သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကိုလက်နက်ရောင်းချမှု အင်ဒိုဝေဖန်ခံရ


လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၃၀ သေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၃၀ သေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

မြန်မာစစ်တပ်ဟာ အရင်က စစ်မျက်နှာ အမြောက်အမြား ဖွင့်တိုက်နေရပြီး လက်နက်ခဲယမ်း လိုအပ်နေတာကြောင့် အင်ဒိုနီးရှားက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အလေးထားစုံစမ်းဖို့ အရှေ့တောင် အာရှ နိုင်ငံရေးနဲ့လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောလိုက်ပါတယ်။ လတ်တလောမှာတင် လိုင်ဇာအနီးက စစ်ရှောင်စခန်းတခုကို တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးခဲ့ရလို့ မြန်မာစစ်တပ်အပေါ် နိင်ငံတကာက ပြစ်တင်ဝေဖန်နေချိန်လည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုနဲ့ပတ်သက်လို့ သုံးသပ်ချက်အမြင်တွေကို ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြထားပါတယ်။

အင်ဒိုနီးရှားက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေကြောင်း သံသယဖြစ်စရာရှိတာကြောင့် စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပြီးခဲ့တဲ့ အပတ် (အောက်တိုဘာ ၂ ရက်) က တိုင်ကြား တောင်းဆိုခဲ့တဲ့သတင်းက မြန်မာပြည်တွင်းရော၊ နိင်ငံတကာမှာပါ လှုပ်ခတ်ခဲ့ပါတယ်။ အထူးသဖြင့် အရပ်သားတွေကိုထိခိုက်စေတဲ့စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေရှိနေချိန်မှာ မြန်မာ့ဒီမိုကရေစီအရေး အင်တိုက်အားတိုက် လုပ်တယ်ဆိုပြီး နာမည်ကောင်းရတဲ့အင်ဒိုနီးရှားက လက်နက်ရောင်းတယ်ဆိုပြီး စွပ်စွဲခံရလို့ပါ။ ဒီအပေါ် မေးခွန်းပြန်လည် ထုတ်ကြတာတွေ ရှိပေမယ့် ဝါရှင်တန်ဒီစီ၊ National War College က ပါမောက္ခ ဒေါက်တာ Zachary Abuza ကတော့ အင်ဒိုနီးရှား ကာကွယ်ရေဆိုင်ရာ စက်မှု လုပ်ငန်းတွေက လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေ ရှိနေလို့ ဒီတိုင်ကြားချက်က ဖြစ်နိုင်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“သူတို့က မြန်မာနဲ့ အရင်ကလည်း လက်တွဲ အလုပ် လုပ်ဖူးပါတယ်။ အင်ဒိုနီးရှားအစိုးရ ထုတ်ပြောထားတဲ့ သံတမန်ရေးရပ်တည်ချက်နဲ့ ဆန့်ကျင်နေပေမယ့် လက်နက်ပစ္စည်းရောင်းချမှုက နိုင်ငံရေး ခေါင်းဆောင်ပိုင်တွေ သတိမပြုမိလောက်တဲ့ အသေးစားကဏ္ဍတွေမှာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မြန်မာ စစ်တပ်မှာ (အခု စွပ်စွဲခံရတဲ့ အထဲမှာ ပါတဲ့) PT PAL ကုမ္ပဏီ ထုတ် သင်္ဘောတွေ ထုတ်သုံးတာမျိုး၊ ဒါမှမဟုတ် PT Dirigantara ထုတ် လေယာဥ်တွေ သုံးတာမျိုးတော့ ကျနော် မထင်ပါဘူး။ ဒါပေမယ့် (မြန်မာစစ်တပ်) လိုအပ်ချက် မြင့်မားနေတဲ့ စစ်လက်နက် အပိုပစ္စည်းတွေကို ဒီကုမ္ပဏီတွေက ထောက်ပံ့တာ ဖြစ်နိုင်ပါတယ်။”

စွပ်စွဲခံရတဲ့ထဲမှာပါတဲ့ ကုမ္ပဏီတွေထဲက လက်ရှိ မြန်မာစစ်တပ်မှာ လိုအပ်ချက်ရှိနိုင်တဲ့ လက်နက်ငယ် ခဲယမ်းမီးကျောက်တွေနဲ့ တိုက်ခိုက်ရေးယာဉ်တွေ အများအပြားထုတ်လုပ်နေတဲ့ PT Pindad ကတော့ ပိုပြီး စိုးရိမ်စရာ ရှိတယ်လို့ ပါမောက္ခ Abuza က ရှုမြင်ပါတယ်။

မြန်မာ စစ်တပ်မှာ နှစ်ပေါင်းများစွာ အရာရှိအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်၊ သမိုင်းပါရဂူဘွဲ့ရတဦးလည်း ဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး သုတသီ ဒေါက်တာအောင်မျိုးကတော့ အင်ဒိုနီးရှားက ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ စစ်တပ်ကို စစ်လက်နက်ပစ္စည်းရောင်းတယ်ဆိုတာက ဖြစ်နိုင်ခြေမရှိဘူးလို့ သုံးသပ်ပါတယ်။ မြန်မာစစ်တပ်ကိုရောင်းတယ်ဆိုပြီး စွပ်စွဲတဲ့ စစ်လက်နက် ပစ္စည်းတွေက နည်းပညာပိုင်းအရ အရမ်းမြင့်တာတွေမဟုတ်ဘဲ မြန်မာပြည်မှာ ထုတ်လုပ်နိုင်တဲ့ပစ္စည်းတွ ဖြစ်တာကြောင့် စွပ်စွဲချက်ကအဓိပ္ပာယ်ရှိရဲ့လားဆိုတာကို သံသယရှိတယ်လို့ ဆိုပါတယ်။

“အင်ဒိုနီးရှားက ရောင်းပါတယ်ဆိုတဲ့ ပစ္စည်းတွေကလည်း ဘာမှ ထူးမခြားနား ပစ္စည်းတွေ ဖြစ်နေတယ်။ အဲ့တော့ ကျနော့်အနေနဲ့ကတော့ မဖြစ်နိုင်ဘူး ထင်တယ်။ တကယ်လို့ ပိတ်လို့ရောဘာဖြစ်မလဲ။ ပိတ်လည်း ဘာမှမဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် စစ်လက်နက်ပစ္စည်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာက အရမ်းကြီး မမြင့်တောင်မှ တပ်မတော်ကလုပ်နိုင်စွမ်းရှိသွားပြီလေ။ ရုရှားကို ပညာတော်သင်တွေလွှတ်ပြီး ရရှိခဲ့တယ်ဆိုတာက အားလုံး သိနေတာပဲလေ။ အဲ့ဒါကြောင့်မလို့ ဘာမှ အကျိုးသက်ရောက်မှု မရှိဘူး။ ဒါတွေက အင်မတန်မှကို မြန်မာ့တပ်မတော်အတွက် အရေးမပါတဲ့ ကိစ္စတွေ ဖြစ်နေတယ်။ ဒါက လုပ်ကြံဇာတ်လမ်းတခုလို့တောင် ကျနော်ကတော့ ထင်တယ်။”

မြန်မာ စစ်တပ်ရဲ့ က-ပ-စ စစ်လက်နက် စက်ရုံတွေကနေ လက်နက်ငယ်ကျည်၊ မော်တာ၊ ဟောင်ဝစ်ဇာ အမြောက်ကျည်ကနေ ဂျက်တိုက်ခိုက်ရေး လေယာဥ်သုံး ဗုံးသီးတွေအထိ ထုတ်လုပ်နိုင်နေတာကိုပါမောက္ခ Abuza ကလည်း သဘောတူပါတယ်။ ဒါပေမယ့် ထုတ်လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်လို့ သူက ထောက်ပြပါတယ်။

“မြန်မာစစ်တပ်ဟာ အခုအချိန်လောက် မျက်နှာစာများစွာမှာ တပြိုင်နက်တည်း တိုက်ပွဲတွေ တိုက်နေရတာမျိုး အရင်က မရှိခဲ့ဖူးပါဘူး။ ဒါကြောင့် သူတို့ဟာ မကြုံစဖူး ခဲယမ်းမီးကျောက်တွေ လိုအပ်နေတာပါ။ ဒါကြောင့် ပြည်တွင်းထုတ်လုပ်မှုနဲ့တင် မလုံမလောက် ဖြစ်နေတာမျိုး ကောင်းကောင်း ဖြစ်နိုင်ပါတယ်။ သူတို့ တရုတ်ဆီကနေ (လက်နက်ခဲယမ်း မီးကျောက် အထောက်အပံ့) ရှာကောင်း ရှာမယ်၊ အိန္ဒိယဆီက ရှာကောင်း ရှာနိုင်ပါတယ်။”

တကယ်တော့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာမလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အင်ဒိုနီးရှားက ထောက်ခံမဲပေးခဲ့တာပါ။ အခု စွပ်စွဲချက်တွေကို အလေးအနက်ထား အရေးယူ ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"တကယ်လို့ ဒါ ဖြစ်ခဲ့တယ် ဆိုလို့ရှိရင် ဖြစ်နေဆဲဆိုလို့ရှိရင် အင်ဒိုနီးရှား အစိုးရအနေနဲ့ ဒါကို အမြန်ဆုံးရပ်တန့်နိုင်ဖို့ ကျမတို့အနေနဲ့အနေနဲ့ မျှော်လင့်ပါတယ်။ ဒီကုမ္ပဏီတွေကိုယ်တိုင်ကိုက မဟုတ်ဘူးလို့ ငြင်းဆိုထားတယ်လို့လည်း သတင်းတွေမှာ ကျမတို့သိရပါတယ်။ ဒါပေမယ့် တရားဝင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါကျရင် ဒီစွပ်စွဲမှုက ဘယ်လောက် မှန်သလဲ ပိုသိသာထင်ရှားလာမှာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကျမအနေနဲ့အမြင်ကတော့ ဒီလိုမျိုး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တွေ့ရှိချက်တွေအပေါ်မှာ အင်ဒိုနီးရှားအစိုးရရော၊ သက်ဆိုင်ရာ enterprise တွေ အနေနဲ့ကရော တလေးတစားနဲ့ လိုက်ပါ ဆောင်ရွက်လိမ့်မယ်။ ပူးပေါင်း ဆောင်ရွက်လိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။"

အင်ဒိုနီးရှားနည်းတူ မြန်မာကို လက်နက်မရောင်းဖို့ ကုလသမဂ္ဂမှာ ထောက်ခံမဲပေးခဲ့တဲ့ ဆာဘီးယားက မြန်မာစစ်တပ်ကို လက်နက်တင်ပို့ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့အစီရင်ခံစာတွေ ဒီနှစ်အစောပိုင်းမှာ ထွက်ခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း ဆာဘီးယားအစိုးရက သူတို့အနေနဲ့ လက်နက်တင်ပို့ခွင့်လိုင်စင် အသစ်တွေ ချမပေးတော့ဘူးလို့ ထုတ်ပြောခဲ့ရတာတွေ ရှိပါတယ်။

ဒီလိုအနေအထားမှာ မြန်မာစစ်တပ်အသုံးပြုတဲ့ လက်နက်တွေနဲ့ သင့်တော်တဲ့ အပိုပစ္စည်းတွေ၊ ခဲယမ်းမီးကျောက်တွေ ရနိုင်တဲ့နိုင်ငံတွေက အကန့်အသတ် ရှိလာတယ်လို့ ဒေါက်တာ Abuza က ထောက်ပြပါတယ်။ အင်ဒိုနီးရှားနဲ့ မြန်မာနှစ်နိုင်ငံစလုံးက အရင်ကသုံးခဲ့တဲ့ ဂျာမနီနိုင်ငံလုပ် Heckler-Kach အမျိုးအစား လက်နက်ခဲယမ်းတွေကိုအခြေခံပြီး စစ်လက်နက်ပစ္စည်းတွေ ထုတ်ကြတာဖြစ်လို့ ကိုက်ညီတဲ့ အပိုပစ္စည်းတွေ ထောက်ပံ့တာမျိုးဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးတယ်လို့ စွပ်စွဲခံရတဲ့ မြန်မာအခြေစိုက် True North လို ကုမ္ပဏီအငယ်တွေက အမေရိကန်ရဲ့ အရေးယူခံရတဲ့စာရင်းထဲမှာမပါသလို နိုင်ငံတကာ သတိပြုနိုင်မှုအားနည်းလို့ ဒါကို ကြားခံအသုံးချပြီး လာဘ်ပေး လာဘ်ယူကိစ္စတွေနဲ့ ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်တယ်လို့ ဒေါက်တာ Abuza က သုံးသပ်ပါတယ်။

"True North ကုမ္ပဏီက အမေရိကန်နဲ့ အနောက်မဟာမိတ်နိုင်ငံတွေ ဒဏ်ခံပိတ်ဆို့ ခံထာရတဲ့ မြန်မာစစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ရဲ့သား ဦးထူးထူးရှိန်ဦး ပိုင်ဆိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ဒါပေမယ့် True North ကုမ္ပဏီ ကတာ့ အရေးယူပိတ်ဆို့ခံရတဲ့ စာရင်းမှာ မပါ, ပါဘူး။"

လူအစုံလိုက်အပြုံလိုက် သေဆုံးရတဲ့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေ

တဘက်မှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ စက်တင်ဘာလက နောက်ဆုံးတင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေအရ မြန်မာစစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှု၊ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ရွာတွေမှာ မီးရှို့မှုအပါအဝင် အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူ သာမန်လူအရေအတွက်က ၂၀၂၂ ဧပြီလကနေ ၂၀၂၃ ဇူလိုင် လအထိ ၄,၁၀၈ ရှိနေပါတယ်။ အဲဒီကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၆၇၈ ကြိမ် လုပ်ခဲ့ပြီး ဒါဟာ အာဏာသိမ်းပြီး ပထမ (၁၄) လနဲ့ယှဥ်ရင် အကြိမ်ရေ နှစ်ဆတိုးလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစီရင်ခံစာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ဖြစ်ခဲ့ကြောင်း သက်သေတွေနဲ့ မှတ်တမ်းတင်ထားပြီး “အရှင်လတ်လတ် မီးရှို့ခြင်း၊ အပိုင်းပိုင်းဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း” စတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ "ဒါဟာ အဆိုးရွားဆုံးပုံစံနဲ့ လူသားမဆန်မှု" လို့ သုံးနှုန်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က စက်တင်ဘာလက ပြောထားပါတယ်။

အခု လတ်တလောမှာတင် အောက်တိုဘာ (၉) ရက်ညက ကချင် စစ်ရှောင်စခန်းတခု တိုက်ခိုက်ခံရလို့ ကလေးသူငယ်တွေအပါအဝင် အရပ်သားဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် အမေရိကန်က ပြစ်တင်ရှုတ်ချခဲ့သလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ကပ်လျက် အိမ်နီးချင်းတရုတ်ကပါ အထူးစိုးရိမ်ကြောင်း ကြေညာချက်တွေ အသီးအသီးထုတ်ပြန်ခဲ့ကြပါတယ်။

ဒီလိုမျိုး ကျောင်း၊ လူနေစခန်း စတဲ့ အရပ်သားပစ်မှတ်တွေ တိုက်ခိုက်ခံရရင်၊ အစုလိုက်အပြုံလိုက် သေဆုံးတာမျိုးဖြစ်ရင် သူတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီဘက်က တစိုက်မတ်မတ် ငြင်းဆန်လေ့ ရှိပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက လေ့လာစောင့်ကြည့်နေတဲ့အဖွဲ့တွေကတော့ စစ်ကောင်စီစစ်တပ်ရဲ့ ကျူးလွန်မှုတွေကိုအထောက်အထားတွေနဲ့ တကွ မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။

အာဏာသိမ်း စစ်တပ်ကို နိုင်ငံတကာက စစ်လက်နက် ဆက်ရောင်းချနေ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ မေလ အစီအရင်ခံစာမှာတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ လက်နက်နဲ့ ကုန်ကြမ်းပစ္စည်း အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံ တန်ဖိုး ပြည်ပကနေတင်သွင်းခဲ့တယ်လို့ ဆိုထားပါတယ်။ မြန်မာကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတင်ပို့တဲ့ ကွန်ရက်ကြီးတခုလုံးနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေထဲမှာ တရုတ်နဲ့ရုရှားအပြင် ဒေသတွင်းက စင်ကာပူ၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေလည်း ပါဝင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တွေ့ရှိချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်တပ်အပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား အမြင်တွေ ကွဲပြားကြသလို စစ်လက်နက်နဲ့ ငွေကြေးဖြတ်တောက်ရေး၊ ဒဏ်ခတ်ပိတ်ဆို့ရေး အပိုင်းမှာလည်း အာဆီယံအဖွဲ့ကြီးတခုလုံးအနေနဲ့ ခြုံပြောရရင် တချို့နိုင်ငံတွေက အားနည်းနေသေးတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ရှုမြင်ပါတယ်။ ဒါ့အပြင် လက်တွေ့ အကောင်အထည်ဖော်ရာမှာလည်း အားနည်းချက်တွေ ရှိတယ်လို့ သူက ထောက်ပြပါတယ်။

"တချို့ နိုင်ငံတွေကတော့ နိုင်ငံတခုချင်းအနေနဲ့ ပြင်းပြင်းထန်ထန် ထုတ်ဖော် ပြောဆိုကြတာတွေ ရှိတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ထုတ်ဖော် ပြောဆိုတာတင်မဟုတ်ဘဲနဲ့ တကယ် ထိရောက်တဲ့ဟာမျိုးလည်း ဖြစ်ဖို့တော့လိုတယ်။ ဥပမာ - မူအရတော့ ပြောထားတယ်။ ဒါပေမယ့် လက်တွေ့မှာကျတော့ သေသေချာချာ ကျပ်ကျပ်မတ်မတ် ဒီမူကို Implementation (အကောင်အထည်ဖော်) လုပ်ဆောင်ဖို့ Mechanism (ယန္တရား) ပိုင်းမှာ ဒါမှမဟုတ် အားထုတ်မှု ပိုင်းမှာ အားနည်းနေသေးတယ် ဆိုတာကို ကျမတို့ မြင်ရတယ်။"

ဒီအချက်မှာ ပါမောက္ခ Abuza ကလည်း တသဘောထားတည်းရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကို လက်နက်၊ ဒါမှမဟုတ် ခဲယမ်းမီးကျောက် အပိုပစ္စည်းတွေ ရောင်းချခဲ့ရင် ဒါဟာ ပြည်တွင်း ဥပဒေကို ချိုးဖောက်ရုံသာမကဘဲ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်တာမို့ ဒါကို အရေးတယူ စုံစမ်းသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရတယ်လို့ စွပ်စွဲခံရတဲ့အထိ ဖြစ်ခဲ့တဲ့ ၂၀၁၇ ဖြစ်စဥ်မှာ အရင်ကတည်းက မြန်မာ စစ်တပ် အပေါ် အင်ဒိုနီးရှားက အမြဲ ထောက်ပြဝေဖန်ခဲ့သလို အခု အာဏာသိမ်း စစ်တပ်ကိုလည်း ခိုင်မာတဲ့ မူဝါဒနဲ့ ဖိအားပေးနေတဲ့ အင်ဒိုနီးရှားအစိုးရရဲ့ ရပ်တည်ချက်နဲ့ ဖီလာဆန့်ကျင်နေလို့ ဒါဟာ မူအရ အရေးယူ စုံစမ်း ချပြဖို့ အရေးကြီးတယ်လို့ ဒေါက်တာ Abuza က ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG