သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီ လက်နက်ဝယ်ယူမှုကိစ္စ ထိုင်းဘဏ်တွေ စိစစ်နေ


မြန်မာအစိုးရစစ်လက်နက်ဝယ်ယူမှုနဲ့ပတ်သက်မှုမရှိကြောင်းငြင်းထားတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Siam Commercial ဘဏ်ရုံးချုပ်ရှေ့မြင်ကွင်း။ (မတ် ၁၄၊ ၂၀၁၆)
မြန်မာအစိုးရစစ်လက်နက်ဝယ်ယူမှုနဲ့ပတ်သက်မှုမရှိကြောင်းငြင်းထားတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က Siam Commercial ဘဏ်ရုံးချုပ်ရှေ့မြင်ကွင်း။ (မတ် ၁၄၊ ၂၀၁၆)

စစ်ကောင်စီအတွက် လက်နက်ဝယ်ယူရာမှာ ထိုင်းဘဏ်တွေပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူအခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာတွန်အင်ဒရူးရဲ့အစီရင်ခံစာ ထွက်ပေါ်လာပြီးမှာ ထိုင်းဘဏ်တွေအနေနဲ့ စိစစ်မှုတွေ စတင် လုပ်ဆောင်ပါတယ်။ ဒီအတွက် ငွေအဝင်အထွက်များတဲ့ဘဏ်အကောင့်တွေကို စစ်ဆေးပြီး ဆက် အသုံးပြုခွင့်မပေးဘဲ ပိတ်ပင်တာတွေလည်း ရှိလာပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီအတွက် လက်နက်ဝယ်ယူရာမှာ ထိုင်းဘဏ်တွေပါဝင်ခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူအခွင့်ရေး အထူးကိုယ်စားလှယ်မစ္စတာတွန်အင်ဒရူးရဲ့အစီရင်ခံစာ ထွက်ပေါ်လာအပြီးမှာ ထိုင်းဘဏ်တွေကို ကူညီမယ့်အလုပ်အဖွဲ့ အစီအစဥ်တွေကို ထိုင်းအစိုးရကလုပ်ဆောင်လာပါတယ်။ အခုဆိုရင် ထိုင်းဘဏ်တွေက ငွေဝင်ငွေထွက်များတဲ့ဘဏ်အကောင့်တွေကို စိစစ်တာ၊ ပိတ်ပင်ငွေက ဘယ်ကနေဝင်လာသလဲဆိုတဲ့ အထောက် အထားတွေကိုလည်း တောင်းလာပါတယ်။ မကြာသေးခင်တုန်းကတော့ ဘဏ်အကောင့်ထဲငွေ ဝင်ငွေထွက် များလို့ ထိုင်းဘဏ်တွေက ခေါ်ယူသတိပေးခံရသူတွေလည်း ရှိနေပါတယ်။

လစဉ်သိန်းဂဏန်းနဲ့ ငွေအဝင်အထွက်ရှိတဲ့အတွက် ငွေအဝင်လည်း ပိတ်ပင်ခံရသလို နောက်ထပ် ဘဏ် အကောင့်တွေလည်း ထပ်ဖွင့်မရတဲ့အခြေအနေတွေတောင်ဖြစ်ခဲ့ရတယ်လို့ ထိုင်း တောင်ပေါ်သားလက်မှတ် ကိုင်ဆောင်ထားတဲ့မြန်မာနိုင်ငံသားတဦးကအခုလိုပြောပါတယ်။

“ငွေဝင်ငွေထွက်များတဲ့အပေါ်မှာပြောတာက မသန့်ရှင်းတဲ့ငွေတွေ ဆိုပြီး သံသယရှိတယ်ပြောတယ်။ အဲဒီမှာ ကျနော့်ကို မသန့်ရှင်းတဲ့ငွေလို့ပြောတာနဲ့ပတ်သက်လို့ ကျနော့်ကို ဒီလိုပြောတာလက်ခံလို့မရဘူးလို့၊ ကျနော်တို့က နိုင်ငံခြားငွေတွေက သူတို့မှာ လက်မှတ်မရှိလို့ ထုတ်ပေးတာပဲရှိတယ်။ တချို့တွေကတော့ သွားလာမတတ်လို့ ထုတ်ပေးတာပဲရှိတယ်။ သူတို့အသိမိတ်ဆွေတွေပေးတာကို ကျနော်တို့က ထုတ်ပေးတာပဲ ရှိတယ်။ အဲဒီလိုထုတ်ပေးလို့မရဘူး။ အဲဒါက စည်းမျဉ်းစည်းကမ်းမကိုက်ဘူး။ ထုတ်ပေးလို့မရဘူး၊ ဘောင်မဝင်ဘူး၊ လုပ်ပေးလို့မရဘူးပြောတယ်။”

လတ်တလောမှာတော့ သူရဲ့ ဘဏ်က လစဉ် သိန်းဂဏန်းနဲ့ငွေဝင်ငွေထွက်ရှိနေတဲ့အတွက် နောက်ထပ်အဝင်တွေ ပိတ်လိုက်ပြီး လက်ရှိ ရှိနေပြီးသားငွေတွေကိုလည်း ပြောင်းတာ ထုတ်တာတွေပဲလုပ်လို့ရတယ်လို့ ဆိုပါတယ်။ ဘဏ်အကောင့်ကို ငွေအဝင်လုပ်လို့မရတော့ကြောင်းကိုလည်းဘဏ်ကပြောခဲ့တယ်လို့ ဆိုပါတယ်။

“အဝင်တော့ပိတ်လိုက်ပြီး အထွက်တော့ ပေးထွက်တယ်။ ပြီးတော့ ဘဏ်အကောင့်ကိုလည်း အသစ်ထပ်ဖွင့်လို့ ရမလား ဆိုတာ ပြန်ဖွင့်လို့မရဘူးပြောတယ်။ ဒါဆို နောက် ဘယ်အချိန်ပြန်ဖွင့်လို့ရမလဲဆိုတာမေးတေ့ာ ဘဏ် ဝန်ထမ်းတွေပြောတာ ပြန်ဖွင့်လို့မရဘူးလို့လည်းပြောတယ်။”

မြန်မာစစ်ကောင်စီလက်ထဲ လက်နက်တွေ ရောင်းချတဲ့ကိစ္စမှာ ထိုင်းဘဏ်တွေပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးဖို့ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီကလည်း ကတိကဝတ် ပြုထားတာတွေရှိပါတယ်။ ဒီကိစ္စတွေ စုံစမ်းစစ်ဆေးရင်းနဲ့ သာမန်အရပ်သားတွေရဲ့ ဘဏ်အကောင့်တွေကိုပါ စိစစ်မှုတွေ စတင်လုပ်လာတာဖြစ်ပြီး တချို့ဘဏ်တွေကတော့ ငွေဝင်ငွေထွက်များတဲ့သူတွေကို ခေါ်ယူပြီး စီးပွားရေးလုပ်ငန်းတွေ ရှိမရှိ ဝင်လာတဲ့ငွေတွေက ဘယ်ကဝင်လာသလဲဆိုတာတွေ ဘယ်ကို လွှဲပြောင်းပေး သလဲဆိုတာတွေကို အထောက်အထားတွေပြခိုင်းခဲ့တယ်လို့လည်း စစ်ဆေးခံရသူ မြန်မာပြည်သားတွေက ဆိုပါတယ်။

လက်နက်ရောင်းဝယ်ရာမှာ စစ်ကောင်စီအသုံးပြုတဲ့ဘဏ်တွေကို စင်္ကာပူကအရေးယူလိုက်ပြီးတဲ့နောက် ထိုင်းဘဏ်တွေကို စစ်ကောင်စီကအသုံးပြုလာခဲ့တာ ဒေါ်လာ သန်း ၁၂၀ အထိရှိခဲ့တယ်လို့ မစ္စတာအင်ဒရူးရဲ့ အစီရင်ခံစာက ဆိုပါတယ်။ အလုပ်အဖွဲ့ဟာ စင်္ကာပူလုပ်သွားတဲ့အတိုင်း လက်နက်ရောင်းဝယ်မှုမှာ ပါဝင်နေတဲ့ ဘဏ်တွေအပေါ် အရေးယူလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာအင်ဒရူးကတော့ ဇူလိုင်လကုန်ပိုင်းက ပြောဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG