သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တောင်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ခြေရှိ


သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)
သံတွဲမြို့ အခြေစိုက်စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၄)

ရခိုင်ပြည်နယ်က သံတွဲ ၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်နေပါတယ်။ တဘက်မှာလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးတဲ့ တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေသလို မာန်အောင်မြို့နယ်မှာလည်း စစ်ရေး ပြင်ဆင်နေတာတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ လက်ရှိမှာတော့ AA အနေနဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းက ကျောက်ဖြူ ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေကို ပိတ်ဆို့ထားပြီး မကြာခင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ရခိုင်အရေး လေ့လာ သုံးသပ်သူ ဦးဖေသန်း က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းတခုဖြစ်တဲ့ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် AA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသလို ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်နေတာကြောင့် ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် ဂွ ၊ သံတွဲမြို့တို့နဲ့ ဆက်စပ်နေတဲ့ တောင်ကုတ်မြို့နယ်ကိုလည်း ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲနေတယ်လို့ တောင်ကုတ်ဒေသခံ တဦးကပြောပါတယ်။

“ဒီနေ့ကတော့ လေယာဉ်တွေ တော်တော်များများ ဝဲနေတယ်၊ ဂျက်ဖိုက်တာတွေ ဝဲနေတာ ပစ်ခတ်သံလည်း ကြားတယ်။ ဒီနေ့ ၁နာရီ ၃၅မိနစ်လောက်က စပြီးတော့ ပစ်တယ်၊ ၅ကြိမ် လောက်ရှိပြီဗျာ။ တောင်ကုတ်မြို့ရဲ့ အနီးအနားတွေ ကျတယ်လို့ သတင်းရတယ်ဗျာ။”

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောက်ကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စစ်လက်နက်တွေနဲ့ စားနပ်ရိက္ခာတွေ လေကြောင်းကနေ လာရောက် ဖြည့်တင်းတာ ရှိသလို မြို့တွင်းမှာလည်း တင်းကြပ်စွာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အဲဒီ ဒေသခံကပဲ ဆက်ပြောပါတယ်။

“တောက်ကုတ်မှာတော့ စစ်တပ်က နေရာအနှံ့ သွားလာလှုပ်ရှားတာတွေ ရှိတယ်။ ကျနော်တို့ တောင်ကုတ်အကျော် သံတွဲဘက်အခြမ်းကို စစ်အင်အား ဖြည့်ပြီးတော့ သွားလာလှုပ်ရှားနေတာ ရှိတယ်။ ဒေသခံတွေကတော့ တခြားနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြတာ ရှိတယ်။ တော်တော်များများ တောင်ကုတ်မြို့အနီးအနား ကျေးရွာတွေက လူတွေ တိမ်းရှောင် နေကြတာဗျာ။”

အာရက္ခတပ်တော် AA အနေနဲ့ သံတွဲနဲ့ ဂွမြို့နယ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေသလို တခြားသော ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကိုလည်း ပိတ်ဆို့ထားနိုင်တယ်လို့ ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

“ ကျနော်တို့ ဒီဘက်မှာဆိုရင် အမ်း ၊ တောင်ကုတ် ကျန်မယ်။ အဲဒီမြို့တွေကလည်း ဝိုင်းပြီးတော့ ပိတ်ဆို့ထားတဲ့ မြို့တွေဖြစ်တယ်။ ဆိုတော့ တောင်ပိုင်းမှာ ပြတ်သွားရင်တော့ အမ်းတို့၊ တောင်ကုတ်တို့ ဖြစ်လာနိုင်တာပေါ့နော်၊ ပြီးတော့ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူကလည်း ပိတ်လှောင်ထားတဲ့ အနေအထား ရှိတာပေါ့နော်။ သူတို့ မြို့ထဲကနေ မြို့ပြင်တောင် ထွက်လို့ မရတဲ့ အနေအထားမျိုး ရှိပါတယ်။”

အခုလို ရခိုင်တောင်ပိုင်းမှာ တိုက်ပွဲဧရိယာတွေ ကျယ်ပြန့်လာတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ အထူးသဖြင့် စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်တဲ့ မာန်အောင်မြို့မှာဆိုရင် စစ်ကောင်စီက နောက်ဆုံး အမာခံ ခံတပ်အဖြစ်ပြင်ဆင်နေသလို ဒေသခံတွေကို အတင်းအကြပ် ပြည်သူ့စစ်ဖွဲ့တာတွေ ရှိနေတာကြောင့် ဒေသခံတချို့ ရမ်းဗြဲကျွန်းဘက်ကို ထွက်ပြေးလာကြတာရှိတယ်လို့လည်း ဦးဖေသန်းက ဆက်ပြောပါတယ်။

“မာန်အောင်မှာတော့ နောက်ဆုံး ရေတပ်စခန်းအခိုင်အမာ တပ်စွဲ ထားနိုင်တယ်ပေါ့။ ဘာလို့လည်းဆိုတော့ အဲဒီနေရာကို အာရက္ခတပ်တော်က ကြည်းကြောင်းနဲ့ တိုက်ဖို့ဆိုတာ မလွယ်ဘူး။ ရေကြောင်းနဲ့ တိုက်မယ်ဆိုရင်လည်း ဒါက သူတို့ရေတပ်ရဲ့ ချေမှုန်းတာကို ခံရမယ်။ အဲဒီအနေအထားရှိတယ်လို့ ကျနော်မြင်တယ်။ အခုတော့ စစ်ရိပ် စစ်ငွေ့သန်းလာတော့ အဲဘက်ကပြည်သူတွေလည်း ဒီဘက်ကို ပြေးလာကြတာတွေ အများတယ်၊ ရမ်းဗြဲကျွန်း ဘက်ကိုပေါ့၊ အဲမှာ အစစ်အဆေးတွေရှိနေတယ်။ ပြီးတော့ စစ်မှုထမ်းဥပဒေနဲ့ အတင်းအကြပ် စစ်မှုထမ်းခိုင်းမယ့် ကိစ္စတွေလည်းရှိနေတယ်ဆိုတော့ ပြည်သူတွေကတော့ နေမပျော်ဘူးပေါ့နော်။ စိုးရိမ်ပြီးတော့ ဒီဘက်ကမ်းကို ပြေးလာကြတယ်။ စစ်ရေးအရတော့ သူတို့ဘက်က ရေတပ်အားသာချက်ကြောင့် အမာခံဖြစ်သွားနိုင်တယ်လို့ မြင်တယ်ဗျာ။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA အကြား တိုက်ပွဲတွေ တောက်လျောက်ပြင်းထန်နေတာ အခုဆိုရင် ၉လကျော်ရှိလာပြီဖြစ်သလို ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ခုနဲ့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်တို့ကို AA က သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာတော့ မောင်တောနဲ့ စစ်တွေမြို့နယ်နှစ်ခုသာ သိမ်းပိုက်ဖို့ ကျန်ရှိနေတာပါ။ အဲဒီထဲက မောင်တောမြို့နယ်ကိုတော့ AA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြို့တွင်းတိုက်ပွဲတွေ တောက်လျောက် ပြင်းထန်နေပါတယ်။

ဒါ့ပြင်မောင်တော မြို့တွင်းမှာအရပ်သား တော်တော်များများကို စစ်ကောင်စီနဲ့ စစ်ကောင်စီသင်တန်းပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေက လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ပြီးတော့ ခုခံ တိုက်ခိုက်နေတယ်လို့လည်း AA က ထုတ်ပြန်ထားတာရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG