သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကိုထိုးနှက်ဖို့ အမေရိကန်က NUG ကို ထောက်ပံ့နေတယ်ဆိုတဲ့ စစ်ကောင်စီစွပ်စွဲချက် အချက်အလက်မှားယွင်းနေ


ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး ဘေးပန်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဟာ လာအို၊ ထိုင်းနဲ့ မြန်မာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံခဲ့။ ချင်းမိုင်မြို့၊ ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး ဘေးပန်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဟာ လာအို၊ ထိုင်းနဲ့ မြန်မာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံခဲ့။ ချင်းမိုင်မြို့၊ ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။
စစ်ကောင်စီပြန်ကြားရေး

စစ်ကောင်စီပြန်ကြားရေး

MNDAA နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူတို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ပြီး မြန်မာအစိုးရအား တိုက်ခိုက်သည်။ NUG သည် အမေရိကန်၏ အထောက်အပံ့ကို နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ခန့် ရရှိနေသည်။ အမေရိကန်မှ မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင် နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ ခန့်ကို သုံးစွဲနေသည်မှာ ထင်ရှားသည်။ မြန်မာ့ပြည်တွင်းရေးကို အမေရိကန်က ထိုသို့ ငွေကုန်ခံဆောင်ရွက်နေခြင်းမှာ မြန်မာနိုင်ငံအတွင်း အမေရိကန်၏ အကျိုး စီးပွားများရှိ၍မဟုတ်ပေ။ ၎င်းတို့၏ အဓိကပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံအား ထိုးနှက်နိုင်ရန်သာ ဖြစ်သည်။

ဒါက အထင်အမြင်မှားစေပါတယ်။

MNDAA ၊ TNLA တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေးမဟာမိတ်ဖွဲ့ပြီး အမေရိကန်အထောက်အပံ့နဲ့ မြန်မာအစိုးရကို တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ (၂၆) ရက်မှာ စွပ်စွဲပြောဆိုပါတယ်။ အဲ့ဒီ စွပ်စွဲမှုအတွင်းမှာ အမေရိကန်အနေနဲ့ အဓိကပြိုင်ဘက် တရုတ်နိုင်ငံကို ထိုးနှက်ရန်အတွက် မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင် နှစ်စဉ် ဒေါ်လာ သန်း (၂၀၀) ခန့် သုံးစွဲနေတယ်လို့လည်း ထည့်သွင်းပြောဆိုထားပါတယ်။

ဒါက အထင်အမြင်မှားစေပါတယ်။

MNDAA ၊ TNLA တို့အနေနဲ့ အမေရိကန်နိုင်ငံ အထောက်အပံ့ယူထားတဲ့ NUG နဲ့ စစ်ရေးအရပူးပေါင်းပြီး စစ်အစိုးရကို တိုက်ခိုက်နေတယ်လို့ အခုလို စွပ်စွဲမှုမတိုင်မီ စက်တင်ဘာလ (၁၈) ရက်နေ့မှာ MNDAA ရဲ့ လူမှုကွန်ရက်စာမျက်နာကနေ စက်တင်ဘာလ(၄)ရက်နေ့စွဲနဲ့ ထုတ်ပြန်လာတဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းမှာမဟုတ်သလို NUG နဲ့ စစ်ရေးနိုင်ငံရေး ပူးပေါင်းမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုထားပါတယ်။ ဒီအပေါ်မှာ NUG ဘက်က မှတ်ချက်ပြုပြောဆိုခြင်းတော့ မရှိပါဘူး။

MNDAA ထုတ်ပြန်ချက် ဖတ်ရှုရန် -

စစ်ကောင်စီရဲ့ စွပ်စွဲပြောဆိုမှုအတွင်းမှာ အမေရိကန်အစိုးရအနေနဲ့ တရုတ်နိုင်ငံကို ထိုးနှက်တိုက်ခိုက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ပံ့ဖို့ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း (၂၀၀) ခန့် သုံးစွဲနေတယ်လို့ ပြောဆိုထားပေမယ့် ထုတ်ပြန်မှုအတွင်းမှာ တိကျတဲ့ အထောက်အထားတစုံတရာထည့်သွင်းထားခြင်းမရှိတာကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အပံ့ပေးဖို့ ပြဌာန်းချက်တွေပါဝင်တဲ့ Burma Act ကို အမေရိကန်လွှတ်တော်က ပြဌန်းခဲ့ပါတယ်။ အဲ့ဒီပြဌန်းချက်အတွင်းမှာ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးအဆုံးသတ်ဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ကူညီဖို့ အပါအဝင် လူသားခြင်းစာနာမှုအကူအညီများအတွက် အမေရိကန် ဒေါ်လာ သန်း ၁၃၀ ကျော် ကူညီဖို့ အမေရိကန် ဖက်ဒရယ်အစိုးရ အသုံးစရိတ်မှာ ထည့်သွင်းဖို့ ဆုံးဖြတ်ချက်တွေပါဝင်ပါတယ်။ အမေရိကန်လွှတ်တော်က ပြဌန်းခဲ့တဲ့ Burma Act အတွင်းမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အကူညီပေးရာမှာ လူကိုသေစေနိုင်ခြင်းမရှိတဲ့ အကူအညီတွေပေးအပ်သွားဖို့ဆိုတဲ့အချက်ပါတာကို တွေ့ရပါတယ်။

၂၀၂၁ ခုနှစ်ကနေ စတင်ပြီး ၂၀၂၃ ခုနှစ် နှစ်စပိုင်းအထိ အမေရိကန်က မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်လာ သန်း (၂၅၀) ကျော်ကူညီပေးထားပြီး မြန်မာပြည်တွင်းနဲ့ ပြည်ပမှာ ခိုလုံနေကြသူတွေအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း (၄၀၀) ကျော်ပေးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာ ပြောဆိုထားပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်အတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အချိန်ကာလအတွင်းမှာ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဆူလီဗန် ၊ USAID မှ ချီဖာ တို့က NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ Online ကနေ တွေ့ဆုံဆွေးနွေးပြီး စစ်ကောင်စီကို တော်လှန် တိုက်ခိုက်ဖို့အတွက် အထောက်အပံ့နဲ့ အကူအညီများကိစ္စဆွေးနွေးတာနဲ့ မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းစေရန် ကြိုးပမ်း လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲမှုမှာ အချက်အလက်အားဖြင့် မှားယွင်းမှုတွေ ပါရှိနေတာကိုတွေ့ရပါတယ်။ ဩဂုတ်လ ၁၆ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေး Tom Sullivan နဲ့ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID လက်ထောက် စီမံခန့်ခွဲရေးမှုး Michael Schiffer တို့ကအမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသားတပ်ဦး CNF တို့နဲ့ online ကနေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာရေးသားထားတဲ့ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးပါဝင်မရှိဘဲ အချက်အလက်အားဖြင့် လွဲချော်နေတာတွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေကိုလေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်နေတာကြောင့် အမေရိကန် အနေနဲ့ လေကြောင်းရန်အသိပေးနည်းပညာနဲ့စနစ်တွေနဲ့ လူကိုသေစေနိုင်ခြင်းမရှိတဲ့ အကူအညီများ ခပ်မြန်မြန်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုခဲ့ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဗီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုက NUG ကို ထောက်ပံ့ပေးထားပြီး မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်စေရေးလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက စွပ်စွပ်ပြောဆိုထားသလို MNDAA ၊ TNLA အဖွဲ့များက NUG ရဲ့ လက်ဝေခံအဖွဲ့အစည်းများဖြစ်တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံအများစုက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျောက်ဖို့ တွန်းအားပေးနေပြီး အာဆီယံဘုံသဘောတူညီချက် (၅)ကို ထောက်ခံထားတာတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့က နိုင်ငံခြားရေးဝန်ကြီးများရဲ့ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်မြောက်ခြင်းအပေါ် ပူးတွဲထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်အတွင်းမှာတော့ မြန်မာနိုင်ငံကို အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်တစ်ခုဆီသို့ ကူးပြောင်းနိုင်ရေးအတွက် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဖို့၊ အာဆီယံကိုယ်စားလှယ်များနဲ့ အဓိပ္ပါယ်ပြည့်ဝပြီး အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုများပြုလုပ်ဖို့ စစ်အာဏာရှင်အဖွဲ့အစည်းကို တောင်းဆိုကြောင်း ထည့်သွင်းဖေါ်ပြထားတာတွေ့ရပါတယ်။

MNDAA နဲ့ TNLA အဖွဲ့အစည်းတို့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လက်ဝေခံများဖြစ်ကြတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပေမယ့် အချက်အလက်အားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလ (၁၆) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ MNTJP/MNDAA ကို ၁၉၈၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်နဲ့ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာခဲ့တာက ၂၀၁၅ ခုနှစ်မှာဖြစ်ပါတယ်။ PSLF/TNLA ကို ၁၉၉၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ပြီး ခုခံတွန်းလှန်စစ်ဆင်နွှဲဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှာ ကြေညာခဲ့ပြီး နိုင်ငံတဝန်း စစ်ကောင်စီနဲ့ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

MNDAA ၊TNLA၊ AA တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) တို့အနေနဲ့ နွေဦးတော်လှန်ရေးစတင်ချိန်မှာ ထင်ထင်ရှားရှားပါဝင်ခဲ့ခြင်းမရှိဘဲ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) မှာမှ ၁၀၂၇ စစ်ဆင်ရေးကို ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲများဖေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အတွင်းမှာ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကိုမြန်မာပြည်သူတွေက ထောက်ခံတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးနောက် စစ်ကောင်စီက အရှေ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ်နဲ့ လားရှိုးမြို့ကို MNDAA နဲ့ မဟာမိတ်တွေထံ လက်လွှတ်ခဲ့ရပါတယ်။ ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးကို တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားတယ်လို့ စစ်ကောင်စီထောက်ခံသူများနဲ့ စစ်ကောင်စီဝါဒဖြန့်ချိရေးတွေက စွပ်စွဲပြောဆိုကြခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မိန့်ခွန်းထွက်ပြောခဲ့ပြီး မိန့်ခွန်းအတွင်းမှာတော့ တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်း မီးကျောက်စက်ရုံများ တည်ထောင်ထားပြီး လက်နက်ခဲယမ်းတွေ ထုတ်လုပ်နေတယ်လို့ ပြောဆိုခဲ့သလို အဲ့ ဒီစက်ရုံတွေလည်ပတ်ဖို့ ငွေကြေးနဲ့နည်းပညာ အင်အားဘယ်နေရာကရရှိတာလဲဆိုတာကို ဆန်းစစ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီခေါင်းဆောင်ရဲ့ ပြောဆိုမှုအပြီး ဩဂုတ်လ (၆) ရက်နေ့မှာတော့ စစ်ကောင်စီထောက်ခံသူတွေက ရန်ကုန်နဲ့ နေပြည်တော်တို့မှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို တပြိုင်နက်ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးကို ထောက်ခံကြတဲ့ ပြည်တွင်းပြည်ပ မြန်မာပြည်သူများက တရုတ်နိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မချယ်လှယ်ဖို့၊ စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ခံပေးနေတာမလုပ်ဆောင်ဖို့ ပြည်တွင်းပြည်ပ ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက ထုတ်ပြန်လာတဲ့“တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ရပ်တည်ချက်နှင့် မြန်မာပြည်သူတို့၏ သဘောထား” ဆိုတဲ့ ထုတ်ပြန်ချက်မှာ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဆူလီဗန် ၊ USAID မှ ချီဖာ တို့က NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ Online ကနေ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းစေရန် ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ အချက်အလက်မှားယွင်းတဲ့ စွပ်စွဲမှုများပါဝင်နေပါတယ်။ဒါ့အပြင် အမေရိကန်အနေနဲ့ တရုတ်နိုင်ငံကို ထိုးနှက်နိုင်ဖို့အတွက် မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင် နှစ်စဉ် ဒေါ်လာ သန်း (၂၀၀) ခန့် သုံးစွဲနေတယ်ဆိုတဲ့ အထောက်အထားမပါတဲ့ စွပ်စွဲချက်တွေလည်း ပါဝင်နေတာကိုတွေ့ရပါတယ်

XS
SM
MD
LG