မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ အထူးသံတမန် အဖြစ် ကမ္ဘောဒီးယားနိုင်ငံကိုသွားခဲ့တဲ့ စစ်ကောင်စီ ဝန်ကြီး ဦးကိုကိုလှိုင်ဟာ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့တွေ့ဆုံချိန်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့ပြင်ဆင်နေကြောင်းပြောခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက သြဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဦးကိုကိုလှိုင်ဟာ ခရီးစဥ်အတွင်းမှာ ဟွန်ဆန်ရဲ့သားဖြစ်သူ လက်ရှိဝန်ကြီးချုပ်ဟွန်မန်နက်နဲ့တွေ့တဲ့ တရက်တည်းမှာပဲ ဖခင်ဖြစ်သူ အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါ တယ်။ ဟွန်ဆန်နဲ့တွေ့ဆုံချိန်မှာ ဦးကိုကိုလှိုင်က အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့အတူ စစ် ကောင်စီက သူ့ရဲ့လမ်းပြမြေပုံ ၅ ချက်ကိုဆောင်ရွက်နေပြီး ဖြစ်ပေါ်တိုးတက်မှုတွေကိုမျှဝေခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်မန်နက်ရဲ့ လူမှုမီဒီယာကထုတ်ပြန်ချက်ထဲမှာတော့ မြန်မာ့ အကျပ်အတည်း အမြန်ဆုံးဖြေရှင်းနိုင်ဖို့မျှော်လင့်ကြောင်းနဲ့ စစ်ကောင်စီကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ မြန်မာ့အရေး လတ်တလောဖြစ်ပေါ်တိုးတက်မှုတွေကို အလေးပေးဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါ တယ်။ “ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဟာ နယ်ပယ်များစွာမှာ အလားအလာကောင်းတွေ ရှိနေဆဲဖြစ်ကြောင်း အလေးပေးပြောခဲ့ပြီး မဝေးတော့တဲ့ အနာဂတ်မှာ မြန်မာနိုင်ငံက အခြေအနေတွေပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဝန်ကြီးဦးကိုကိုလှိုင်ကလည်း မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေးကောင်းမွန်မှုကို ချီးကျူးခဲ့ပြီး မန်နက်ရဲ့ ဦးဆောင်မှုအောက်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲ ချဲ့ထွင်နိုင်မယ်လို့ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနဲ့ ပြည်သူအချင်းချင်း နှီးနှောဖလှယ်ရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာတွေကို ဆွေးနွေးခဲ့တယ်လို့ ဖနွမ်းပင်ပို့စ်သတင်းစာမှာ ဖော်ပြထားပေမယ့် အသေးစိတ်တော့ ထုတ်ပြန်ခြင်း မရှိပါဘူး။
၂၀၂၅ ခုနှစ်ကျရင် မြန်မာ-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့ နှစ် ၇၀ ပြည့်မှာဖြစ်ပြီး အထိမ်းအမှတ်လှုပ်ရှားမှုတွေလည်း လုပ်ဖို့ ရှိနေပါတယ်။
“ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးဟာ အာဆီယံအသိုင်းအဝန်းကို တည်ဆောက်ရာမှာ အခြေခံအကျဆုံးဖြစ်ပြီး အာဆီယံအဖွဲ့ဝင်အားလုံးကလည်း ပူးပေါင်းပါဝင်မှု လိုအပ်တာကြောင့် မြန်မာ့ပြဿနာကို ဖြေရှင်းဖို့ ကမ္ဘောဒီးယားက ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စ” ဖြစ်တယ်လို့ ဖနွမ်းပင် တော်ဝင် တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာ အင်စတီကျုက ကထိက ဖြစ်သူ Thong Mengdavid က သုံးသပ်ထားကြောင်း ဖနွမ်းပင်ပို့စ် သတင်းစာမှာ သြဂုတ် ၂ ရက်က ဖော်ပြထားပါတယ်။ မြန်မာ နိုင်ငံမှာ လူမှုစီးပွားအခြေအနေ ပြန်လည် ထူထောင်ရေး အာရုံစိုက် လုပ်ဖို့ လိုအပ်နေကြောင်း သုံးသပ်ရေးသားထားပါတယ်။
Forum