သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းလေး ရေဘေးဒုက္ခသည်တွေ အရေးပေါ်အကူအညီရဖို့ အခက်ကြုံ 


အင်းလေးမှာ ရေကြီးရေလျှံနေစဉ် (စက်တင်ဘာ ၁၇၊ ၂၀၂၄)
အင်းလေးမှာ ရေကြီးရေလျှံနေစဉ် (စက်တင်ဘာ ၁၇၊ ၂၀၂၄)

မြန်မာနိုင်ငံက ရေဘေးသင့် ဒေသတခုဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးမှာ အခုချိန်ထိ ရေပြန်မကျသေးလို့ စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်ရေမြုပ်လို့ အိမ်မပြန်နိုင်သေးသူတွေ ရှိသလို၊ သွားလာရခက်ခဲတဲ့ တချို့ရွာတွေအတွက်လည်း သောက်သုံးရေနဲ့ စားစရာ လိုအပ်နေတာပါ။ အင်းလေးရဲ့ ရေဘေးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ Yagi မုန်တိုင်းကြောင့် ရေဘေးဒဏ်သင့်ခဲ့တဲ့အထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်းက ခရီးသွားဒေသတွေလည်း တော်တော်များများ ပါဝင်ခဲ့ပါတယ်။ အဲဒီထဲက အင်းလေးမှာတော့ ကျေးရွာပေါင်း ၁၀၀ ကျော်က နေအိမ်တွေဟာ ရေနစ်မြုပ်ခဲ့ပြီး၊ အခုချိန်ထိ ရေပြန်မကျသေးဘူးလို့ ဒေသခံတွေနဲ့ သွားရောက်ကူညီသူတွေက ပြောပါတယ်။ အခုချိန်မှာ အင်းလေး ဒေသခံတွေအတွက် စားစရာနဲ့ သောက်သုံးရေ လိုအပ်နေတယ်လို့ ပြောပါတယ်။

"မီးမလာတာ ၇ ရက်လောက်ရှိပြီ။ အဲတော့ ထင်းတွေရော၊ မီးသွေးတွေရော လိုအပ်တယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆားက အစပေါ့ဗျာ။ စားဝတ်နေရေးအတွက် လိုအပ်ချက်တွေတော့ ရှိပါတယ်ဗျ။ ရေသောက်ဖို့လည်း အခက်အခဲရှိတယ်ဗျ။"

ကျေးရွာ ၁၇၇ ရွာက လူဦးရေ ၇၄,၀၀၀ ကျော်ဟာ ရေဘေးဒဏ် သင့်ခဲ့ရတယ်လို့ သွားရောက်ကူညီသူတွေက ပြောပါတယ်။ သွားလာရေးခက်ခဲလို့ အကူအညီမရတဲ့ ရွာတွေလည်းရှိပါတယ်။ နေအိမ်ရေမြုပ်တဲ့အထဲ ပါသူတွေကတော့ဘုန်းကြီးကျောင်းတွေမှာ အစုလိုက် ခိုလှုံနေကြတယ်လို့ အင်းထဲမှာ ဒီကနေ့ သွားရောက်ကူညီခဲ့တဲ့ ဒေသခံ တဦးက ပြောပါတယ်။

"ရွာပေါင်း တော်တော်များတယ်ဗျ။ လက်လှမ်းမီသလောက် စက်လှေနဲ့သွားပြီးတော့ ကူညီပေးပါတယ်ဗျ။ အခုက ရေက တရက်မှ နှစ်လက်မလောက်ပဲ ကျတယ်ဗျ။ အိမ်တွေကတော့ နှစ်ထပ်အိမ်ဆိုရင် အပေါ်တထပ်မှာ နေလို့ရတယ်ပေါ့။ တချို့ တထပ်အိမ်လေးတွေကတော့ အကုန်လုံး ခေါင်ပဲပေါ်တာပေါ့။ တချို့ကလည်း နေဖို့မရှိတဲ့အတွက် ဘုန်းကြီးကျောင်းမှာ စုပြီးတော့နေတယ်ပေါ့။"

ရေဘေးဒဏ်ကြောင့် ရှမ်းပြည်နယ်မှာ ရေကြီးမြေပြိုပြီး၊ တချို့နေရာတွေမှာ အသေအပျောက်လည်း များခဲ့တယ်လို့ သိရပါတယ်။ အင်းလေးမှာတော့ ရေပြင်မှာနေထိုင်တဲ့ ဒေသခံတွေအတွက် လူထိခိုက်မှု မရှိပေမယ့် အခုချိန်မှာ စားစရာ၊ စောင်နဲ့ သောက်ရေသန့်အပြင် စက်သုံးဆီ ဒါတွေလိုအပ်နေတယ်လို့ ပြောပါတယ်။

"တအားဝေးလံတဲ့ နေရာတွေကျတော့ အလှူရှင်တွေက တချို့ကကျတော့ ရေကြောက်ကြတယ်လေ။ အဲဒါကြောင့် မသွားရဲကြဘူးပေါ့။ အင်းထဲကတော့ ဒီလိုရေမြုပ်ပြီဆိုမှတော့ ဘာမှသွားလို့ မရတော့ဘူးလေ။ လမ်းပေါ်မှာဆိုရင် ရေက ရင်ဘတ်လောက် ရှိတယ်ဗျ။ အင်းထဲကတော့ ရေတွေလှေတွေ ကျွမ်းတယ်ဆိုတော့ ရေတက်လာတော့ အသေအပျောက်တော့ သိပ်မရှိဘူးပေါ့နော်။ အခက်အခဲက စားဝတ်နေရေးပေါ့နော်။"

နိုင်ငံတဝန်းလုံး အနေအထားမှာ ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦးနဲ့၊ ပျောက်ဆုံးသူ ၇၇ ဦး ရှိထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ကတော့ နေပြည်တော်၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေးနဲ့ မန္တလေးအပြင် မွန်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့နဲ့ တောင်ပိုင်း အပါအဝင် မြို့နယ်ပေါင်း ၅၉ ခုမှာ လူပေါင်း ၆ သိန်းကျော်ဟာ ရေဘေးဒဏ် သင့်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG