သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံနဲ့ NUG ဆက်ဆံရေး


NUG ယာယီသမ္မတ ဒူဝါလရှီးလ
NUG ယာယီသမ္မတ ဒူဝါလရှီးလ

NUG အစိုးရနဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ကြား ပူးပေါင်းပြီး အနာဂတ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဆောင်ရွက်နေတဲ့အပေါ် အိမ်နီးချင်းကောင်းနိုင်ငံအနေနဲ့ အပြည့်အ၀ထောက်ခံဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရုတ်အစိုးရကြား တရား၀င် ဆက်သွယ်တဲ့လမ်းကြောင်း မရှိသေးပေမဲ့ အမေရိကန်ကအစိုးရကတော့ NUG နဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေကို တွေ့ဆုံပြီး အကူအညီတွေ ဆက်လက်ပေးသွားမယ်လို့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံနဲ့ NUG ဆက်ဆံရေးနဲ့ ပတ်သက်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါရှင်။ ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်အတွက် NUG ကြားကာလ ညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် အရင်စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ် NUG တုံ့ပြန်ချက်ကို မေးမြန်းခဲ့ပါတယ်။


NUG သမ္မတကြီး ဒူဝါလရှီးလ ။ ။ ဝမ်ယီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သူတို့ရည်ရွယ်ချက် ဘာတွေဆိုတာကို အတိအကျ ဘာတွေဆိုတာကို ကျနော်တို့က ပြောလိုစိတ် မရှိပါဘူး။ တကယ်လည်း တိတိကျကျ ကျနော်တို့ မသိသေးတာကြောင့် အဲဒါကို မပြောချင်ပါဘူးလို့ပဲ ဖြေရှင်းပါတယ်။ NUG အစိုးရအနေနဲ့ နိုင်ငံအားလုံးနဲ့ မိတ်ဆွေရင်းခြားလိုပဲ ဆက်ဆံရေးကို ကြိုးစားဆောင်ရွက်နေပါတယ်။ ကြိုးစားဆောင်ရွက်နေဆဲလည်း ဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံဟာ အားလုံးသိတဲ့အတိုင်းပဲ ကီလိုမီတာ နှစ်ထောင်ကျော် နယ်နမိတ်ချင်း ဆက်စပ်နေတော့ မဆက်ဆံလို့မရတဲ့နိုင်ငံ ဖြစ်ပါတယ်။ အချင်းချင်း နားလည်မှုရှိဖို့ တဦးနဲ့တဦး ရိုင်းပင်ဖို့ အင်မတန်အရေးကြီးပါတယ်။ အိမ်နီးနားချင်းကောင်း တခုအနေနဲ့လည်း ရပ်တည်နေနိုင်ဖို့လည်း ကျနော်တို့လည်း အမြဲတမ်းလုပ်ဆောင်နေတယ်။ ကျနော်တို့ ပေါ်လစီအရလည်း အဲဒါကို သေချာချမှတ်ထားပြီး ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ တရုတ်က NUG အစိုးရနဲ့ ဆက်ဆံမှုတွေ ရှိနေပါသလား။

ဖြေ ။ ။ တရုတ်ရဲ့ ပေါ်လစီကတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ EROs တွေနဲ့ သိပ်ပြီးနီးနီးကပ်ကပ်နေတာတော့ သိပ်မကြိုက်တဲ့ပုံစံမျိုး ရှိတယ်ဆိုတာကို သိရပါတယ်။ ဒါကလည်း သူတို့က ကျနော်တို့ကို တရားဝင်ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ရိပ်မိတာပေါ့။ ဘာကြောင့်လဲဆိုတာတော့ မသိပါဘူး။ ကျနော်တို့အနေနဲ့ကတော့ ဖက်ဒရယ်ပြည်ထောင်စု အနေနဲ့ပဲ ရှိသင့်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူမျိုးပေါင်းစုံ ရှိတဲ့နိုင်ငံဖြစ်တဲ့အတွက် သူ့ရဲ့ဒေသနဲ့သူ လုပ်ပိုင်ခွင့်တွေ ရှိပြီးတော့ အချင်းချင်းတန်းတူရည်တူရှိတဲ့၊ တရားမျှတတဲ့ ဆက်ဆံမှုမျိုးနဲ့ ရှိသင့်တဲ့နိုင်ငံ၊ ပြည်ထောင်စုအနေနဲ့ ခိုင်ခိုင်မာမာ ရှိသင့်တဲ့ နိုင်ငံ ကွဲပြဲသွားမှာကိုလည်း ကျနော်တို့က မလိုချင်ပါဘူးဆိုတော့ အားလုံးက ညီညီညွှတ်ညွှတ်နဲ့ လေးလေးစားစားနဲ့ ဆက်ဆံတဲ့ ခွဲခြားမှုမရှိတဲ့ ပြည်ထောင်စုနိင်ငံ တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။ အဲဒါကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံလည်း သဘောပေါက်ပြီးတော့ အဲဒါကို ထောက်ခံပေးရင်တော့ ကောင်းတယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်။ ဒါမှသာလျှင် ကျနော်တို့ နှစ်ပေါင်း ၇၀ လောက် ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခက ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ တရုတ်ပြည်ထောင်စု သမ္မတနိုင်ငံနဲ့ ကမ္ဘာသူကမ္ဘာသားအားလုံးကို ကျနော်တို့ ရည်မှန်းထားတဲ့ လိုချင်တဲ့ပုံစံ ငြိမ်းချမ်းတဲ့နိုင်ငံ တည်ထောင်ဖို့ကို အားလုံးကို သိစေချင်ပါတယ်။

မေး ။ ။ အခုဆိုရင် စစ်ကောင်စီ ဥက္ကထ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ဟာမျိုး သူ့ရဲ့ မိန့်ခွန်းတိုင်းမှာ ထုတ်ဖော်ပြောဆိုထားတာလည်း ရှိတယ်။ နောက်ပြီးတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီနဲ့ တွေ့ဆုံဆွေနွေးရတဲ့အခါမှာလည်း သူတို့စစ်ကောင်စီက သွားမယ့် ရွေးကောက်ပွဲပေါ်မှာ တရုတ်ကထောက်ခံမှု့ ရှိတယ်ဆိုပြီးတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။ အဲ့ဒီတော့ စစ်ကောင်စီကသွားမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို တရုတ်အပါအဝင် နိုင်ငံတကာသဘောထားအပိုင်း NUG ရဲ့ ရပ်တည်ချက် ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့အနေနဲ့တော့ ရွေးကောက်ပွဲဆိုတာ သူတို့အတွက် ထွက်ရပ်တခုအနေနဲ့ ထွက်ရမယ့် ထွက်လမ်းပေါ့ Exit Strategy အနေနဲ့ သူတို့ သုံးပါတယ်။ ဒါပေမယ့် စဥ်းစားကြည့်စေချင်ပါတယ်။ အင်မတန်မှ ကမ္ဘာကလည်း ထောက်ခံပြီးတော့ တော်တော့်ကို တရားမျှတတယ်ဆိုတဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ‌အောင်မြင်စွာ ပြီးဆုံးပြီး လူထုကိုလည်း တကယ်ပဲ အားဏာအပ်ထားပြီး ဖြစ်ပါတယ်။ အဲ့ဒါကို စစ်ကောင်စီကပဲ ဒါကို ဖျက်သိမ်းပစ်လိုက်တယ်။ ဆိုတဲ့အခါကြတော့ သူက အခုထပ်ပြီး လုပ်မယ်ဆိုတော့က ဘယ်လို ပေတံနဲ့ တိုင်းပြီးတော့ ဒါက တရားမျှတတယ်လို့ လူထုက လက်ခံနိုင်တယ်လို့ ပြောလို့ရမှာလဲ။ စဥ်းစားကြည့်တဲ့အခါ ဘယ်လိုမှ လက်မခံနိုင်ဘူး။ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံရဲ့ မြို့နယ်ပေါင်း မြောက်များစွာက တော်လှန်ရေးအဖွဲ့တွေရဲ့ လက်ထဲမှာ ရှိနေပြီ။ ဆိုတဲ့အခါကြတော့ သူ့မှာ ကျနော်တို့ လေ့လာထားတဲ့ တချို့အချက်အလက်တွေအရဆိုရင် ၉၈ မြို့နယ်ပဲ သူ ထိန်းထားနိုင်တယ်။ ဒါတောင် နယ်တွေမပါသေးဘူး။ တော်လှန်ရေးလက်ထဲမှာတော့ ၂၀၀ ကျော်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ထိန်းထားပြီးဖြစ်ပါတယ်။ ဘယ်လိုမှ ရလဒ်ကောင်းကောင်း မရနိုင်တဲ့ ‌ရွေးကောက်ပွဲဆိုတာကတော့ ကမ္ဘာကလည်း လက်မခံသင့်ဘူး။ ကျနော်တို့ ပြည်သူလူထုကလည်း ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိဘူး။ ကျနော်တို့ လိုချင်တာက အာဏာရှင်ကို လုံးဝဖျက်သိမ်းလိုက်ပြီးတော့ ပြည်သူတွေကြိုက်တဲ့ ပြည်သူ့ဆန္ဒနဲ့အညီ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ဖို့ ကြိုးစားနေကြတာ။ ဒါကြောင့် တိုက်ပွဲဝင်နေကြတာ။ ဒါကြောင့်မို့လို့ အသက်တွေ စတေးခံနေကြတာ ဖြစ်ပါတယ်။ ဒီလို အတုအယောင်နဲ့ သွားလုပ်မယ်ဆိုရင်တော့ မထောက်ခံသင့်ဘူး။ ကမ္ဘာကလည်း မထောက်ခံသင့်သလို၊ ဘယ်သူမှလည်း မထောက်ခံသင့်ပါဘူး။

မေး ။ ။ မနှစ်က အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အစပိုင်းမှာဆိုရင် ညီနောင်မဟာမိတ် (၃) ဖွဲ့ဘက်ကကော၊ ဒီ NUG အစိုးရဘက်ကကော သူတို့ မဟာမိတ်တွေအဖြစ် ပူးပေါင်းဆောင်ရွက်ပါတယ် ဆိုတာမျိုးကို သူတို့ တရားဝင်ပေါ့နော် ထုတ်ဖော်ပြောဆိုချင်း မရှိဘူး။ တဘက်မှာတော့ ဒါက အရင်ထဲက တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG ဟာ ပူးပေါင်းလုပ်ဆောင်ခဲ့တာတွေ ရှိတယ်ဆိုတဲ့ ယေဘုယျ သဘောမျိုးပဲ ပြောဆိုလေ့ ရှိပါတယ်။ အခုတော့ ဒီ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ကို စတင်တဲ့အချိန်မှာ ညီနောင်မဟာမိတ်တွေ MNDA တို့ နောက်တခါ TNLA တို့ကလည်း တရားဝင် ပြောထားပါတယ်။ သူတို့ အခုဆိုရင် ဒုတိယအပိုင်းက နွေဦးတော်လှန်ရေးနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်တာဖြစ်တယ်။ အကောင်အထည်ဖော်နေတာ ဖြစ်တယ်ဆိုပြီး ပြောထားတဲ့အခါကြတော့ NUG ဘက်ကရော ရှမ်းမန်း စစ်ဆင်ရေးဆိုပြီးတော့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ တဆက်တဆက်ထဲ ဖြစ်နေတယ်ဆိုတာမျိုးလည်း ပြောဆိုထားတာရှိတဲ့အခါမှာ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့အပိုင်းကို တရားဝင် အခုထုတ်ဖော်ပြောဆိုတဲ့ သမ္မတကြီးရဲ့ ပြောဆိုချက်ကို ကြည့်ရအောင်ပါ။

ဖြေ ။ ။ ဟိုးအရင်တုန်းက အင်တာဗျူးတွေမှာလည်း ပြောခဲ့ပါတယ်။ ကျနော်တို့ မချိတ်ဆက်တဲ့ တော်လှန်ရေးအဖွဲ့တွေ မရှိပါဘူး။ အားလုံးနဲ့ ကျနော်တို့ ချိတ်ဆက်ပါတယ်။ တချို့နဲ့က ‌‌‌ဗြောင်ဆက်ဆံပါတယ်။ တချို့ကတော့ ဗြောင်မဟုတ်ဘဲနဲ့ အတွင်းထဲက ဆက်သွယ်ပြီး အတူတကွ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးတုန်းကလည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်အချင်းချင်း အသိပေးပြီးတော့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာမျိုးပုံစံနဲ့လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲဖြစ်တဲ့ Wave 2 ခေါ်တာပေါ့နော်။ အခု ဇွန်လကနေ စတင်တာ အဲ့ဒါလည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ စစ်ကောင်စီကို အမြန်ဖြုတ်ချရေးမှာ နိုင်ငံသားအားလုံးက စုစည်းဖို့ လိုပါတယ်။ ဒါကြောင့်မို့ အင်အားအားလုံးက ပူးပေါင်းဆောင်ရွက်နေဖို့ ကျနော်တို့အနေနဲ့ အလိုရှိတယ်။ ဒါကြောင့်မို့ အင်အားအားလုံးနဲ့ ထိတွေ့ပြီးတော့ ကျနော်တို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်ပိုင်းမှာ တပ်ပိုင်းဆိုင်ရာတွေကတော့ တော်တော်များများ ထိတွေ့ပြီးတော့ သူတို့စီမံချက်တွေကို အသိပေး ပူးပေါင်းဆောင်ရွက်နေတာမျိုး ရှိပါတယ်။

မေး ။ ။ အဲ့ဒီလို ပူးပေါင်း‌ဆောင်ရွက်တဲ့အခါမှာ အခက်အခဲတွေပေါ့ - NUG ရဲ့ အဓိက စိန်ခေါ်မှု့ အခက်အခဲ အခု စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲတွေက ဘာတွေရှိပါလဲရှင့်။

ဖြေ ။ ။ အခက်အခဲတွေကတော့ အများကြီးပေါ့။ ဘယ်သူက ဒါတွေကို တာဝန်ပေးပေး၊ မပေးပေး NUG အစိုးရဟာ အမျိုးသားညီညွတ်ရေးအစိုးရဆိုတော့ ဗဟိုကနေ Center သဘောမျိုး တာဝန်ယူရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ NUG အစိုးရမှာလည်း ငွေရေးကြေးရေး ဘဏ္ဍာရေးတွေကအဆင်မပြေ၊ နိုင်ငံခြားကလည်း ကျနော်တို့ ကူညီဖို့တော့ အမြဲတမ်းပြောပေမယ့် ဘယ်သူမှလည်း မကူညီဘူး။ ဒါပေမယ့်လည်း တာဝန်ယူရမှာတော့ အင်မတန်ကြီးမားပါတယ်။ ဘာလို့ဆို ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် အဓိက တာဝန်ရှိတာကလည်း NUG အစိုးရ ဖြစ်ပါတယ်။ တိုင်းရင်းသား အခြားအဖွဲ့တွေကလည်း အားလုံး ဒါကို ဝိုင်းပြီးတော့ လုပ်မှသာလျှင် နိုင်ငံတကာက ပညာရှင်တွေပြောတဲ့ Balkanization ဖြစ်သွားမယ်ဆိုတာကို မဖြစ်သွားရအောင် ကျနော်တို့က ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရှေ့ခေတ်လူကြီးတွေက အမြင်ကျယ်ကျယ်နဲ့ စုစည်းခဲ့တဲ့ နိုင်ငံအဖြစ် ထူထောင်တည်ထောင်ခဲ့တာ ကျနော်တို့ လက်ထက်ရောက်မှ ပြိုကွဲပျက်ပြားတာကို မလိုချင်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ အဓိကတော့ တော်လှန်ရေးအဖွဲ့အားလုံးနဲ့တော့ ချိတ်ဆက်၊ ကျနော်တို့ စိန်ပြေနပြေ မကူညီနိုင်တာတော့ ကျနော်တို့ အခက်အခဲပေါ့နော်။ အထူးသဖြင့် လက်နက်ဆို ပိုဆိုး‌ရော။ ငွေကြေးတောင် ကောင်းကောင်း မကူညီနိုင်တာ။ အဲ့ဒီလိုမျိုး မကူညီနိုင်လို့ တကမ္ဘာလုံးက အလိုက်သိများ ကူညီနိုင်မယ် ဆိုရင်တော့ ကျနော်တို့ရဲ့ တော်လှန်ရေးက ပိုပြီးအဆင်ပြေနိုင်ပြီးတော့ အခုလို လူတွေ သေကြေပျက်စီးပြီး ရစရာ မရှိအောင် ဗုံးကြဲတဲ့ဟာတွေကနေ ကျနော်တို့ လိုက်ပြီးကာကွယ်နိုင်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဘဲ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံနဲ့‌ နောက်ပြီး USAID က တာဝန်ရှိအရာရှိတွေက NUG အစိုးရအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့ အဲ့ဒီဘက်မှာလည်း အမေရိကန်ဘက်က ပံ့ပိုးကူညီပေးမယ့်အပိုင်းတွေကိုလည်း ထည့်သွင်းဆွေးနွေးတာတွေလည်း ရှိနေတဲ့အခါမှာ အခု နွေဦးတော်လှန်ရေး၊ နောက်တခါ မြန်မာ့ဒီမိုကရေစီရေး၊ အထူးသဖြင့် နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ဘက်က သူတို့ မြန်မာပေါ် ထောက်ပံ့မယ်ဆိုတဲ့ ပေးထားတဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်တဲ့အဆင့်တွေကို သမ္မတကြီးအနေနဲ့ ဘယ်လို အကဲဖြတ်ပါလဲရှင့်။

ဖြေ ။ ။ အဲ့ဒီအစည်းအဝေးမှာလည်း တချို့ကတော့ ခပ်ပြောင်ပြောင်ပေါ့ ဆွေးနွေးကြတဲ့ ခေါင်းဆောင်တွေလည်း ရှိပါတယ်။ အထူးသဖြင့် ဗီယက်နမ်မှာ တွေ့ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မရှင်းမလင်း ဖြစ်နေတဲကိစ္စတွေကိုလည်း ဆွေးနွေးပြီး မေးခဲ့ကြပါတယ်။ အမေရိကန်ဘက်ကတော့ သူတို့ရဲ့ မူဝါဒကို မပြောင်းပါဘူး။ သူတို့ရဲ့ မူဝါဒဖြစ်တဲ့ ဒီမိုကရေစီ အပြောင်းအလဲကိုပဲ ထောက်ခံနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်နည်းကိုင်နည်းတွေကတော့ အမျိုးမျိုး ရှိမှာပေါ့။ ဒါပေမဲ့ တချို့ကတော့ လူသိမခံဘဲနဲ့လုပ်တာ ရှိတယ်။ တချို့ကတော့ လူသိခံပြီး လုပ်တာရှိတယ်စသဖြင့် ဆိုတဲ့အကြောင်းတွေ ပြောပါတယ်။ အဲ့ဒီဆွေးနွေးပွဲကတော့ တော်တော်ကို အားကောင်းပါတယ်။ ကျနော်တို့ဘက်က NUG တင်မကဘူး NUCC အဖွဲ့ဝင်တွေ K3C အဖွဲ့ဝင်တွေဖြစ်တဲ့ KNPP, KNU, CNF တို့စသဖြင့် နောက်အမျိုးသမီးအဖွဲ့တွေနဲ့ တော်တော်စုံစုံလင်းလင်း ပါဝင်ပြီးတော့ ဆွေးနွေးတာ ဖြစ်ပါတယ်။ Topic တွေကတော့ တော်တော်စုံတယ်။ အဲ့ဒီမှာ ကျနော်တို့အဓိက ကျနော့်အနေနဲ့ အဓိကဆွေးနွေးတာကတော့ အခုဖြစ်ပေါ်နေတဲ့ တော်လှန်ရေးမှာ စစ်ကောင်စီက လူမှု့ အသိုင်းအဝိုင်းအားလုံးကို ဖျက်စီးနေတာ ရက်ရက်စက်စက်ကို လုပ်နေတာတွေ ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ လက်တလော လိုအပ်တာတွေကို ကျနော်တို့ မြန်မြန်ကူညီပေးဖို့ တောင်းခဲ့ပါတယ်။ အဲဒါက ပြည်သူလူထုတွေကို လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေကို ကာကွယ်နိုင်ဖို့။

Early Warning System တွေ ပေးဖို့။ နောက်တခါ Non-lethal နဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ တတ်နိုင်သလောက် မြန်မြန်လေးပေးဖို့ အကြောင်းတွေကို ကျနော်တို့ လိုအပ်ပါတယ် ဆိုတဲ့အကြောင်း။ နောက်တခါ ပညာရေးတို့ ကျန်းမာရေးတို့ဆိုတာ ရပ်ထားလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ သူကတော့ ချိုးဖျက်နေတဲ့အတွက်ကြောင့် အဲ့ဒီဘက်တွေကို ချိတ်ဆက်ပြီးတော့ အမြန်ဆုံးကူညီပေးဖို့။ ဖြစ်နိုင်ရင် စစ်ကောင်စီကနေ ဘယ်လိုမှ မသွားဘဲနဲ့ သူတို့ရဲ့ သာမန်ရိုးကျ USAID ကနေ လုပ်နေတဲ့ Rules တွေ သိပ်ပြီးပြင်းထန်တဲ့ ခက်ခဲတဲ့ဟာတွေကို တချို့ Lift လုပ်ပေးဖို့၊ ဒါမှသာ လူထုဆီကို အမြန်ရောက်မှာဆိုတဲ့အကြောင်း ကျနော်တို့မှာ CSO တွေ အများကြီးရှိတယ်။ ERO တွေ ရှိတယ်။ သူတို့တွေနဲ့ ချိတ်ဆက်ပြီး ပေးနိုင်ရင်ဆိုတဲ့အကြောင်းတွေကို ကျနော်တို့ တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။ အဲ့မှာတချို့ ERO တွေနဲ့ ဆွေးနွေးတာတွေလည်း တော်တော်ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးပါတယ်။ နောက်တခါ ကျနော်တို့ ကျနော်တို့ Transitional Period Arrangement ဘယ်လို ပြင်ဆင်ထားပါတယ်။ ဆိုတော့ အားလုံးအဆင်သင့်ပါပဲနော်။ တကယ်လို့ စစ်ကောင်စီ ဖယ်ရှားပြီးတာနဲ့ ကျနော်တို့က ပူးတွဲဆောင်လုပ်မယ့် အလုပ်တွေ အမြောက်အမြားကြီး ရှိတယ်။ အခုကနေ စောင့်နေစရာ မလိုပါဘူး။ အခုကနေစပြီးတော့ လုပ်နေရမှာ ဖြစ်တယ်။ နောက် Burma Act အပေါ်မှာလည်း မူတည်ပြီးတော့ တချို့ခေါင်းဆောင်တွေက ဆွေးနွေးကြတယ် စသဖြင့် တော်တော်စုံစုံလင်လင် ဆွေးနွေးကြတယ်။ အဲ့ဒီတော့ အမေရိကန်ကလည်း Respond လုပ်ပါတယ်။ သူတို့ကတော့ ဒီမှာဆွေးနွေးတာတွေကို အားလုံးလက်ခံတယ်။ အားလုံး ကူညီဖို့ကို ကြိုးစားသွားမှာပါဆိုပြီးတော့ သူတို့အနေနဲ့ ပြန်ပြီးတော့ အဖြေပေးပါတယ်။ ဒါကြောင့်မို့လို့ တော်တော်ကို Productive ဖြစ်တဲ့ တော်တော်လက်တွေ့ဆန်တဲ့ ဆွေးနွေးပွဲ ဖြစ်တယ်ဆိုတာ ကျနော့်အနေနဲ့တော့ အဲ့ဒီလို သုံးသပ်ပါတယ်။

Forum

XS
SM
MD
LG