေအထားမှာ စစ်ကောင်စီရဲ့တပ်သားတွေပေ့ါလေ- သူတို့တွေက ပြန်ခုခံတယ်ဆိုတဲ့အနေအထားမှာ တကယ်ကို MNDAA တို့၊ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က အင်အားသာလို့လား၊ ဒါမှမဟုတ်ရင် စစ်ကောင်စီဘက်မှာရှိတဲ့စစ်သားတွေက ဆက်လက်ခုခံစွမ်းမရှိလို့လား၊ ဘယ်လိုပုံစံမျိုးကြောင့် သူတို့ စစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်တယ်လို့ သုံးသပ်လဲ။

ကိုနောင်ရိုး။ ။ လားရှိုးကို အပြင်းအထန် ဝန်းရံထိုးစစ်ဆင်နေတုန်းမှာပဲ တိုင်းစစ်ဌာနချုပ်တခုလုံးကို ရက်ပိုင်းအတွင်း ထိုးဖောက်သိမ်းပိုက်နိုင်တယ်ဆိုတာကတော့ သေချာတယ်၊ ဒီထဲမှာရှိတဲ့ စစ်ကောင်စီ တပ်အင်အားတွေသည် လက်နက်ချတဲ့အနေအထားတွေ၊ ဆက်သွယ်ပြီးတော့ အလင်းဝင်ရောက် ပူးပေါင်းမှု အနေအထားတွေ - ဒီအခြေအနေတွေ ရှိနေတယ်လို့ သုံးသပ်လို့ရတယ်ပေါ့နော်။ သို့သော်လည်း သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေကတော့ အခြေအနေအရ ရှုပ်ထွေးနေဆဲဖြစ်တဲ့အတွက် ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူးပေါ့နော်။ သို့သော် စစ်ကောင်စီတပ်ရဲ့အနေအထားကိုကြည့်မယ်ဆိုရင်- သူတို့ကိုယ်တိုင်လည်း ပိုပြီးတော့ သိရှိနားလည်လာတယ်။ မြေပြင်အခြေအနေမှာ တော်လှန်ရေးအင်အားစုတွေကို ဘယ်လိုမှ ဆက်လက် ခုခံနိုင်စွမ်းမရှိတော့ဘူးဆိုတာ သူတို့ နားလည်လာနိုင်တယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒုတိယဗိုလ်မှူးကြီးအဆင့်တယောက်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ ဦးက ကိုးကန့်တပ်မတော်ဆီကို ကြိုတင်ဆက်သွယ်ပြီးတော့ အလင်းဝင် ပူးပေါင်းခဲ့တဲ့အနေအထားမျိုးတွေ ကျနော်တို့ တွေ့ရတယ်။ ဒီအခြေအနေရဲ့သက်ရောက်မှုကလည်း တိုင်းစစ်ဌာနချုပ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပေါ်မှာ အများကြီးသက်ရောက်လွှမ်းမိုးမှုရှိမယ်လို့ ကျနော်တို့နားလည်တယ်ပေ့ါနော်။

နောက်တချက်ကလည်း ကျနော်တို့ကြားနေရတာ သူတို့တပ်ဖွဲ့ဝင် အောက်ခြေ အရာရှိစစ်သည်တွေကြားထဲမှာ ဒီစစ်ခေါင်းဆောင်တွေဟာ သူတို့ကိုယ်ကျိုးစီးပွါးအတွက်ပဲသိတယ်။ သူတို့ကိုထိုးကျွေးနေတယ်။ စတေး နေတယ်ဆိုတာကို သူတို့ပိုပြီးတော့ မကျေနပ်မှုတွေ တိုးပွါးလာတယ်။​ လက်မခံနိုင်မှုတွေ တိုးပွါးလာတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်ပြီးတော့ အလင်းဝင်ရောက် ပူးပေါင်းတာ၊ အလံဖြူထောင် လက်နက်ချတာ၊ ပြီးတော့ တချို့တလေလည်း ကစဥ့်ကလျားထွက်ပြေးနေရတဲ့အနေအထားတွေလည်း ကြားနေရတယ်ပေါ့နော်။ သို့သော် အများအပြားကတော့ လက်နက်ချ အလင်းဝင်တဲ့ဟာတွေ၊ အလံဖြူထောင် အလင်းဝင်ရောက် ပူးပေါင်းမှုတွေ ရှိနေတယ်ဆိုတာတော့ ပြောလို့ရတယ်။ ဒါကလည်း သိပ်ပြီးတော့ မထူးဆန်းပါဘူး၊ သူတို့ကိုယ်တိုင် စစ်တပ်ရဲ့အခြေအနေကို ပိုပြီးတော့ နားလည်လာတယ်၊ ဒီစစ်ခေါင်းဆောင် တွေအတွက် သူတို့ စတေး အသုံးချမခံတော့ဘူး၊ လက်ရှိအခြေအနေမှာ ပိုပြီးတော့ စစ်တပ်ရဲ့တပ်တွင်း အခြေအနေတွေ၊ အထက်အောက်ဖိနှိပ်မှုတွေ၊ ခေါင်းဆောင်တွေရဲ့ကိုယ်ကျိုးရှာအသုံးချမှုတွေကို ပိုပြီး သိမြင် နားလည်လာတဲ့အခြေအနေကို ရောက်လာပြီလို့ ပြောလို့ရတယ်။ ဒါကြောင့်လည်းပဲ ဒီလို အနီးကပ် တိုက်ပွဲတွေကို ဖန်တီးလာတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်ပြီးတော့ အလင်းဝင်ရောက်ပူးပေါင်းမှုတွေ ပိုမိုများပြားလာခြင်းဖြစ်တယ်လို့ ပြောလိုတယ်ပေါ့နော်။

နောက်တချက်ကလည်း တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ခုခံ တိုက်ခိုက်ခြင်းမပြုကြဖို့၊ ယုံယုံကြည်ကြည်နဲ့ သူတို့ဆီကို ဆက်သွယ်အလင်းဝင်ရောက်ကြဖို့၊ အလင်းဝင်ရောက် တဲ့လူကိုလည်း သူတို့လုံလောက်တဲ့အာမခံချက်တွေ၊ ဂုဏ်ပြုချီးမြှင့်ငွေပေးမယ်ဆိုတဲ့ အာမခံချက် ထုတ်ပြန်ချက်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာတဲ့အခါမှာ ဒီလိုအခြေအနေတွေကို ပိုပြီးတော့ တွေ့မြင်လာရခြင်းဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။

Forum

XS
SM
MD
LG