သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်ရွှေလေးရေတပ်စခန်း တဝိုက် တိုက်ပွဲပြင်းထန်


ရခိုင်ပြည်နယ် သံတွဲမြို့နယ် သံတွဲလေဆိပ်ကိုသိမ်းပိုက်အပြီး ထုတ်ပြန်ထားသည့် အာရက္ခတပ်တော် AA ရဲ့ ဓါတ်ပုံ (ဇူလိုင် ၅၊ ၂၀၂၄)
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သံတွဲလေဆိပ်ကိုသိမ်းပိုက်အပြီး ထုတ်ပြန်ထားသည့် အာရက္ခတပ်တော် AA ရဲ့ ဓါတ်ပုံ (ဇူလိုင် ၅၊ ၂၀၂၄)

ရခိုင်ပြည်နယ်က သံတွဲ၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေဟာ တနေ့ထက်တနေ့ ပိုမို ပြင်းထန်လာတယ်လို့ AA ဘက်ကပြောပါတယ်။ မောင်တောမှာတော့ ဓာတုအဆိပ်ငွေ့ပါ ဗုံးတွေကို ဒီရက်ပိုင်းအသုံးပြုတိုက်ခိုက်တယ်လို့ AA ဘက်က စွပ်စွဲပါတယ်။ ရခိုင်တိုက်ပွဲ နောက်ဆုံးရအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေဟာ တနေ့ထက် တနေ့ ပိုပြင်းထန်လာနေသလို နှစ်ဘက်အကျဆုံးတွေ များနေပါတယ်။ သံတွဲမြို့နယ်မှာတော့ စစ်ကောင်စီရဲ့တခုတည်းသော လက်ကျန် တပ်စခန်းဖြစ်တဲ့ မောင်ရွှေလေး ရေတပ်စခန်းကို AA ဘက်ကအပြင်းအထန် ထိုးစစ်ဆင်နေဆဲဖြစ်သလို စစ်ကောင်စီဘက်လည်း ရေတပ် လေတပ်တွေကို အသုံးပြုပြီး အပြင်းအထန် ခုခံနေတယ်လို့ AA ပြောခွင့်ရ ခိုင်သုခ ဗွီအိုအေကိုပြောပါတယ်။

“သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်ထဲက နေရာတချို့မှာ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ပြင်းထန်နေ တာရှိတယ်ဗျာ၊ သံတွဲမှာနောက်ဆုံးကျန်တဲ့ မောင်ရွှေလေးကွင်းဝိုင်း ရေတပ်စခန်းအနီးတဝိုက်မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေတာရှိတယ်။ ကစဉ့်ကလျားနဲ့ ဆုတ်ခွာထွက်ပြေးနေတဲ့ ရန်သူတွေကို ကျနော်တို့က လိုက်လံဖမ်းဆီးနေရတာတွေရှိတယ်၊ တချို့ထွက်ပြေး နေတဲ့ ရန်သူတွေကလည်း သူတို့ရောက်တဲ့နေရာက ခုခံနေတဲ့ဟာ တွေရှိတယ်။”

မောင်တောမြို့နယ်မှာတော့ နေရာအများစုကို AA ဘက်က သိမ်းထားနိုင်တယ်ဆိုပေမယ့် မြို့ထဲမှာ စစ်ကောင်စီက ဓားစာခံအဖြစ် အရပ်သားတွေကို ဖမ်းဆီးထားတာကြောင့် အပြီးသတ်သိမ်းနိုင်ဖို့ အခက်တွေ့နေတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေနဲ့ အတူတွဲတိုက်နေတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေကို သတိထားကိုင်တွယ်ရှင်းလင်းနေရ တယ်လို့ AA ဘက်ကပြောပါတယ်။ ဒါ့အပြင့် ဘင်္ဂလားဒေရှ့် ဘက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကိုအသုံးချပြီး လက်နက်အင်းအား လူအင်းအားတွေ ဖြည့်တင်းနေတာတွေလည်း လုပ်နေတယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“မောင်တော မြို့သိမ်းနိုင်ဖို့ ကြန့်ကြာနေရတဲ့အချက်တွေထဲ တခုက မွတ်ဆလင်ဘာသာရေး အစွန်းရောက်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA တို့ ARA တို့ RSO တို့ ဟာ ဘင်္ဂလားဒေရှ့်ဘက် ကမ်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သူတို့ရဲ့ နောက်တန်းဌာနချုပ် အဖြစ် အသုံးချပြီးတော့ လူအင်အားဖြည့်တင်းတာတွေ ပြီးလို့ရှိရင် တခြား Logistics ထောက် ပံ့တာတွေကို အဲဒီကနေ တောက်လျောက်လုပ်နေတဲ့ အတွက်ကြောင့်မို့လို့ အကြမ်းဖက် စစ်ကောင်စီ က အသက်ဆက်နေနိုင်တဲ့သဘောရှိတယ်။”

စစ်တပ်ဘက်က မောင်တောမြို့ပြင်မှာရှိတဲ့ နခခ(၅) စခန်းဘက်ကို ဆုတ်ခွာသွားကြပြီး အဲဒီတပ်စခန်းကနေ လက်နက်ကြီးတွေအပြင် ဓာတုအဆိပ်ငွေ့ပါတဲ့ ဗုံးတွေနဲ့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ညနေပိုင်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘယ်လိုစစ်ဆေးပြီးပြောသလဲဆိုတာ ထုတ်ပြန်ချက်မှာ ပြောမထားသလို၊ VOA အနေနဲ့ သီးခြား အတည် မပြုနိုင်သေးပါဘူး။

အာရက္ခတပ်တော် AA အနေနဲ့ သံတွဲ၊ ဂွနဲ့ မောင်တောမြို့နယ်တွေကို သိမ်းပိုက်နိုင်ဖို့ အပြင်းအထန်တိုက်ခိုက်နေသလို၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင် အမ်းနဲ့ စစ်တွေမြို့နယ်တွေကို သိမ်းနိုင်ဖို့ ဝိုင်းဝန်းပိတ်ဆို့ပြီး စစ်ရေး ပြင်ဆင်ထားပါတယ်။ အဲဒီပိတ်ဆို့ထားတဲ့ မြို့နယ်တွေထဲက စစ်တွေမြို့နယ်မှာတော့ ကြာသပတေးနေ့ ညနေပိုင်းက မြို့အပြင်ဘက်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို AA ဘက် ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တာရှိတယ်လို့ စစ်ရေးနီးစပ်သူတဦးက ပြောပါတယ်။

“မနေ့က ၂၉ရက်နေ့ ညနေ ၃နာရီခွဲလောက်မှာ စစ်တွေ ခြေမြန်တပ်ရင်းက အကောင်းတွေက မင်းလှကျေးရွာ ရခိုင်အခေါ်တော့ မလောင်ကျေးရွာကို စစ်ကြောင်းထိုးလာခဲ့တာ အဲဒီမှာ ကျေးရွှာကို မရောက်ခင် AAက စစ်ကြောင်းလာတာကို သိလို့ ကြားဖြတ်တိုက်တာ တို်က်ပွဲက တော့ နည်းနည်းပြင်းခဲ့တယ်၊ စစ်ကောင်စီဘက်က အကျဆုံးများသွားတယ်။ တိုက်ပွဲဖြစ်နေ ချိန်မှာ စစ်တွေ မြစ်မှာရပ်ထားတဲ့ စစ်ရေယောဉ်တွေက မင်းလှကျေးရွာဘက်ကို လက်နက်ကြီး ပစ်ကူတွေ ပေးတယ်လေ။”

မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်တွေမြို့နယ် မင်းလှကျေးရွာနဲ့ ဆက်စပ်ကျေးရွာတွေကို စစ်ကောင်စီရေတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲတွေ တောက်လျောက်ပြင်း ထန်နေတာ အခုဆိုရင် ၉လကျော် ရှိလာပြီဖြစ်သလို ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ ခုနဲ့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG