သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ဖုံးနဲ့အင်တာနက်သုံးစွဲတာ ကန့်သတ်ထိန်းချုပ်မှုတိုးမြင့်လာ 


မောင်တောမြို့နယ်က လူငယ်နှစ်ဦး ဘင်္ဂလားဒေ့ရှေ့ဘက်က အင်တာနက်လိုင်းအားကောင်းရာမှာ ဆိုရှယ်မီဒီယာသုံးနေကြပုံ။ (နိုဝင်ဘာ ၉၊ ၂၀၁၄)
မောင်တောမြို့နယ်က လူငယ်နှစ်ဦး ဘင်္ဂလားဒေ့ရှေ့ဘက်က အင်တာနက်လိုင်းအားကောင်းရာမှာ ဆိုရှယ်မီဒီယာသုံးနေကြပုံ။ (နိုဝင်ဘာ ၉၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းနဲ့အင်တာနက်သုံးစွဲမှုတွေကို ကန့်သတ်တာ၊ ဖြတ်တောက်တာ၊ အွန်လိုင်းဆင်ဆာလုပ်တာ၊ ထောက်လှမ်းတာတွေ ပိုလုပ်လာတယ်လို့ ပြည်တွင်းသုံးစွဲသူတွေကပြောပါတယ်။ စစ်တမ်းတွေအရ မြို့နယ်ပေါင်း ၉၀ ကျော်မှာ ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်ကနေ စစ်တပ်ကိုဆန့်ကျင်ဝေဖန်မှုနဲ့ ဖမ်းဆီးခံရမှုကလည်း ၂၀၂၄ မေလကနေ ၃ လအတွင်း အယောက် ၇၀ နီးပါးရှိခဲ့တယ်လို့ စစ်တမ်းတွေကဖော်ပြထားပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်တချို့မှာ အင်တာနက်လိုင်းတွေ လုံးဝပိတ်ထားတာရှိသလို အင်တာနက်မြန်နှုန်း လျှော့ချတာတွေလည်း ရှိခဲ့ပါတယ်။ လူသုံးများတဲ့ ဖုန်းနဲ့အင်တာနက်သုံးစွဲမှုတွေကို ကန့်သတ်တာ၊ ဖြတ်တောက်တာ၊ အွန်လိုင်းဆင်ဆာလုပ်တာတွေ ပိုလုပ်လာသလို ခုရက်ပိုင်း အွန်လိုင်းကို ကန့်သတ် ထိန်းချုပ်တာတွေကို လုပ်လာတာမို့ လူမှုကွန်ယက်မီဒီယာအပါအဝင် သတင်းဝက်ဆိုဒ်တွေကို သုံးစွဲဖတ်ရှုခွင့် ပိုခက်ခဲလာတယ်လို့ ပြည်တွင်း ဖိုင်ဘာအင်တာနက်လုပ်ငန်း လုပ်ကိုင်နေတဲ့သူတဦးက ပြောပြပါတယ်။

“ကျနော်ပြောပြမယ်။ ဖေ့စ်ဘုတ်၊ မက်ဆင်ဂျာ၊ သတင်း Website တွေ၊ ဘီဘီစီတို့၊ ရိုက်တာတို့ အဲဒါမနေ့ကတည်းက ဖြစ်တာမလား။ ဟုတ်တယ်။ မနေ့လောက်ကတည်းက ကျနော်တို့ Cloud ထဲ ဆာဗာကို Base ပေးလုပ်တဲ့ ဆော့ဝဲတွေ အဲဒါတွေတော်တော်များများ Myanmar government ဘက်က ဘန်းလိုက်တာ၊ သုံးမရတော့ဘူး။ အဲဒါတွေသုံးမယ်ဆိုရင် VPN ကျော်သုံးမှရမယ် အဲလိုဖြစ်နေတယ်။ ဖေ့စ်ဘုတ်၊ မက်ဆင်ဂျာသုံးမရဘူးဆိုတာ VPN issue တွေဘဲ။ မယုံရင် တခြား You tube၊ တစ်တော့ သုံးကြည့်လိုက်။ အဲဒါဆိုရင် အဆင်ပြေတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း Facebook လူမှုကွန်ရက်အပါအဝင် အင်တာနက်သုံးစွဲမှုတွေကို အာဏာပိုင်တွေက ကန့်သတ်ထိန်းချုပ်ခဲ့ပါတယ်။ ပြည်တွင်းသုံးစွဲသူတွေဟာ ဒီလိုကန့်သတ်ထိန်းချုပ်တာကိုကျော်လွှားဖို့ VPN (Virtual Private Network) ကို တဆင့်ခံသုံးစွဲနေခဲ့ရတာပါ။ ဒီနောက်ပိုင်း ဒါကိုပါ စစ်ကောင်စီက ကန့်သတ်ပိတ်ပင်လာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ဇူလိုင်လအထိ မြန်မာနိုင်ငံတွင်း မြို့နယ်ပေါင်း ၉၀ ကျော်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားနေတဲ့ အသံအဖွဲ့က မကြာသေးခင်က ထုတ်ပြန်တဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။ ဒီအထဲမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တွင်း မြို့နယ်အားလုံးနီးပါး ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ လက်ရှိ တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်း၊ ကချင်၊ လားရှိုးတို့တွေလည်းပါဝင်ပါတယ်။ ဒီနေရာတွေမှာ အင်တာနက်အပြင် ဆက်သွယ်ရေးဖုန်းလိုင်းတွေပါ ဖြတ်တောက်ထားခံရပါတယ်။ ဒီလိုအင်တာနက်တွေ၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာ က အဆိုးရွားဆုံး ဖြတ်တောက်မှုဖြစ်သလို ဖြတ်တောက်မှု နောက်ဆက်တွဲဆိုးကျိုးတွေကို ပြည်သူတွေအဆိုးဝါးဆုံး ခံစားနေရတယ်လို့ မြန်မာအင်တာနက်ပရောဂျက်မှ ဦးဟန်က ဗွီအိုအေကို ပြောပြပါတယ်။

“အခုလိုမျိုး တိုက်ပွဲပြင်းထန်တဲ့အခြေအနေမျိုးပေါ့နော်၊ နောက် နိုင်ငံရေးအရ အပြောင်းအလဲရှိတဲ့အခြေအနေမှာ သူတို့က အင်တာနက်ကို ထိန်းချုပ်တာ၊ ကန့်သတ်တဲ့ဟာက တောက်လျှောက်ကိုလုပ်နေတာပေါ့နော်၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်လို့ရှိရင် နေ့စဥ်ရက်ဆက်....ဖြစ်နေတယ်လို့ ပြောနိုင်တယ်ပေါ့နော်။ ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ့်ရဲ့လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကျင့်သုံးလို့၊ သုံးတဲ့လူတွေကိုလည်း ဖမ်းဆီးတဲ့ကိစ္စမျိုးတွေပေါ့နော်၊ နောက်တခါ....လုပ်တဲ့ကိစ္စမျိုးတွေ အားလုံးက တောက်လျှောက်ရှိနေတယ်။ သုံးလအတွင်းအခြေအနေမှာဆိုလို့ရှိရင်တော့ လူ ၇၀ နီးပါးလောက်က ဆိုရှယ်မီဒီယာပေါ်မှာပြောတဲ့အတွက် ထိန်းသိမ်းခံရတယ်ဆိုတဲ့ဟာပေါ့နော်၊ ဒါက မေ၊ ဂျွန်၊ ဂျူလိုင် သုံးလအတွင်းမှာ ပေါ့နော် အဲဒီအရေအတွက်ရှိနေတယ်ပေါ့နော်။ ဒီအခြေအနေမှာ ကျနော်တို့ ဒီအရေအတွက်က အမြဲတမ်းတော့ ကျသွားတာမရှိဘူး။”

တိုက်ပွဲဖြစ်သွားတဲ့နေရာတွေမှာ အင်တာနက်ကို အဓိကဖြတ်တောက်လေ့ရှိပြီး သတင်းအချက်အလက် စီးဆင်းမှုတွေကို ဖုံးကွယ်ချင်တာကြောင့် စစ်ကောင်စီအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လာတာသာဖြစ်တယ်လို့ သူကပြောပါတယ်။ အွန်လိုင်းပေါ်ကနေ စစ်တပ်ကိုဆန့်ကျင်ဝေဖန်မှုနဲ့ ဖမ်းဆီးခံရမှုကလည်း ၂၀၂၄ မေလကနေ ၃ လအတွင်း အယောက် ၇၀ နီးပါးရှိခဲ့တယ်လို့ မြန်မာအင်တာနက်ပရောဂျက်မှ ဦးဟန်က ပြောပါတယ်။

“နေ့စဥ် အသက်အရွယ်မရွေး၊ လူတန်းစားမရွေးရဲ့နေ့စဥ်ဘဝလှုပ်ရှားမှုတွေအကုန်လုံးအပေါ်မှာ တိုက်ရိုက်ထိခိုက်ပြီးတော့ အဲဒါက ဘာဖြစ်လာသလဲဆိုတော့ လူ့အခွင့်အရေးတရပ်လုံးအပေါ်မှာ လာထိခိုက်တယ်ပေါ့နော်။"

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ထဲမှာ သတင်းမီဒီယာတွေကို ဖိနှိပ်မှုလည်းပါဝင်တယ်လို့ သူကပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာတွေကိုဖိနှိပ်တာ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေလုပ်ခဲ့ပြီး လက်ရှိမှာ သတင်းမီဒီယာသမား အယောက် ၅၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ သူ့ရဲ့ရှင်သန်...ရေး မှာလည်း အကျုံးဝင်နေတယ်၊ ပညာရေးမှာလည်းအကျုံးဝင်နေတယ်။ စီးပွါးရေးမှာလည်းအကျုံးဝင်နေတယ်။ အရာအားလုံးမှာအကျုံးဝင်နေတယ်-လာပြီးတော့ ထိခိုက်မှုတွေဖြစ်နေတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်မှု အဆိုးဆုံးခံနေရတဲ့ တရုတ်ပြီးရင် ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၂ နှစ် ဆက်တိုက် ကျဆင်းနေတဲ့အကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးကဖော်ပြထားပါတယ်။ Freedom House ရဲ့ အမှတ်ပေး သတ်မှတ်ချက်အရ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ နောက်ထပ် ၅ မှတ်ထိုးကျသွားပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၁၉ မှတ် ကျဆင်းသွားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝက်ဘ်ဆိုက်ဒ် ၁,၂၀၀ ကျော် ပိတ်ပင်ခံခဲ့ရသလို လူမှုကွန်ယက်တွေ အသုံးပြုခွင့် ပိတ်ပင်တာ၊ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့တဲ့အကြောင်း အစီရင်ခံစာက ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG